သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲတိုက်ပွဲတွေကြား အရပ်သား ၁၄ ယောက်ထက်မနည်းသေဆုံး


ယခင်မှတ်တမ်းရုပ်ပုံ | မိုးဗြဲ စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF)
ယခင်မှတ်တမ်းရုပ်ပုံ | မိုးဗြဲ စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF)

တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ တိုက်ပွဲတွေကြား ရှောင်တိမ်းရင်း သေဆုံးသူ အရပ်သား ၁၄ ယောက်ထက်မနည်း သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူကတော့ ၂၀ ကျော်ရှိသွားပြီးလို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ဘေးရှောင်တွေ လမ်းမှာ ပစ်ခတ်ခံရတာ၊ နေအိမ်တွေပေါ် လက်နက်ကြီးကျည်ကျတာကြောင့် သေဆုံးရသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ပေးပို့တဲ့ သတင်းကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား မေလကုန်ပိုင်းထဲကစလို့ တိုက်ပွဲတွေဆက်တိုက်လိုဖြစ်နေတဲ့ နေရာတွေမှာ သေဆုံးနေတဲ့ အရပ်သား ရုပ်လောင်း ၁၄ ဦး ထက်မနည်း တွေ့ရှိခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသူကလည်း ၂၀ ထက်မနည်းရှိတယ်လို့ ကယ်ဆယ်လုပ်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ လုံခြုံရေးအခြေအနေကြောင့် မကောက်နိုင်သေးတဲ့ အလောင်းတွေ ရှိနေသေးတယ်လို့ ခုလိုပြောပြပါတယ်။

“လက်ရှိ ၂၇ ရက်နေ့ကနေစပေါ့၊ အခုချိန်ထိဆိုတော့ ကျနော်တို့ ဒီတွေ့ရသလောက်ဆိုတော့ ၁၃ လောင်း ၁၄ လောင်း လောက် ရှိနေပြီး၊ ဒါတောင်မှ ဒီကောက်မရသေးတဲ့ အလောင်းတွေက အနည်းဆုံး ၅လောင်း ၆လောင်းတော့ ရှိမှာပေါ့နော်။ ဒီမနက်တောင်မှ ၃လောင်းရယ် မနေ့က ၂လောင်း ထုတ်လို့ရတယ် ဒါ ၅လောင်းရယ် နောက် ဒီကျန်သေးတာပေါ့။ ကျန်ရှိတဲ့ဟာတွေ အများကြီးရှိသေးတယ် အသိအကျတော့ မသိသေးဘူး၊ နောက်ပြီးမှ ဝင်လို့လည်း မရဘူးပေါ့နော် လျှောက်သွားနေလို့လည်း မရဘူး။ ဒဏ်ရာရတဲ့လူဆိုတော့ အနည်းဆုံးတော့ ဒီ ၂၀ ဦးပေါ့နော် ၂၀ဦးနဲ့အထက်ပဲပေါ့နော်၊ ထိရှတာတွေ ဘာနဲ့ အကုန်တွက်ရင်တော့ ၂၀ ကျော် ၃၀ ထိတောင်နီးစပ် နိုင်တာပေါ့၊ ပြင်းထန်တဲ့လူတွေက ၂၀ ဦး လောက်ရှိတာပေါ့နော်။”

အများစုက စစ်ဘေးလွတ်ရာရှောင်ရှားရင်း လမ်းမှာ ပစ်ခတ်ခံရလို့ သေဆုံးတာ၊ နေအိမ်တွေပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ သေဆုံးကြတာဖြစ်တယ်လို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲငြိမ်သွားတဲ့အချိန် ပြည်သူတွေက အပြင်ထွက်တာလေး အဲ့လိုမျိုးပေါ့နော်၊ ဒီတောင်ယာဖက်မှာ တောဖက်မှာ ပြန်သွားအိပ်မယ် အဲ့လိုပေါ့နော် ရွာမှာ မလုံခြုံဘူးဆိုပေါ့၊ မသိဘူးပေါ့နော် ဒီနားကိုဖြတ်မယ်ပေါ့နော် အဲ့ဒီနားကို ဖြတ်တဲ့လူတောင်မှ တော်တော်လေးကို ပစ်ခံရတယ်၊ ၅ဦး ၆ဦးနဲ့ အထက်ရှိနိုင်တယ် အခုထိ ကောက်လို့မရတဲ့ဟာတွေပေါ့ ပစ်သတ်ခံနေရတယ် ပြည်သူတွေ၊ နောက် တချို့ကောက်ခဲ့ရတဲ့ အလောင်းတွေက ဒီအိမ်ထဲမှာ နေပြီးမှ ပစ်သတ်ခံရတယ်၊ အဲ့လိုပေါ့၊ လက်နက်ကြီးထိလို့ ထိခိုက်ပြီးမှ သေဆုံးသွားတာလည်း များတယ် ဒီတခေါက်၊ အရင်တခေါက် ဖြစ်စဉ်လိုမျိုး မတူဘူးပေါ့နော် ဒီကလေးသူငယ်တွေ(သေဆုံးတာ) ပါဝင်တာကို တွေ့နေရတယ်။”

ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကနေ ၂၉ ရက်အထိ မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ ညောင်ဝိုင်းရပ်ကွက်နားမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တိုက်ပွဲတွေ ငြိမ်နေခဲ့ပေမဲ့ ဇွန်လ ပထမပတ်ကစပြီး ဇွန်လ ၈ ရက်နေ့အထိ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၂၇ ရက်နေ့ကတည်းက စဖြစ်တာပေါ့နော် နောက်ပြီးကျ ၂၇ ၊ ၂၈ ၊ ၂၉ ဖြစ်တယ်ပေါ့နော် ပြီးမှ ကြားတချက်ပြန်ငြိမ်တော့ ဒီ ၄ရက် ၅ရက်မှာ ပြန်ဖြစ်တယ်၊ အဲ့တိုက်ပွဲပြန်ဖြစ်တော့ အခုတော့ ငြိမ်နေတာကတော့ မနေ့ညလောက်ပေါ့ ဒါပေမယ့် ဝေးဝေး ပစ်ခတ်သံတော့ တချက်ကြားနေရတာပဲ။”

တိုက်ပွဲတွေကြောင့် မိုးဗြဲမြို့ခံ အများစုကတော့ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး တချို့ကတော့ မြို့ထဲမှာပဲ ရှိနေကြပါတယ်။ မိုးဗြဲမြို့ခံတဦးကတော့ လက်နက်ကြီးသံကြားရရင် ဗုံးခိုကျင်းထဲမှာ ပုန်းခိုရတဲ့အကြောင်း ပြောပါတယ်။

“ပြေးတာလည်း ပြေးကြပါတယ်၊ ကိုယ့်အိမ်နဲ့ ကိုယ်လည်း ကိုယ့်ကတုတ်ကျင်းနဲ့ ကိုယ့်နဲ့နေကြတယ်၊ အဲ့ဒါကံတရားပဲ အဲ့လိုပဲ ပြောယူရတော့မှာပေါ့ဗျာ။”

စစ်တပ်စစ်ရေးလှုပ်ရှားနေတဲ့ မိုးဗြဲမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး မြို့ခံတွေကလည်း အမြဲတမ်း ဘေးလွတ်ရာကို ပြေးလွှားနေရပြီး ကျန်းမာရေး၊ စားသောက်ရေး စတဲ့ အကူအညီတွေလည်း လိုအပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG