သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီဘီစီမြန်မာသတင်းထောက် ပြန်လွတ်


ဘီဘီစီသတင်းထောက် ကိုအောင်သူရ။ (မှတ်တမ်းဓာတ်ပုံ)
ဘီဘီစီသတင်းထောက် ကိုအောင်သူရ။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

မတ်လ ၁၉ ရက်နေ့က ဖမ်းခံခဲ့ရတဲ့ ဘီဘီစီမြန်မာပိုင်းသတင်းထောက် ကိုအောင်သူရဟာ ဒီကနေ့ မနက်မှာပြန်လည်လွတ်မြောက်လာပါတယ်။ သူနဲ့အတူဖမ်းခံရတဲ့ မဇ္ဈိမသတင်းဌာန အယ်ဒီတာဟောင်းကိုသန်းထိုက်အောင်ကတော့ ဆက်ပြီး ထိမ်းသိမ်းခံနေရဆဲရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကရတဲ့သတင်းကို မခင်ဖြူထွေးပြောပြပါမယ်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့ မတ်လ ၁၉ ရက်နေ့ သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ နေပြည်တော်အခြေစိုက် ဘီဘီစီမြန်မာပိုင်းသတင်းထောက် ဒီကနေ့မနက် ပြန်လွတ်လာပါတယ်။ သူနဲ့ အတူ အဖမ်းခံရသူ မဇ္ဈိမသတင်းထောက်ဟောင်းကိုတော့ အာဏာပိုင်တွေ ဆက်ပြီး ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ကိုအောင်သူရဟာ မနက် ၁၁ နာရီခန့်မှာ ပြန်လွတ်လာပြီး နေအိမ်ကို ကိုယ်တိုင် ကားမောင်းပြန်လာတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းဆီးသလဲဆိုတာနဲ့ ဘယ်လိုအတွက် ပြန်လွှတ်သလဲဆိုတာတွေ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သောကြာနေ့က နေပြည်တော်ဒက္ခိဏသီရိခရိုင် တရားရုံးမှာ NLD နာယက ဦးဝင်းထိန် ရုံးထုတ်တာကို သတင်းယူနေတုန်းပဲ ကိုအောင်သူရကို တရားရုံးရှေ့မှာ အရပ်ဝတ်တချို့က ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ သူနဲ့အတူ မဇ္ဈိမသတင်းဌာနက အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုသန်းထိုက်အောင်ကတော့ အခုအချိန်အထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

ကိုသန်းထိုက်အောင်ကို ဆက်ပြီး ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်အုပ်ချုပ်ရေးကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းကိုင်ဖြေဆိုတာ မရှိခဲ့ပါဘူး။ ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေထဲမှာ DVB သတင်းထောက်တဦး ပါဝင်သလို ကမာရွတ်သတင်းမီဒီယာက အယ်ဒီတာချုပ်နဲ့ အခြားအယ်ဒီတာတဦးလည်း ခုအချိန်အထိ ဖမ်းဆီးခံရဆဲရှိပါတယ်။ အခုလို ဖမ်းဆီးခံရဆဲ သတင်းမီဒီယာသမားတိုင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း ဦးမြင့်ကျော်က တောင်းဆိုပါတယ်။

"မီဒီယာကလည်း အခုချိန်မှာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမှာ နောက် ပိုပြီးဆိုးဝါးတဲ့ ခြိမ်းခြောက်မှုလိုမျိုး ဖြစ်စေတယ်။ အဲဒီတော့ အမြန်ဆုံးပြန်လွှတ်ဖို့ ပြောချင်တယ်။ မဇ္ဈိမကို လောလောဆယ် သူလုပ်နေတာတော့ မဟုတ်ဘူး။ သို့သော မဇ္ဈိမကို ပြီးခဲ့တဲ့ ကာလတခုအထိသူလုပ်ခဲ့တယ်။ ဒီသက်ရောက်မှုက ကြီးမားတယ်။ နောက်နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်အတွက်ကလည်း ဒါကကြီးမားတဲ့ သက်ရောက်မှု တခုလို့ ကျနော်မြင်တယ်။ ဒီလိုမျိုး မဇ္ဈိမဖြစ်စေ၊ DVB ဖြစ်စေ အဲဒီမှာလုပ်ခဲ့တဲ့သူတွေအားလုံးကို နေလို့မရအောင်၊ တိမ်းရှောင်ရအောင်၊ အလုပ်လုပ်မရအောင်လုပ်တဲ့ဟာ ဒီဟာက ဘာမှန်းသေချာအကြောင်းအချက်တိတိပပ မရှိဘဲ ဒီမီဒီယာမှာ လုပ်ခဲ့တယ်ဆိုတဲ့အတွက်ကြောင့်တခုနဲ့ ဖမ်းတယ်ဆိုတာဟာက ပိုပြီးတော့ ဆိုးဝါးတဲ့ နောက်တဆင့်တက်တဲ့ ခြိမ်းခြောက်မှုမျိုးဖြစ်နေတာပေါ့နော်။ ကျန်တဲ့ သတင်းသမားတွေအတွက်လည်း ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေတယ်။"

နေပြည်တော်အခြေစိုက် အလွတ်သတင်းထောက်တဦးဖြစ်တဲ့ ကိုအောင်ကိုလတ်ကိုလည်း မနေ့ မနက် ၁၀ နာရီလောက်က ပျဉ်းမနားရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေရာမှာ အခုအချိန်အထိ ပြန်မလွတ်သေးပါဘူး။ ဘာကြောင့် ခေါ်ယူမေးမြန်းနေတယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးချိန်ကစလို့ ဒီန့အထိ သတင်းထောက် အယောက် ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ သတင်းသမား ၂၀ ထက်မနည်း ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၁၀ ဦးထက်မနည်းဟာ ပုဒ်မတပ် တရားစွဲဆိုခံထားရပါတယ်။

ဘီဘီစီမြန်မာသတင်းထောက် ပြန်လွတ်
please wait

No media source currently available

0:00 0:03:00 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG