သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝဒေသခံ ၈၀ ကျော် AA ဖမ်းထားဆဲ


ချင်းပြည်နယ် ပလက်ဝဒေသ မြေပုံ
ချင်းပြည်နယ် ပလက်ဝဒေသ မြေပုံ

( Zawgyi/ Unicode )

ချင်းပြည်နယ် ပလက်ဝဒေသမှာ ဒီနှစ်ထဲ AA လက်နက်ကိုင်အဖွဲ့က ဒေသခံတွေကို မကြာခဏ ဖမ်းဆီးသွားခဲ့ပြီး အဲဒီထဲက ၈၂ ယောက်ပြန်မလွတ်သေးတဲ့ အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို အကြောင်းကြားထားတယ်လို့ ချင်းပြည်နယ် ဝန်ကြီးကပြောပါတယ်။

ချင်းပြည်နယ်အရပ်ဘက် အဖွဲ့တခုဖြစ်တဲ့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကတော့ AA ဘက်က ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အရပ်သား ၁၅ဦးထက်မနည်း ရှိတယ်လို့ အောက်တိုဘာလ ၂၀ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AAလက်နက်ကိုင်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အရပ်သား ၈၂ ဦးစာရင်းဟာ ပြည်နယ်အစိုးရက ပြောဆိုတာနဲ့၊ အရပ်ဘက်လူမှုအဖွဲ့တွေက ထုတ်ပြန်တာနဲ့မှာ ကွာဟမှုရှိနေပေမယ့်ပြည်နယ်အစိုးရကတော့ ရဲတပ်ဖွဲ့နဲ့ မြို့နယ်က အတည်ပြုထားတဲ့ စာရင်းတွေဖြစ်တာကြောင့် တိကျတယ်လို့ ဆိုပါတယ်။

AA လက်နက်ကိုင်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို အရင်က ပြန်လွှတ်ပေးတာမျိုးရှိပေမယ့် အခုခေါ်ဆောင်ခံရသူတွေဟာ လနဲ့ချီကြာနေပြီဖြစ်တာကြောင့် ဒေသခံတွေအတွက် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီလို့ ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

“လူထုကတော့ သူ့ဟာသူသွားလာနေကြမှာပဲလေ။ ဆိုတော့ လုံခြုံရေးအရ တပ်ကလည်း တာဝန်ယူတယ်။ ရဲကလည်း တာဝန်ယူတဲ့အပိုင်းမှာ အခု ဒီ AA ကတော့ ဒီလူထုကို မကြာမကြာ အဲလိုသူ့သဘောနဲ့သူ ကြိုက်သလိုခေါ်သွား၊ မလွှတ်ဆိုတာမျိုးက မကောင်းဘူး။ တချို့ဟာတွေကျတော့ သေဆုံး၊ ပျောက်ဆုံးလည်း ဖြစ်နိုင်တာပေါ့နော်။ တချို့က လုံးဝအဆက်အသွယ်မရဘဲနဲ့ ဒီတိုင်းပဲခေါ်ထားတာ လနဲ့ချီနေပြီဆိုတော့ ဒါမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့ ရေရှည်မှာလေ။ ကြာရင် နယ်မြေမှာက မအေးချမ်းတဲ့အပြင်ကို ဒါလူမျိုးရေးပြဿနာလေးတွေပါ ရှိနိုင်တယ်လို့ ကျတော်ကတော့ သုံးသပ်ပါတယ်ခင်ဗျ။ အဲဒါကြောင့် ဒီဟာမျိုး တဖက်သတ် လက်နက်ကိုင်ပြီး အနိုင်ကျင့်သလိုမျိုး ခေါ်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျတော်ပြောလိုပါတယ်ခင်ဗျ။”

ချင်းပြည်နယ်၊ ပလက်ဝဘက်မှာ လက်နက်ကိုင်အဖွဲ့ AA တခုတည်းသာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသခံတွေကိုယ်တိုင်ကလည်း သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ AA ဖြစ်ကြောင်းပြန်လည်လွတ်မြောက်လာသူတွေက ပြောပေမယ့် AA ဘက်ကတော့ ငြင်းဆိုထားပါတယ်။

ဗမာစစ်တပ်က သူတို့စစ်ကြောင်းနဲ့ တွေ့တဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သာဓကတွေ ရှိခဲ့ဖူးပြီး၊ အခုဖြစ်စဉ်မှာလည်း ဗမာစစ်တပ်လက်ချက်သာဖြစ်တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။

“ကျတော်တို့ဘက်က အဲလိုမျိုး ထိန်းသိမ်းထားတာ၊ ခေါ်ထားတာ ဘာမှမရှိဘူး။ ဆိုတော့ အဲဒါ ဗမာစစ်တပ်ဘက်က ခေါ်သွားတာပဲ ဖြစ်နိုင်တယ်။”

AA ကဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာ ဒေသခံလင်မယားနှစ်ယောက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က ဆိုပါတယ်။ အဲဒီလင်မယားနှစ်ယောက်ဟာ သူတို့ရွာဘက်မှာ AAဘက်က ချုံခိုတိုက်ခိုက်မှာကို သိသွားတာကြောင့် ယာယီထိန်းသိမ်းခံခဲ့ရတာလို့ KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

“ကျတော်တို့က သူတို့ကို ဘေးမသီ ရန်မခဘဲနဲ့ အခုလိုပဲ ပြန်လွှတ်ပေးဖို့အတွက် ကျတော်တို့က တောင်းဆိုတာပါ။ သူတို့မှာ အပြစ်မရှိဘဲနဲ့ ဘာမှမလုပ်ဘဲနဲ့ ပြန်လွှတ်ပေးပါဆိုတာ ကျတော်တို့က တောင်းဆိုတာပါ။”

တပ်မတော်နဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၄၀၀၀ ကျော်ရှိနေပြီး၊ ဒီလိုနယ်မြေ မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အခုလို ဒေသခံတွေကို AA လက်နက်ကိုင်က ဖမ်းဆီးထိန်းသိမ်းတာတွေနဲ့ စစ်တပ်ဘက်က နေ့ဝက်ခပေးပြီး ဒေသခံတွေကို စေခိုင်းမှုပြုနေတာတွေကို အစိုးရတာဝန်ရှိသူတွေ ကူညီဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေက လိုလားနေကြပါတယ်။

................

( Unicode )














ပလက်ဝဒေသခံ ၈၀ ကျော် AA ဖမ်းထားဆဲ
please wait

No media source currently available

0:00 0:03:01 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG