သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ရှင်တွေအပေါ် တင်းကျပ်တဲ့ စစ်ကောင်စီဥပဒေ ဝေဖန်ခံနေရ


ရန်ကုန်မြို့လူနတေိုက်ခန်းများ (ဓာတ်ပုံ-Reuters)
ရန်ကုန်မြို့လူနတေိုက်ခန်းများ (ဓာတ်ပုံ-Reuters)

(Zawgyi/Unicode)

အကြမ်းဖက်မှုနဲ့ ပတ်သက်နေသူတွေကို ခိုလှုံခွင့်၊ နေထိုင်ခွင့်ပေးထားတဲ့ အဆောက်အဦးတွေကို သိမ်းဆည်းမယ်လို့ စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အိမ်ရှင်တွေအနေနဲ့ အိမ်ငှားနေသူတွေနဲ့ ပတ်သက်တဲ့အကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို အသိပေးရမယ့်တာဝန်ရှိတယ်လို့ စက်တင်ဘာ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် အိမ်ရှင်တွေအတွက် ဘယ်လို အခက်အခဲဖြစ်နိုင်သလဲဆိုတာ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

နေအိမ်၊ တိုက်ခန်းတွေမှာ ဧည့်စာရင်းမတိုင်ဘဲ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုကျူးလွန်ရင် အဲဒီ နေအိမ်၊ တိုက်ခန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းခံရမှာဖြစ်သလို စစ်ဆေးပေါ်ပေါက်ရင် နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူမယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အိမ်ရှင်တွေအနေနဲ့ ကိုယ့်နေအိမ်၊ တိုက်ခန်းတွေကို ငှားတော့မယ်ဆိုရင် ငှားမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်၊ အထောက်အထားအပြည့်အစုံကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ဖို့နဲ့ သံသယဖြစ်စရာတွေ့ရင် သက်ဆိုင်ရာကို ချက်ချင်းသတင်းပေးဖို့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နေအိမ်၊ တိုက်ခန်းတွေမှာ နေထိုင်ပြီး အကြမ်းဖက်မှုကျူးလွန်တာတေ့ွရှိရင် နေအိမ်၊ တိုက်ခန်းပိုင်ရှင်မှာလည်း တာဝန်ရှိပြီး တည်ဆဲဥပဒေနဲ့ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။ စစ်ကောင်စီက သြဂုတ်လ ၁ ရက်နေ့က ပြင်ဆင်လိုက်တဲ့ အကြမ်းဖက်မှုဥပဒေအရ ခုလိုအရေးယူသွားမယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။

မန္တလေးမြို့နဲ့ ရန်ကုန်မြို့တို့က နေအိမ်တချို့မှာ သူတို့အဆို အကြမ်းဖက်သမားတွေ နေထိုင်စတည်းချပြီး လက်နက်ကိုင်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကိုလည်း စက်တင်ဘာ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ရဲတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တဲ့တိုက်ခိုက်မှု လုပ်ခဲ့သူတွေ ရန်ကုန်မြို့ နေအိမ်တွေ တိုက်ခန်းတွေမှာ ကာလတို ငှားရမ်းနေထိုင်ခဲ့ကြတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါမျိုးတွေနောက်ထပ်ဖြစ်မှာ ကာကွယ်ဖို့ အိမ်ရှင်တွေမှာ တာဝန်ရှိတယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်တဲ့အပေါ်တာမွေမြို့နယ်က တိုက်ခန်းပိုင်ရှင်တဦးကတော့ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

"သူတို့လုပ်ခိုင်းတာကို ကျမတို့ ဘယ်လိုလုပ်ပေးရမလဲ။ မဖြစ်ကိုမဖြစ်နိုင်တာကို သူတို့ကခိုင်းတာ။ လာဌားတဲ့သူတွေကို Aသချာစိစစ်ပြီးတင်တာပါပဲ။ တောက်လျှောက်ကြီးတော့ သူတို့ဘာလုပ်နေတယ် ဘယ်လိုလိုက်ကြည့်ရမလဲ။ တခုခုဖြစ်တယ်ဆို အိမ်လည်းသိမ်းခံရမယ် လူလည်းဖမ်းခံရမယ်။ နောက် သူတို့ကိုယ်ရေးအချက်အလက်ဖြည့်ရမယ်ဆိုတော့ ဘယ်လို ကိုယ်ရေးအချက်အလက် တောင်းရမှာလဲ။ တကယ်လုပ်မယ့်သူဆိုရင်ကော ဘယ်သူက တိကျပေးမလဲ။ ကျမတို့မှာ ခုအိမ်လည်း မဌားထားဘူး ဌားလည်းမဌားရဲတော့ဘူး။ မဖြစ်နိုင်တာလုပ်ခိုင်းတော့ ကျမတို့ဘာလုပ်ရမလဲမသိ စိတ်တွေလဲ ဆင်းရဲတယ်။"

