သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boris Johnson ရဲ့ Brexit အဆိုသစ် အလုပ်ဖြစ်မလား


ဥရောပသမဂ္ဂ EU ကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ ဗြိတိန်နိုင်ငံရဲ့ အဆိုပြုချက်အသစ်ကို EU က သံသယနဲ့ တုံ့ပြန်လိုက်ပါတယ်။ ဗြိတိန် နုတ်ထွက်ပြီးရင် EU ထဲကျန်ခဲ့မယ့် အိုင်ယာလန်သမ္မတနိုင်ငံနဲ့ ဗြိတိန်ထဲဆက်ရှိနေတဲ့ မြောက်အိုင်ယာလန်တို့ကြား နယ်စပ်ရဲ့ အနာဂတ်အရေးမှာ ချောင်ပိတ်မိနေတဲ့ အခြေနေကိုကျော်လွှားဖို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က အစီစဉ်သစ်တရပ်ကို အင်္ဂါနေ့တုန်းက အကျဉ်းရုံးပြောဆိုခဲ့တာပါ။ ဗြိတိန်ကတော့ ဒီလကုန်မှာ EU က နုတ်ထွက်ဖို့ရှိတဲ့အကြောင်း Henry Ridgwell လန်ဒန်က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သူ့ပါတီ ထောက်ခံသူတွေရှေ့မှာ Brexit နုတ်ထွက်ရေး ကတိကို ထပ်ပြီးပြောပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် အောက်တိုဘာ လကုန်ကျရင် ကျနော်တို့ ထွက်မှာပါ။”

EU က နုတ်ထွက်ရေးမှာ အိုင်ယာလန်အတားအဆီးလို့ ခေါ်နေတဲ့ကိစ္စကို EU ဘက်က ဖယ်ရှားနိုင်ရေး အဆိုပြုချက်သစ်တရပ် Johnson က တင်ပြခဲ့ပြီး၊ ဒါက အခြားသဘောတူညီမှု မရခင်အထိ အိုင်ယာလန်နယ်စပ် အတားအဆီးတွေ မလိုလားတဲ့ EU နဲ့ ဗြိတိန်ကို ပိုနီးစပ်စေမှာဖြစ် ပါတယ်။

EU ရဲ့တခုထဲသော ကုန်စည်ဈေးကွက်ထဲမှာ မြောက်အိုင်ယာလန်ဆက်နေဖို့ ဗြိတိန်က အကြံပြုသလို၊ EU ရဲ့အကောက်ခွန် စနစ်ကနေ နုတ်ထွက်ဖို့လည်း အကြံပြုပါတယ်။ အကြံပြုချက်အရ နယ်စပ်မှာ အကောက်ခွန်ဂိတ် တချို့ထားဖို့ လိုအပ်ပါတယ်။ ဘယ်လ်ဂျီယံက EU ပါလီမန် အမတ်တဦး ဖြစ်တဲ့ Guy Verhofstadt ကတော့

“ဒါဟာ အိုင်ယာလန်က လိုအပ်နေတဲ့ အကာအကွယ်မျိုး ပေးနိုင်မယ်လို့ ကျနော်တို့ မထင်ပါဘူး။”

အစောပိုင်း တုံ့ပြန်မှုတွေအရ ဒီအကြံအစည်ဟာ EU နဲ့ အိုင်ယာလန်တို့ရဲ့တောင်းဆိုချက်ကို ဖြည့်တင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Michel Barnier ဟာ EU အဖွဲ့က Brexit ညှိနှိုင်းရေးမှူးတယောက်ဖြစ်ပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အားလုံးပြီးပြည့်စုံဖို့ အများကြီးလုပ်ဖို့ လိုပါသေးတယ်။”

ဗြိတိန်နိုင်ငံထဲမှာလည်း အကြပ်အတည်းတွေက ရှိနေပါတယ်။ Boris Johnson နဲ့ EU တို့ သဘောတူညီချက် ရသည့်တိုင်အောင် ဗြိတိန် လွှတ်တော်မှာ အတည်ပြုဖို့ လိုသေးတာပါ။

Alan Wager ဟာ ဗြိတိန်နိုင်ငံက Changing Europe Program အဖွဲ့ဝင် တဦးဖြစ်ပါတယ်။

“သူပြန်လည် တင်ပြလာမယ့် ဘယ်လို အပေးအယူ မျိုးကိုဖြစ်ဖြစ် လေဘာပါတီအမတ်တွေ လက်မခံတော့တဲ့ အထိ ဗြိတိန်အောက်လွှတ်တော်မှာ စိတ်ဝမ်းကွဲအောင် Boris Johnson လုပ်ထားခဲ့လေပြီလားလို့ EU က စိုးရိမ်နေပါတယ်။”

Johnson မတိုင်ခင် ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ Theresa May တုန်းက ခွဲထွက်ရေးသဘောတူချက်ကို ၃ကြိမ် အပယ်ချခံခဲ့ရသလို၊ ကွန်ဆားဗတစ် အစိုးရဟာလည်း အတိုက်ခံ လေဘာအမတ်တွေရဲ့ မဲအပေါ် အားထားနေရတဲ့အခြေနေ ဆိုက်ခဲ့ပါတယ်။

လေဘာပါတီခေါင်းဆောင် Jeremy Corbyn ကတော့

“ဒါက Theresa May သဘောတူညီခဲ့တာထက်တောင် ပိုဆိုးနေပါတယ်။ ဒါက Boris Johnson သူ ရမယ်လို့ ထင်ထားတဲ့ ထောက်ခံမှုမျိုး ရလာလိမ့်မယ်လို့ ကျနော်မမြင်ပါဘူး။”

မကြာခင်က ဗြိတိန်မှာပြဌာန်းလိုက်တဲ့ ဥပဒေအရတော့ ဗြိတိန်နုတ်ထွက်ရေး အချိန်တိုးပေးဖို့ EU ကို တောင်းဆိုရမှာပါ။ မကြာခင် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အကွက်ဆင်မှုတွေဟာ ဥရောပတခုထဲကို ရည်ရွယ်တာ မဟုတ်ပဲ၊ ဗြိတိန် မဲဆန္ဒရှင်တွေကိုလည်း ရည်ရွယ်နေတာ ဖြစ်ပါတယ်။

........................

{Unicode}

Boris Johnson ရဲ့ Brexit အဆိုသဈ အလုပျဖွဈမလား



















တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG