သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၈၇၆ သန်း လိုအပ်နေတယ်လို့ ကုလပြော‌


{{Zawgyi/Unicode}}

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၈၇၆ သန်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ရန်ပုံငွေပြတ်လပ်လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီလကနေစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်တန့်လိုက်တဲ့ အချိန်မှာ ကုလက အခုလို တောင်းဆိုလိုက်တာပါ။

ဒုက္ခသည်တွေနေထိုင်နေတဲ့နေရာတွေက ဒေသခံလူ့အသိုင်းအဝန်းက လူ ၄၉၅,၀၀၀ အပါအဝင် လူပေါင်း ၁.၄၇ သန်းအတွက် အစားအစာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေရရှိရေး၊ အကာအကွယ်ပေးရေး၊ ပညာရေးအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍတွေအတွက် ရန်ပုံငွေရှာဖွေနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထောက်ပံ့ငွေလျော့နည်းသွားလို့ ဒုက္ခသည်တွေဟာ စားဝတ်နေရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းတွေအပါအဝင် နေ့စဉ်ဘဝမှာ ပိုခက်ခဲသွားပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ UNHCR က မနှစ် သြဂုတ်လမှာ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း အလှူငွေဒေါ်လာ ၄၂၆ သန်းရရှိခဲ့ပြီး ဒါဟာ သူတို့လိုအပ်ချက် ဒေါ်လာ ၈၈၁ သန်းထက် ထက်ဝက်နည်းနေပါတယ်။

ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာအရေးကို လျစ်လျူရှု မထားဘဲ တတ်နိုင်သမျှ အကူအညီတွေ ပေးသင့်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း တောင်းဆိုထားကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကိုလည်း ပြန်လို့မရသလို ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း အလုပ် လုပ်ကိုင်ခွင့်မရှိလို့ သူတို့ အနာဂတ်တွေ ပျောက်ဆုံးနေရတယ်လို့ ဆိုပါတယ်။

ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အရေးမရှိဖြစ်နေလို့ အကြမ်းဖက် ရာဇဝတ်မှုတွေဆီကို ဦးတည်စေနေသလို တဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ လှေစီးပြီး မလေးရှားနဲ့ အင်ဒိုနီးရှားဘက်ကို ခိုးထွက်ပြေးသူတွေလည်း များပြားလာတယ်ဆိုပါတယ်။ ဒီလို ထွက်ပြေးလမ်းခရီးမှာ လူအသေအပျောက်တွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။

၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားကြသူတွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ကျဉ်းမြောင်းလှတဲ့စခန်းတွေမှာ နေထိုင်နေကြလို့ အဲဒီနေရာဟာ ကမ္ဘာမှာဒုက္ခသည်တွေ အခြေချနေထိုင်ရာ အကြီးဆုံးနေရာ ဖြစ်နေပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဘက်မှာကလည်း စစ်တပ်က အာဏာသိမ်းထားလို့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကို ပြန်လာနိုင်မယ့် အခြေအနေကလည်း နည်းနေပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကတော့ ကော့ဘဇားက ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၃၀,၀၀၀ ဝန်းကျင်ကို ဘာဆန်ချာ (Bhasan Char) ကျွန်းကို သူတို့ ဆန္ဒအလျောက် ပြောင်းရွှေ့ပေးခဲ့ကြောင်း UNHCR က ပြောပြီး ၂၀၂၃ ခုနှစ်အကုန်မှာ ဒုက္ခသည် စုစုပေါင်း ၁၀၀,၀၀၀ အထိ ဆက်လက်ပြောင်းရွှေ့ ဖို့ စီစဉ်ထားတယ် ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}









ဆက်စပ်သတင်းများ ...

XS
SM
MD
LG