သုံးရလွယ်ကူစေသည့် Link များ

ဒေသတွင်း လူ့အခွင့်အရေး တိုးတက်အောင်ကြိုးပမ်းဖို့ အာဆီယံကို တိုက်တွန်း


မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် (Ministry of Foreign Affairs Myanmar)

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) တည်ထောင်တာ နှစ် ၅၀ ပြည့်အဖြစ် အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး ပြောဆိုနေချိန်မှာပဲ၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ကြိုးပမ်းဖို့လည်း ဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အခြေခံအုတ်မြစ်အဖြစ် လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာအပါအ၀င် အာဆီယံ နိုင်ငံတွေကြား ဆောင်ရွက်ရမယ့် ကိစ္စတွေ အများအပြား ရှိနေုတုန်းပဲလို့လည်း ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ နန်းလောင်ဝ်က တင်ပြထားပါတယ်။

ASEAN စတင် ထူထောင်ခဲ့တာ ဒီသီတင်းပတ်ထဲမှာပဲ နှစ်ပေါင်း (၅၀) ပြည့်လာချိန်မှာ ဒေသတွင်း နိုင်ငံရေး၊ လူမှုရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေ တိုက်တွန်းနေကြပါတယ်။ မြန်မာနိုင်ငံက သမ္မတ ဦးထင်ကျော်ကလည်း ရှေ့လာမယ့် နှစ် ၅၀ အတွင်း အာဆီယံဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ လူမှုရေးအရ တာဝန်ယူမှုရှိတဲ့ လူထုအခြေပြု အသိုက်အ၀န်းတခု ထွက်ပေါ်လာရေး ရည်မှန်းဖို့ သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒေသတွင်း လူ့အခွင့်အရေး ပူးပေါင်းလှုပ်ရှားနေတဲ့ Forum-Asia ကတော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်ဖို့ မျက်ချည်မပြတ်ဖို့လည်း ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန် တိုက်တွန်းခဲ့တာပါ။ Forum-Asia နဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ ဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Alternative ASEAN Network for Burma အဖွဲ့ရဲ့ အတွင်းရေးမှူး Debbie Stothard ကတော့ လူ့အခွင့်အရေး အခြေခံတွေ မရှိပဲ ဖွံ့ဖြိုးတိုးတက်မှုတွေ မရနိုင်ဘူးလို့ ဆိုပါတယ်။

“စီးပွါးရေးအရရော နိုင်ငံရေးအရပါ တညီတညွှတ်ထဲရှိတဲ့ လူထုအခြေပြု အာဆီယံ အသိုက်အ၀န်းတခုထွက်ပေါ်လာဖို့အတွက် လူ့အခွင့်ရေးကို လေးစားလိုက်နာရမယ် ဆိုတာ ကျမတို့အားလုံး ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ အာဆီယံအဖွဲ့ကြီး နှစ် (၅၀)ပြည့်တဲ့ အချိန်မှာပဲ ပဋိပက္ခတွေ ဖြစ်ပေါ်လာတာ၊ လူ့အခွင့်အရေးကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်တာတွေ ရှိနေသလို အရင်တုန်းက ဖြစ်ပွါးခဲ့တဲ့ လူမှုအသိုင်းအ၀ိုင်းကြား ပဋိပက္ခတွေလည်း တကျော့ပြန်ဖြစ်ပွါးလာနေပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ လူ့အခွင့်အရေးကို အလေးအနက်ထား လေးစားလိုက်နာဖို့လိုအပ်ပါတယ်။”

သမ္မတ ဦးထင်ကျော် ကတော့ အာဆီယံထူထောင်တဲ့ သမိုင်းဝင်ကာလ အဖြစ်သာမက၊ မြန်မာနိုင်ငံ အာဆ်ီယံ အဖွဲ့ဝင် ဖြစ်လာခဲ့တဲ့ အနှစ် ၂၀ ပြည့် ကာလအဖြစ် ပေးပို့တဲ့ သ၀ဏ်လွှာမှာတော့ ဒေသတွင်း ပေါင်းစည်းမှု တည်ဆောက်ရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်း ကတိပြုခဲ့တာပါ။

Forum-Asia အဖွဲ့ဝင် ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်မှန်းချက်တွေဟာ ကောင်းမွန်ပေမယ့် လူ့အခွင့်အရေးကိုလည်း အာရုံစိုက်ဖို့လိုတယ်လို့ မြင်ပါတယ်။

“မြန်မာနိုင်ငံမှာ အခုအချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုကို မရပ်သေးတာကတော့ မြန်မာပြည်သူ တရပ်လုံးအကုန်လုံး အသိပါ။ ဘာကို သက်သေပြပြီးပြောနိုင် မလဲဆိုရင်တော့ လက်နက်ကိုင် ပဋိပက္ခတွေမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘ၀တွေ ခံစားချက်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ သင်္ကေတတွေဖြစ်ပါတယ်။ တရားဥပဒေအရ ကျနော်တို့ကို ဖိနှိပ်တဲ့ဥပဒေတွေ တကိုယ်ရည် လွတ်လပ်မှုကို ထိခိုက်နိုင်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ခြိမ်းခြောက်တဲ့ ဥပဒေတွေရှိနေခြင်း ကလည်း သက်သေအထောက်အထားပြလို့ရပါတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ဒီ စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ သက်ရောက်မှုကြောင့် လူ့အခွင့်အရေးနဲ့ စီးပွားရေးဆိုတဲ့ အခန်းကဏ္ဍကိုလည်း ပိုမိုပြီးတော့ သိရှိဖို့လိုအပ်သလို လူတွေမှာ ဒီဟာနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့တာကတော့ မြန်မာနိုင်ငံမှာ သက်သေ အထင်အရှားဖြစ်ပါတယ်။”

အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ဒီကနေ့ ကျင်းပရာမှာ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့အတူ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေ၊ မဟာမိတ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နဲ့ ထိုင်း ငါးနိုင်ငံနဲ့ စတင်ထူထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ်နဲ့ တရားဝင် ပူးပေါင်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG