[[Zawgyi/Unicode]]
ကိုဗစ်ကပ်ရောဂါကြောင့်နိုင်ငံတကာခရီးသွားတွေအပေါ် ၂ နှစ်နီးပါးပြည်ဝင်ခွင့်ကန့်သတ်ထားတာကို ဖယ်ရှားလိုက်ပြီလို့ သြစတေးလျနိုင်ငံ၊ New South Wales ပြည်နယ်ဝန်ကြီးချုပ် Dominic Perrotte ကဒီကနေ့ကြေညာပါတယ်။
အစ္စရေးလ်နိုင်ငံကလည်း ကိုဗစ်ကာကွယ်ဆေးထိုးမထားတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုမတ်လ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပြုမယ်လို့ မနေ့က ကြေငြာပါတယ်။ ဒါပေမယ့်လည်း ခရီးသည်တွေအနေနဲ့ အစ္စရေးလ်ကိုရောက်တဲ့အချိန် နဲ့ ပြန်ထွက်မယ့်အချိန်မှာတော့ ကိုှဗစ် PCR စစ်ဆေးချက်၂ ကြိမ်လုပ်ရမှာပါ။
ပိုးကူးသူ ကမ္ဘာမှာအများဆုံးရှိတဲ့ အမေရိကန်မှာ ပိုးကူးသူအသစ်ရော သေဆုံးသူပါ ပုံမှန်ကျဆင်းလာနေပါတယ်။
ကပ်ရောဂါကြောင့် လူနာတွေကို ရှေ့တန်းကပြုစုကုသနေရတဲ့ ကမ္ဘာတဝန်းက ကျန်းမာရေးလုပ်သားတွေရဲ့ ကျန်းမာရေးလည်း ထိခိုက်နေရပြီး အသက်ပါဆုံးရှုံးနေရတာပါ။ ဒီကဏ္ဍမှာ လုပ်ကိုင်တဲ့သူတွေအနေနဲ့ လုပ်ငန်းခွင်မှာ ကျန်းမာဘေးကင်းစွား လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO တို့ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ ကျန်းမာရေးလုပ်သားတွေရဲ့လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် စနစ်ကောင်းတွေမရှိတာကြောင့် ကပ်ရောဂါဖြစ်လာပြီး ၁၈လ အတွင်း ကိုဗစ်နဲ့ သေဆုံးရသူ ကျန်းမာရေးဝန်ထမ်း တသိန်း တသောင်းခွဲရှိတယ်လို့ WHO ကျန်းမာရေးဝန်ထမ်းဆိုင်ရာဌာန ညွှန်ကြားရေးမှူး James Campbell ကပြောပါတယ်။
အမေရိကန် Johns Hopkinks ကိုဗစ်သုတေသနစစ်တမ်းအရ ဒီကနေ့မနက်ထိ ကမ္ဘာတဝန်းပိုးကူးခံရသူ ၄၂၄ သန်းကျော်နဲ့ သေဆုံးသူက ၆ သန်းဝန်းကျင်ရှိပါတယ်။
========
[[Unicode]]
========