သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကနွယ် အမေရိကန်အနုပညာရှင်တွေရဲ့ ဂုဏ်ပြုပြပွဲ

ပန်းချီပညာရှင် Guy Stanley Philoche က နယူးယောက်မြို့က သူ့ပန်းချီခန်းမှာ သူ့ရဲ့ အတွဲလိုက်ရေးသားထားတဲ့ Give Us Our Flowers ပန်းချီကားတွေကို ကြည့်ရှုနေစဥ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃)
ပန်းချီပညာရှင် Guy Stanley Philoche က နယူးယောက်မြို့က သူ့ပန်းချီခန်းမှာ သူ့ရဲ့ အတွဲလိုက်ရေးသားထားတဲ့ Give Us Our Flowers ပန်းချီကားတွေကို ကြည့်ရှုနေစဥ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုမှာ ဖေဖော်ဝါရီလဟာ အာဖရိကနွယ်ဖွား လူမည်းတွေကိုဂုဏ်ပြုတဲ့ Black History Month လူမည်းသမိုင်းတင်လ ဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လိစ်မြို့မှာတော့ အမေရိကန်ပြည်ထောင်စုမှာကြီးပြင်းလာတဲ့ လူမည်းအနုပညာရှင်တွေက သူတို့ကြီးပြင်းလာတဲ့အတွေ့အကြုံတွေကို ဖော်ပြတဲ့ အနုပညာပြပွဲတခု ကျင်းပနေပါတယ်။ Genia Dulot ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

“Give Us Our Flowers” ကျနော်တို့ ပန်းတွေ ကျနော်တို့ကို ပေးပါ − လို့ နာမည်ပေးထားတဲ့ အခန်းဆက် ပြပွဲဟာ အာဖရိကန်−အမေရိကန်ယဥ်ကျေးမှုကို ဂုဏ်ပြုဖို့ဖြစ်တယ်လို့ နယူးယောက်က အနုပညာရှင် Guy Stanley Philoche က ပြောပါတယ်။

“ကျနော် ငယ်ငယ်က ပြတိုက်တွေကို တချိန်လုံး သွားလေ့ရှိပါတယ်။ အမြဲတမ်းတွေ့ရတာက လူဖြူတွေရဲ့ ပုံတူပန်းချီကားတွေပါ။ ကျနော့်လိုလူမည်းနဲ့ လူညိုတွေရဲ့ပုံတွေ ဘယ်တော့မှမတွေ့ခဲ့ရဘူး။ ဒါကြောင့် ဒီလိုလူတွေကို ဂုဏ်ပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။”

Philoche ကတော့ LA အနုပညာပြပွဲမှာ ပါဝင်တဲ့ လူမည်းအနုပညာရှင်တွေထဲက တဦးပါ။

“Play Time” ကစားချိန် − လို့ နာမည်ပေးထားတဲ့ ပန်းချီခန်းမှာတော့ အမေရိကားမှာ ကြီးပြင်းလာတဲ့ လူဖြူမဟုတ်တဲ့ ကလေးငယ်တွေရဲ့ ခံစားချက်၊ ခံယူချက်တွေကို ပုံဖော်ထားတာလို့ ပန်းချီဆရာ Gregory Saint Amand က ပြောပါတယ်။

“အဖြူနဲ့အမည်းပုံတူတွေမှာ အရောင်တွေကို မျှတအောင်ဖော်ပြချင်တာပါ။ ကျနော့် စိတ်ကူးက − ခင်ဗျား ဘယ်သူလဲဆိုတာကို ဘယ်သူမှမသိတဲ့အခန်းတခုထဲကို ခင်ဗျား လျှောက်လာမယ်ဗျာ။ လူတွေက ခင်ဗျားကို အမျိုးမျိုးမြင်နိုင်ပေမဲ့ ခင်ဗျားပါးစပ်ဟလိုက်ချိန်မှာတော့ ခင်ဗျားရဲ့ကိုယ်ရည်ကိုယ်သွေးကို မြင်ရမှာဖြစ်ပြီး အဲ့ဒါက လူ့အဖွဲ့အစည်းကိုရင်ဆိုင်တဲ့ ခင်ဗျားရဲ့လက်နက် ဖြစ်လာလိမ့်မယ်။ ခင်ဗျားဟာ သူတို့ထဲကတယောက်ဖြစ်တဲ့တချိန်တည်းမှာ အဲ့ဒီလူလည်း ဖြစ်တယ်။ ကျနော့်လက်ရာအားလုံးက ဒီစိတ်ကူးမှာ အခြေခံပါတယ်။”

ဂျမေကာနိုင်ငံမှာ မွေးတဲ့ O’Neil Scott ကတော့ သူ ကလေးဘဝက အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာခဲ့တဲ့အမှတ်တရတွေနဲ့ နိုင်ငံသစ်မှာ နေသားကျဖို့ ကြိုးစားခဲ့ရတဲ့အကြောင်းတွေကို သူ့လက်ရာတွေမှာ ထင်ဟပ်ဖန်တီး ထားပါတယ်။

“အာဖရိကန်−အမေရိကန်တယောက်အနေနဲ့က ဒီကမ္ဘာကြီးမှာ ကိုယ်က ဘယ်လမ်းကိုလျှောက်မလဲဆိုတာကို သတိရှိရှိနဲ့ သေချာနားလည်ဖို့ အရေးကြီးပါတယ်။ ဒါက ကျနော်တို့ခေါင်းထဲ မပြတ်တွေးနေရတဲ့ အရာတွေထဲကတခုပါ။ ကိုယ် ဘယ်လိုခံယူချက်နဲ့လျှောက်မလဲဆိုတာ အမြဲတွေးနေရပါတယ်။”

ပန်းချီဆရာ Serron Green ကတော့ အမေရိကန် လူမည်းတွေဟာ အသိကျိုးကျွန်ပြု ခံရတာကိုရော၊ အလွန်အကျူး မြင်သာ ခံရတာရော နှစ်မျိုးလုံးနဲ့ ကြုံတွေ့ကြရတယ်လို့ ပြောပါတယ်။

“ကျနော် ကိုယ်တိုင် ကြုံတွေ့ရတာတွေမှာတော့ − မြင်သာခံရလွန်းတဲ့ အခြေအနေမျိုးက ပိုများပါတယ်။ ဘာကြောင့်လဲဆို လူမည်းတယောက်ဖြစ်လို့ အန္တရာယ်ရှိတဲ့သူဆိုတာမျိုး ကမ္ဘာက သတ်မှတ်တာကြောင့် မြင်သာပါတယ်။ မသိကျိုးကျွံပြုခံရတာမျိုးကတော့ အများကြီး မကြုံရပါဘူး။ Starbucks ကော်ဖီဆိုင်မှာ စောင့်ရတဲ့အချိန်မျိုးမှာ ကိုယ့်ကိုကျော်တက်ပြီး သူတို့ မမြင်လိုက်တဲ့ပုံစံမျိုး လုပ်တာခံရဖူးပါတယ်။”

ခုလို အနုပညာပြပွဲတွေမှာ လူမည်းတွေပါဝင်တာက လူမှုအသိုင်းအဝိုင်းတခုလုံးကို မြှင့်တင်ရာကျပါတယ်လို့ လူမည်းအနုပညာရှင်တွေကိုစုစည်းပြီး သူတို့ရဲ့ အနုပညာလက်ရာတွေကို LA ပြပွဲမှာ တစုတစည်းတည်းပြသနိုင်အောင် ကူညီပေးခဲ့တဲ့ Brooklyn အခြေစိုက် ပြတိုက်ပိုင်ရှင် Tanya Weddemire က ပြောပါတယ်။

“ပြခန်းထဲ၊ ပြတိုက်ထဲလာကြတဲ့ဘယ်သူမဆို ပုံတူပန်းချီတခုထဲမှာ သူ့ကိုယ်သူ ရှာဖွေတွေ့တဲ့အခါ ဘယ်သူမဆို ကျေနပ်ကြတာပါပဲ။ သူတို့ အသိအမှတ်ပြု ခံရတယ်ဆိုတာမျိုး ခံစားရစေပါတယ်။ ဒီမှာတော့ ကျမကိုယ်ကျမလည်း ဒီပုံထဲမှာ ရှာတွေ့နိုင်တာကြောင့် ဆန်းသစ် ပြောင်းလဲမှု ရှိနေပါတယ်။”

ဒီပြပွဲမှာ ပါဝင်ကြတဲ့ နယူးယောက်အခြေစိုက် အနုပညာရှင်တွေကတော့ ခုလို သတင်းစကားမျိုးကို အနာဂတ် မျိုးဆက်တွေ ဆက်ပြီး သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

အာဖရိကနွယ် အမေရိကန်အနုပညာရှင်တွေရဲ့ ဂုဏ်ပြုပြပွဲ
please wait

No media source currently available

0:00 0:03:54 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG