သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN အထူးစည်းဝေးပွဲ ရိုဟင်ဂျာအရေး ဆွေးနွေးဖို့ MSF တိုက်တွန်း


ASEAN MEETING (Myanmar State Counsellor Office)
ASEAN MEETING (Myanmar State Counsellor Office)

အခုသတင်းပတ်ကုန် သြစတေးလျ နိုင်ငံ ဆစ်ဒနီမှာ စတင်ကျင်းပဖို့ရှိတဲ့ အာဆီယံ အထူးထိပ်သီး ညီလာခံရဲ့ ပြင်ပ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ကြစဉ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်သွားအောင် ဖိအားပေး တိုက်တွန်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ခေါင်းဆောင် Pavlo Kolovos ကပြောပါတယ်။

ASEAN ရဲ့ သူတပါးနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ ကနေ ဥပေက္ခာမပြုရေး မူဝါဒကို ပြောင်းဖို့ လိုအပ်နေပါပြီလို့ သူက သြစတေးလျ သတင်းဌာနတခု ဖြစ်တဲ့ AAP ကို ပြောပါတယ်။

သြစတေးလျှ ဝန်ကြီးချုပ် Malcolm Turnbull က လက္ခံကျင်းပပေးတဲ့ အာဆီယံ (၁၀) နိုင်ငံ အထူးထိပ်သီးညီလာခံ ဟာ လာမယ့် သောကြာနေ့မှာ စတင်မှာဖြစ်ပြီး မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ အတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် (၇)သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုထွက်ပြေးပြီး နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြပါတယ်။

Mr. Kolovos ရဲ့ နယ်စည်းမခြား ဆရာဝန်များအသင်းက ဒုက္ခသည်တွေအတွက် အစပိုင်းမှာ ဆေးရုံ (၁)ရုံ၊ ပြင်ပလူနာ ဆေးခန်း (၁) ခု ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ အခုအခါ ဆေးရုံ (၆) လုံးနဲ့ ပြင်ပလူနာတွေအတွက် ဆေးခန်း (၂၀) ဖွင့်လှစ်ပေးထားပါတယ်။ အဲဒီအထဲက ဆေးခန်း (၃) ခုဟာ တရက် ၂၄ နာရီ အရေးပေါ် ကုသခန်းတွေ ပါဝင်ပါတယ်။

ဒုက္ခသည်တွေဟာ သူတို့စွန့်ခွာထွက်ပြေးလာရာ အရပ်မှာ နေထိုင်ပိုင်ခွင့် အခွင့်အရေးရှိပြီး၊ မကြာခင် ရောက်လာတော့မဲ့ မုတ်သုန်ရာသီကို တောင့်ခံနိုင်ဖို့ ပြင်ဆင်နေကြရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေဟာ ရေရှည်မှာ အဖြေတခုမဟုတ်ဘူးဆိုတာကို ဝန်ကြီးချုပ် Turnbull က ဒေါ်အောင်ဆန်းစုကြည်ကို အလေးအနက်ထားပြောဆိုဖို့ Mr. Kolovos ကတောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG