သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ရိုဟင်ဂျာအရေး ဝန်ထုပ်ဝန်ပိုး ရေရှည်ခံနိုင်ဖို့မလွယ်” ဘင်္ဂလားဒေ့ရ်ှဝန်ကြီးချုပ်


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့သဘောထားနဲ့ ဒုက္ခသည်တွေရဲ့အခြေအနေတွေကို စစ်ကောင်စီဘက်က အလေးထားတာမျိုးမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဗွီအိုအေနဲ့သီးသန့် အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးအတွက် မြန်မာအပါအဝင် အာရှနိုင်ငံတွေ၊ တခြားနိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးနေပြီး အခုနောက်ဆုံးသွားခဲ့တဲ့ သူ့ရဲ့ ဂျပန်ခရီးစဉ်မှာလည်း ဒီကိစ္စကိုဆွေးနွေးခဲ့တယ်လို့ ရှိတ်ဟာဆီနာက ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ကအိမ်နီးချင်းဖြစ်လို့ ထိပ်တိုက်ရင်ဆိုင်တဲ့လုပ်ရပ်မျိုးတွေ မလုပ်ဘဲ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး ကိုယ့်နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ခဏခဏတိုက်တွန်းတယ်လို့ သူက ပြောပါတယ်။ တခါတရံမှာ မြန်မာဘက်က အပြုသဘောဆောင်တဲ့ သဘောထားပြတတ်သလို တခါတလေမှာတော့ အဲဒီလိုမျိုး မရှိဘူးလို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် စပြီး အခု ဆိုရင် ၅ နှစ်ကျော်လာပြီဖြစ်လို့ ရိုဟင်ဂျာအရေးက ဘင်္ဂလားဒေ့ရှ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်‌လာနေပြီလို့လည်း ရှိတ်ဟာဆီနာကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ သန်း ၁၇၀ ရှိလို့ လူဦးရေ အရမ်းများပြားနေတဲ့ အခြေအနေမှာ ရိုဟင်ဂျာဦးရေကလည်း တိုးလာနေလို့ သူတို့အတွက် စားနပ်ရိက္ခာနဲ့ အခြားပံ့ပိုးပေးနိုင်မှုဝန်ထုပ်ဝန်ပိုးကို ရေရှည်ဆက်ခံနိုင်ဖို့မလွယ်ဘူးလို့ ဆိုပါတယ်။ ကော့ဆက်ဘဇားဒေသခံ လူဦးရေထက် ရိုဟင်ဂျာဦးရေက ပိုမိုများနေပြီး တနေ့တခြား တိုးပွားလာနေတယ်လို့ ပြောပါတယ်။

ဒါ့ပြင် ရိုဟင်ဂျာအများအပြားက လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး ဒါမှမဟုတ် လူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်နေပြီး ဒုက္ခသည်စခန်းတွေထဲမှာ အချင်းချင်း ပဋိပက္ခတွေ ဖြစ်တာ၊ သတ်ဖြတ်တာနဲ့ ရာဇဝတ်မှုကျူးလွန်ကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့နိုင်ငံကိုပြန်ပြီး ကိုယ့်မြေကိုယ့်ရေမှာ အသက်မွေးဝမ်းကျောင်းပြုတာက သူတို့အတွက်ရော သူတို့ရဲ့မျိုးဆက်ကလေးတွေအတွက်ပါ အကောင်းဆုံးဖြစ်နိုင်မယ်လို့ ရှိတ်ဟာဆီနာကထောက်ပြပြီး နေရပ်ပြန်နိုင်ရေး ကြိုးစားကြဖို့လည်း နိုင်ငံတကာနဲ့မြန်မာဘက်ကို တောင်းဆိုပါတယ်။

လက်ရှိမှာ အစိုးရမဟုတ်တဲ့အဖွဲ့တွေက ရိုဟင်ဂျာကလေးငယ်တွေအတွက် ပညာ‌ရေးဆောင်ရွက်ပေးသလို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း အထောက်အပံ့ပေးနေတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း ယူကရိန်းစစ်ပွဲနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက နောက်ဆက်တွဲအဖြစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကလည်း လျော့နည်းလာနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ဗွီအိုအေနဲ့ သီးသန့်အင်တာဗျူးမှာ ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG