သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်းတော်ရွာ ပြည်သူ့ကာကွယ်ရေးစခန်း စီးနင်းတိုက်ခိုက်ခံရမှု ၁ ဒါဇင်ခန့်သေဆုံး


ကင်းတော်ရွာအနီး ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များထံမှ စစ်ကောင်စီ သိမ်းဆည်းရမိသော လက်နက်များကို ဖော်ပြထားစဉ်
ကင်းတော်ရွာအနီး ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များထံမှ စစ်ကောင်စီ သိမ်းဆည်းရမိသော လက်နက်များကို ဖော်ပြထားစဉ်

စစ်ကိုင်းမြို့ ဧရာဝတီမြစ်ဘေးက ကင်းတော်ရွာအနီးမှာရှိတဲ့ ဒေသခံကာကွယ်ရေး တပ်စခန်းတခုကို စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး အရပ်သား ၃ ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တွေ အများအပြားလည်း မီးရှို့ခံခဲ့ရပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ကင်းတော်ဘက်က နောက်ဆုံး အခြေအနေတွေကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ကင်းတော်ရွာအနီးက ဒေသခံကာကွယ်ရေး တပ်ဖွဲ့ စခန်းကို မနေ့ ဇွန် ၂၅ ရက် မနက် ဝေလီဝေလင်းအချိန်မှာပဲ စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။ မန္တလေးတိုင်း ငါန်းဇွန်းမြို့နဲ့ စစ်ကိုင်းမြို့ အစပ် ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့ ကင်းတော်ရွာကို စစ်တပ်က ရေလမ်းအတိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ အရပ်သား ၃ ဦး စုစုပေါင်း ၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ကိုင်းခရိုင် ဒေသခံကာကွယ်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဖြစ်တာက ၅ နာရီကျော်ကျော်လောက် ကျွန်တော်တို့ သေနတ်သံကြားရတာ ၅ နာရီကျော်ကျော်လောက် ကြားရတာ။ တိုက်ပွဲကတော့ သူတို့က ဝင်စီးတာပေါ့ Camp ကို အဲ့ Camp မှာက အားလုံးပေါင်း ၁၅ ယောက်။ ရဲဘော်က ၁၃ ယောက် ရဲဘော်အမျိုးသမီးက ၂ ယောက် ၁၅ ယောက် ကင်းတော်ရွာထဲကို ဝင်လာတော့ ရွာထဲမှာ တွေ့တဲ့ အမျိုးသား ၂ ယောက် အသတ်ခံရတာပေါ့နော်။ အားလုံးပေါင်း ၁၇ ယောက် နောက်ပြီး မြင်းဆည်(ရွာ) မှာက ၁ ယောက် အားလုံးပေါင်း ၁၈ ယောက် ဘော်ဒီရပြီးသား ၁၈ ယောက်ပေါ့နော်။ အကုန်လုံး အရှင်မိပြီးမှ ခေါင်းတွေပဲ ပစ်သတ်ထားခဲ့တာ။ ၂ ယောက်က မီးရှို့ထားခဲ့တယ်။”

လူမှုကွန်ယက် စာမျက်နှာမှာ ပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေအရ တချို့က လက်နောက်ပြန် ကြိုးတုပ်လျက် သေနတ်နဲ့ ပစ်သတ်ခံထားရပြီး မီးလောင်နေတဲ့ ရုပ်အလောင်းတွေလည်း တွေ့ရပါတယ်။ အရပ်သား တွေအပါအဝင် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၈ ဦး သတ်ဖြတ်ခံရပြီးနောက် ပျောက်ဆုံးနေသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အခုလို ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီးတဲ့နောက် ကင်းတော်ရွာနဲ့ လက်ပန်တောရွာက နေအိမ်အချို့ကိုပါ မီးရှို့ခံခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လက်ပန်တောရယ် ကင်းတော်ရယ် ကိုင်းပြင်ရယ် ၃ ရွာ အရှို့ခံရတယ်။ ရွာတွေက တရွာနဲ့ တရွာက်ဆက်နေတာ။ ဆက်နေပြီးမှ တရွာတည်းလို သူတို့ကနေတာဆိုတော့ ရွာလေးတွေက ဆက်တယ်။ အဲ့မှာ ၅ ရွာ ၆ ရွာပေါင်းရှိတယ်။ ၆ ရွာပေါင်းရှိတဲ့အခါ အရင်ကလည်း သူတို့ဆီမှာ မီး ၂ ခါ ၃ ခါ ရှို့ဖူးတယ်။ ပြည်သူတွေက အဲ့ကတည်းက ဆိုင်ရာ ဆိုင်ရာတွေ ပြောင်းရွှေ့နေရတာရှိတယ်။ အခုလိုဖြစ်တော့ ပြည်သူတွေက အမြဲတစေ အဲ့ရွာတွေမှာ မရှိဘူး။ နဂိုကတည်းက တခြးမြို့ တခြားရွာတွေမှာ ပြောင်းနေကြတာ ရှိတယ်။ လူဦးရေက သူတို့ဆီက များတယ်။ နီးနီးစပ်စပ်တော့ မခန့်မှန်းတတ်ဘူး။”

လတ်တလော စာရင်းကောက်ယူ ရထားတဲ့ စာရင်းတွေအရ လက်ပံတော ကျေးရွာက နေအိမ် ၁၈၀ နီးပါး လောင်ကျွမ်းပြီး အင်းတောနဲ့ ကိုင်းပြင်က နေအိမ်အချို့လည်း မီးရှို့ခံရတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အခုနှစ် မတ်လထဲမှာပဲ ကင်းတော် ရွာနဲ့ ၂ မိုင်ခွဲလောက်သာ ဝေးတဲ့ တာတိုင်ကျေးရွာမှာလည်း ကျေးရွာ လုံခြုံရေးခေါင်းဆောင် အပါအဝင် အရပ်သား ၁၅ ဦး လည်း အလားတူ သတ်ဖြတ်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG