သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုတွေကြောင့် ပုလဲဒေသခံထောင်ချီ တိမ်းရှောင်


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကျေးရွာတချို့ မီးရှို့ခံရ
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကျေးရွာတချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတဲ့အတွက် ဒေသခံ ၅၀၀၀ လောက်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ တဘက်မှာလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး မဆုမွန်က တင်ပြပေးပါမယ်။

ဇွန်လ ပထမအပတ်ထဲမှာ ပုလဲမြို့နယ်နဲ့ ၄ မိုင်အကွာက စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေး အဖွဲ့တွေက ၃ ရက် ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ပြီးချိန်မှာ စစ်တပ်က ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲပြီး အနီးနားက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်နေတာ ဖြစ်ပါတယ်။

အခုလို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ဇီးဖြူကုန်းကျေးရွာ အနီးမှာရှိတဲ့ ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။ ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပုလဲပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“စစ်တပ်စစ်ကြောင်းထိုးတာ ၁၅ ရက်လောက်ရှိပြီ၊ ကြာပြီနော် သူတို့ရောက်နေတာ။ အခုတိမ်းရှောင်နေရတဲ့ အနေအထားကတော့ အဲ့ ပျူရွာနဲ့ ဇီးဖြူကုန်းနဲ့နီးတဲ့ ပတ်ပတ်လည်ရွာတွေက ၄-၅-၇ ရွာလောက်တော့ရှိမယ်။ ၇ ရွာကို ၅၀၀၀ ကျော်လောက်ရှိမယ်။ အကုန် တိမ်းရှောင်နေကြတယ်။ တချို့က ရွာစောင့်လေး ၁ ယောက် ၂ ယောက်၊ ကိုယ့်အိမ်ကိုယ် စောင့်တာလည်းရှိတယ်။ စစ်ကြောင်းထိုးပြီဟေ့ဆို ပြေးရပြန်ပြီ။ ပျူက စစ်ကြောင်းထိုးလာမယ့် ဝေးတဲ့ရွာတွေကို ပတ်ပြီးတော့ တိမ်းရှောင်နေကြတယ်။ စားဝတ်နေရေးအခက်အခဲက သူတို့ ယူသွားတဲ့ဟာလေးတွေ ချက်ပြုတ်စားသောက်ရတယ်။ တခါတလေ စစ်ကြောင်းထိုးလာပြီဆိုရင်တော့ မချက်နိုင်ဘူး။ ဘေးနည်းနည်းဝေးတဲ့ရွာတွေက ချက်ပြုတ်ပြီး ပို့တာတွေလည်းရှိတယ်။ တခါတလေလည်း မပို့တာတွေလည်းရှိတော့ ငတ်တာပေါ့ဗျာ။”

စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်ပြည်သူများ (မေ၊ ၂၀၂၃)
စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်ပြည်သူများ (မေ၊ ၂၀၂၃)

ဇီးဖြူကုန်းကျေးရွာအနီးက မင်းတိုင်ပင်၊ နှောကန်၊ ငှက်ပျောတော ခေါ်သန္တီ စတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်တပ်နဲ့စစ်ကြောင်းနဲ့ လွတ်ကင်းရာ နေရာတွေကို တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ အခုလို ဒေသခံတွေ တိမ်းရှောင်နေချိန်မှာ ပျူစောထီးတွေဟာ တိမ်းရှောင်နေတဲ့ ကျေးရွာတွေကိုဝင်ရောက်ပြီး နေအိမ်က ပစ္စည်းတွေကို ဝင်ရောက် ယူဆောင်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

လက်ရှိ ပုလဲမြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ၂ ဘက် စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှု အချို့လည်း ရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ဒီကောင်တွေ စစ်ကြောင်းထိုးနေတာ။ ဆက်တိုက်လိုလိုကို စစ်ကြောင်းတွေထိုးနေတယ်။ ရွာတွေကို လှည့်ပတ်ပြီး သွားနေတာ။ ဒီ ၁ ရက် ၂ ရက်တော့ နည်းနည်းငြိမ်ပြီး အထဲထဲ ဇီးဖြူကုန်းထဲ ပြန်ဝင်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့တဝိုက်ကို စစ်ကြောင်းပတ်ထိုးနေတာ မြောက်ဖက်၊ အရှေ့ဖက်၊ အနောက်ဖက် အကုန်နေရာအစုံပဲ ပတ်ထိုးနေတယ်။ သူပစ် ကိုယ်ပစ်ကော၊ ဒီဘက်က သွားပစ်တာကော စစ်ရေးတင်းမာနေတာ။”

ဇီးဖြူကုန်းကျေးရွာဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာတွေ လုပ်ပေးထားတဲ့အတွက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတာလည်း ဖြစ်ပါတယ်။ အခု ဇွန်လ ၂ ရက်ကနေ ၅ ရက်အထိ ၃ ရက် ဆက်တိုက် ဇီးဖြူကုန်းကျေးရွာထဲကို ကာကွယ်ရေး အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်ရသလို ၂ ဘက် အကျအဆုံးရှိခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG