မြန်မာ့အရေး အာဆီယံ ချဉ်းကပ်ပုံအပေါ် အကဲခတ်တွေအမြင်
{{Zawgyi/Unicode}}
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို မတက်ရောက်ဘူးလို့ မြန်မာနိုင်ငံက ပြောပါတယ်။ တက်ရောက်မယ်ဆိုရင်၊ နိုင်ငံရေးအဆင့် မဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာကို ဖိတ်ကြားရေးနဲ့ ပတ်သက်ပြီး အာဆီယံအတွင်း သဘောကွဲလွဲတာတွေနဲ့ မြန်မာအပေါ် ကိုင်တွယ်ရေးကို ဗွီအိုအေရဲ့ အင်ဒိုနီးရှား သတင်းဌာန သတင်းထောက် Eva Mazrieva က သုံးသပ်သူများနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး၊ ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံဟာ ပိုလို့ပိုလို့ အထီးကျန်နိုင်ငံ တနိုင်ငံ ဖြစ်သွားနိုင်တယ်လို့ သုံးသပ်သူတွေက အကဲဖြတ်နေကြပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို မတက်ရောက်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ ပြောပါတယ်။ “အာဆီယံတွင် နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက်ခွင့်ရှိရေးဟူသည့် မူ နှင့် ထုံးတမ်းစဉ်လာများကို သွေဖည်နေသည့်အတွက်” မတက်ရောက်တာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ တက်ရောက်ဖို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားရေးမှာ အဖွဲ့ဝင် နိုင်ငံတွေကြား သဘောတူညီချက် မရရှိတာကြောင့်၊ နိုင်ငံရေးအဆင့် မဟုတ်တဲ့ မြန်မာကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားမယ်လို့ ကမ္ဘောဒီးယား က ဖေဖော်ဝါရီလ ၃ ရက်နေ့ က ပြောခဲ့ပါတယ်။ “ဘယ်သူမှ မတက်ဘဲ နေတာထက် နိုင်ငံရေး အဆင့်မဟုတ်တဲ့ သူတယောက် တက်ရောက်ပြီး မြန်မာကို ကိုယ်စားပြုဖို့ ကျွန်တော်အားပေးချင်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်လို့ အစွပ်စွဲခံနေရတဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဇန်နဝါရီလတုံး က သွားရောက်တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖို့ ကြိုးစားခဲ့သေးတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ အသိအမှတ်ပြု ပြောထားပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှား၊ မလေးရှား နဲ့ စင်္ကာပူ တို့ က ဖုန်းကနေတဆင့် ဟွန်ဆန် နဲ့ ဆွေးနွေး ကန့်ကွက်ခဲ့ကြသလို ကြေညာချက်တွေလည်း ထုတ်ခဲ့ကြတာကြောင့် မူလဆုံးဖြတ်ချက် ဖြစ်တဲ့ နိုင်ငံရေး အဆင့် မဟုတ်သူပဲ ကိုယ်စားပြုရေး ဖြစ်ခဲ့ရတာပါ။
ဟွန်ဆန် က မီး နဲ့ ကစားခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက် အခြေစိုက် အရှေ့တောင်အာရှလမ်းဆုံ လို့ အဓိပ္ပါယ်ရတဲ့ South East Asia Junction အဖွဲ့ ကို ထူထောင်သူ Lia Sciortino က ပြောပါတယ်။
“ကမ္ဘောဒီးယား ဝန်ကြီးချုပ် အဖြစ် မြန်မာပြည်ကို သူသွားတာပါလို့ သူက ပြောတာပေါ့လေ။ ဒါပေမဲ့ သူ အာဆီယံရဲ့ ဥက္ကဌလည်း ဖြစ်တယ်လေ။ အာဆီယံ မှာ ကျွန်းဆွယ်နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ နဲ့ ဖိလစ်ပိုင် တို့ ရဲ့ တခြား နိုင်ငံတွေကြားမှာ မတူကွဲပြားတဲ့ အကျိုးစီးပွါးတွေ ရှိနေကြပါတယ်။ ဟွန်ဆန် မြန်မာပြည်ကို သွားတာကို သူတို့က သဘောမတူကြပါဘူး။ တခြား အာဆီယံနိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ လာအိုတို့ကတော့ သိပ်ကြီး မဆန့်ကျင်ကြပါဘူး။”
မြန်မာအပေါ် ဘယ်လို ကိုင်တွယ်မလဲဆိုတာက အာဆီယံ အတွက် ခေါင်းခဲစရာပါ။ ဂျာကာတာ အခြေစိုက် မူဝါဒများ သဟဇာတဖြစ်ရေးလို့ အဓိပ္ပါယ်ရတဲ့ Synergy Policies မူဝါဒ လေ့လာရေးအဖွဲ့ကို ထူထောင်သူ Dr. Dina Prapto Raharja ကတော့ ခုလို ထင်ပါတယ်။
“ဒါက အာဆီယံရဲ့ ယာယီဖြေရှင်းပုံပါ။ မြန်မာကို ဖိအားပေးရာမှာ အသင့်လျော်ဆုံး ဖိအားပေးပုံအပေါ် အာဆီယံနိုင်ငံတွေ အားလုံး တသဘောတည်း မရှိကြပါဘူး။ မြန်မာကလည်း ဒါ ကို ကောင်းကောင်းသိပါတယ်။ တစ်ဖက်မှာတော့ တပ်မတော်အတွက် ဒါဟာသေမလား၊ ရှင်မလားကိစ္စ ဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး ICJ မှာ အမှုရှိနေပါတယ်။ အမှုက ဆက်သွားနေပါတယ်။ တဖြည်းဖြည်းလည်း ပေါ်လာနေပါပြီ။ အာဆီယံမှာ သူကို အရေးမယူခဲ့ရင်၊ လူပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ အိုင်စီဂျေ မှာ သူ့ကို အလိုအလျောက် အရေးယူပါလိမ့်မယ်။ နိုင်ငံတကာဖိအား ဒါမှမဟုတ် ပိတ်ဆို့ အရေးယူတာတွေက လွတ်အောင် မြန်မာအဖို့ ရှောင်နိုင်စရာလမ်း မရှိသလောက်ပါပဲ။ ဒါပေမဲ့ မြန်မာက အချိန်ရနိုင်သမျှ ရနိုင်အောင် ကစားပါလိမ့်မယ်။”
မြန်မာ အပေါ် အရေးယူရေး နဲ့ ပတ်သက်ပြီး Lia ကလည်း သူ့ ထင်မြင်ချက် ကို ခုလို ပြောပါတယ်။
“စီးပွါးရေးပိတ်ဆို့ အရေးယူတာက အလုပ်မဖြစ်ပါဘူး။ မြန်မာဟာ မြောက်ကိုရီးယား လို ဖြစ်လာမယ့် ကိန်းဆိုက်နေပါတယ်။ တပ်မတော် ခုခံနေတာတွေကို ကျွန်တော်တို့ က ဆက်လက် တိုက်ပွဲမဝင်တော့ဘူးဆိုရင်၊ မြန်မာစစ်တပ်ဟာ ပိုပြီးခိုင်မာလာမယ်။ ပိုအကြမ်းဖက်လာမယ်။ နိုင်ငံသားတွေကတော့ အားနည်း၊ အားကိုးရာမဲ့ ဖြစ်လာမယ်။ နောက်တော့ မြောက်ကိုရီးယားနဲ့ ပိုပြီးတူလာပါလိမ့်မယ်။ မြောက်ကိုရီးယားမှာဆို အာဏာပိုင်တွေ ဒါမှမဟုတ် အုပ်စုတစုကလွဲပြီး ဘာသတင်းမှ မရနိုင်တော့ဘူး။ မြန်မာအရေးကို ကိုင်တွယ်တဲ့အခါ သော့ချက်ကျတဲ့ အချက်တခုကတော့ တရုတ်ပါပဲ။ တရုတ်နဲ့ အလုပ်လုပ်တဲ့အခါ အာဆီယံဟာ စုစည်းခဲကျစ်နေရပါမယ်။ မဟုတ်ရင်၊ တရုတ်နဲ့ တနိုင်ငံချင်း ဆက်ဆံလုပ်ကိုင်ရပြီး ခက်ခဲပါလိမ့်မယ်။”
အရေးယူ ပိတ်ဆို့မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြည်တွင်း မလုံခြုံမှုတွေကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ တိုတယ်၊ ရှယ်ဗလွန်၊ တောင်ကိုရီးယား သံမဏိလုပ်ငန်း SOPOS နဲ့ ဂျပန် ကီရင်ဘီယာ ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံက ထွက်ခွါမယ်လို့ ကြေညာခဲ့ကြပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ တိုးလာနေတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျု ရဲ့ လေ့လာချက် က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်ကိုပဲ အားထားနေရတဲ့ မြောက်ကိုရီးယားလို အထီးကျန်နိုင်ငံတနိုင်ငံ ဖြစ်သွားမလားဆိုတဲ့ မေးခွန်းကတော့ နိုင်ငံတကာ သုံးသပ်သူတွေ မေးနေကြတဲ့ မေးခွန်းတခု ဖြစ်ပါတယ်ခင်ဗျာ။
.......................................
{{Zawgyi/Unicode}}