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆုံးသတ်အောင် ခုခံတွန်းလှန်စစ်ပွဲ စတင်နေပြီလို့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၇ ရက်နေ့က ကြေငြာထားပါတယ်။ ဒီစစ်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တွန်းလှန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ အဲဒီခုခံတွန်းလှန်စစ်ပွဲစပြီလို့ ကြေညာထားချိန် ခုလို အိမ်ငှားသူတွေအပေါ် သတိပေးချက်ထုတ်တာနဲ့ပတ်သက်လို့ တရားလွတ်တော်ရှေ့နေတဦးက သူ့အမြင်ကို ခုလိုပြောပါတယ်။

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမှာကိုက အဲလိုလုပ်ရင် နိုင်ငံပိုင်သိမ်းမယ်ဆိုတာပါတယ်၊ ခုနောက်ပိုင်းကျတော့ သူတို့က PDF နဲ့ ပတ်သတ်တာတွေကို ၅၀၅-ကနဲ့ မဆွဲတော့ဘူး။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ စွဲတယ်။ ၅၂ နဲ့ဆွဲရင် အမှုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေပေါ့၊ တိုက်ခန်း အိမ်ခြံမြေ ကားတွေကို အကုန်နိုင်ငံပိုင်အနေနဲ့သိမ်းရတယ်။ အခန်းဌားတဲ့သူတွေကတော့ ကြားထဲကဆုံးရှုံးတာပေါ့။ နောက်တော့လည်း သူတို့ပြင်လိုက်သေးတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅၂ မှာ နောက်ထပ်ပြဌာန်းချက်တွေထပ်တိုးတယ်။ အဲထဲမှာဆို အားပေးတဲ့သူ ကူညီတဲ့သူ ကားဌားပေးတဲ့သူ လက်ခံထားသူ ဖွက်ပေးတဲ့သူ နောက်စည်းဝေးခန်းမ သုံးခွင့်ပေးတဲ့သူ အဲဒါတွေပါထပ်ထည့်ထားတာ။ ဆိုတော့ အဲဒါတွေပါ နိုင်ငံပိုင်သိမ်းဖို့ အစီအစဉ်ရှိတာပေါ့၊ တနည်းပြောရင် NUG နဲ့ PDF တို့ကို ရပ်တည်လို့မရအောင်လုပ်တာပါပဲ။"

သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တည်ဆဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ထပ်တိုးပြင်ဆင်ခဲ့ပြီး အဲဒီထဲမှာ အကြမ်းဖက်လုပ်ရပ်အတွက် ငွေကြေးထောက်ပံ့သူ၊ သတင်းပေးဖို့ပျက်ကွက်သူတွေကို ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဖြည့်စွက်ခဲ့ပါတယ်။

အကြမ်းဖက်အုပ်စုဖွဲ့စည်းဖို့နဲ့ အကြမ်းဖက်အုပ်စုတခုခုမှာ ပါဝင် လှုပ်ရှားဆောင်ရွက်တာ၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ရအောင် ထိန်ချန်တာ၊ ခိုလှုံပုန်းအောင်းခွင့်ပေးတာ၊ အဆောက်အအုံကို အသုံးပြုခွင့်ပေးတာ၊ ငွေကြေးထောက်ပံ့တာ ၊ တနည်းနည်းနဲ့ ကူညီတာ၊ စုဝေးခွင့်နဲ့ အစည်းအဝေးပြုလုပ်ခွင့်ပေးတာ၊ သယ်ယူပို့ဆောင်ရေး စီစဉ် ဆောင်ရွက်ပေးတာအပြင် အကြမ်းဖက်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာဖြစ်စေ တဦးဦးကိုပါဝင်စေဖို့ တိုက်တွန်းစည်းရုံး သိမ်းသွင်းတာ၊ ဝါဒဖြန့်တာနဲ့ စုဆောင်းတာတွေကို စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေထဲမှာ ပြောထားပါတယ်။

ရန်ကုန်မြို့အပါအဝင် မြို့တချို့မှာ စစ်ကောင်စီက ညဘက် ဧည့်စာရင်းစစ် ရှာဖွေတာတွေကိုလည်း မကြာခဏဆိုသလို လုပ်နေပြီး ဧည့်စာရင်းစစ်ချိန် ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။

..............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG