သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ အခြေအနေ၊ အလားအလာ


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံရွေးကောက်ပွဲ အထူးလေ့လာစောင့်ကြည့်ရေးအဖွဲ့ New Myanmar Foundation (NMF) ရဲ့ အမှုဆောင်ဒါရိုက်တာ မမြနန္ဒာသင်း ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မေး ။ ။ မင်္ဂလာပါ မမြနန္ဒာသင်း။ လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စက်တင်ဘာလ (၈) ရက်နေ့က နိုဝင်ဘာလ (၆) ရက်နေ့ ည (၁၂) နာရီအထိ ခွင့်ပြုထားပါတယ်။ အဲဒီမှာ အနည်းဆုံး (၆) ပေခွါပြီးတော့ တစ်ကြိမ်မှာ လူ (၅၀) ထက်မပိုတဲ့ စုဝေးမှုတွေနဲ့ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ကြပါဆိုပြီးတော့ ညွန်ကြားထားတာ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေဘက်နဲ့ ကိုယ်စားလှယ်တွေဘက်က လိုက်နာမှုအားနည်းနေတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ပါတီတွေဘက်က ကြီးကြပ်ပေးကြပါအုံးလို့ ရွေးကောက်ပွဲကော်မရှင်က မနေ့ အောက်တိုဘာလ (၂၄) ရက်နေ့က ကြေညာချက်ထုတ်ပြီး မေတ္တာရပ်ခံတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီ ထောက်ခံဝန်ရံသူတွေကြားမှာ ခိုက်ရန်ဖြစ်တာတွေ၊ မတော်တဆဖြစ်တာတွေနဲ့ စိုးရိမ်စရာအနေအထား ဖြစ်လာပါတယ်။ ဒီအပေါ်မှာ ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်နေတဲ့ မမြနန္ဒာသင်းတို့အနေနဲ့ ဘယ်လိုများသုံးသပ်မိသလဲ။

ဖြေ ။ ။ အခုကတော့ ကိုဗစ်ကာလမှာတော့ ကျန်းမာရေးဝန်ကြီးဌာနကနေ ကိုဗစ်စည်းကမ်းတွေ၊ မဲဆွယ်စည်းရုံးတဲ့အခါမှာ လိုက်နာရမယ့် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်တာမျိုးတွေ ရှိပါတယ်။ SOP (1) နဲ့ (2) ဆိုပြီးတော့ - ဒါပေမဲ့လဲ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှုကြတော့ နည်းနည်းကွဲပြားသွားတယ်။ အဲဒါက ဘယ်လိုဖြစ်သလဲဆိုတော့ ကိုဗစ်မှာ လူ (၅၀) ကန့်သတ်လိုက်တဲ့ အခြေအနေပေါ်မှာ တခါတလေမှာ ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်မပါတော့ဘဲနဲ့ ဝန်ရံထောက်ခံတဲ့လူတွေဆိုပြီး အုပ်စုလိုက်တွေက ထွက်ကြတာပါ။ ပါတီပေါင်းစုံတွေက သွားကြလာကြတာ။ အဲဒီအခါမှာ ခွင့်ပြုချက်တင်တာမျိုး မရှိကြတော့ဘူး။ ပါတီတစ်ခုနဲ့တစ်ခု ထိပ်တိုက်လမ်းကြောင်းပေါ်မှာ တွေ့တာတွေရှိတယ်။ ဒီဟာကို အရေးယူတာတွေ အချိန်မီ မလုပ်နိုင်ကြဘူး။ ဒီအရေးယူမှုအပိုင်းနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့မှုအပိုင်းမှာ နည်းတာရယ်၊ လုံခြုံရေးပိုင်းက မချနိုင်တဲ့အပိုင်းပေါ်မှာ အခြားသော မလိုလားအပ်တဲ့ ပြဿနာတွေ။ ဥပမာ ထိပ်တိုက် ပါတီနှစ်ခုက၊ ဆန့်ကျင်ဘက်အုပ်စုနှစ်စုက ထိပ်တိုက်တွေ့မယ်ဆိုရင် အငြင်းပွားမှုတွေဖြစ်တယ်။ ရိုက်ကျနှက်ကျတာတွေ ဖြစ်ကြတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ အခုမဲဆွယ်စည်းရုံးနေကြတယ်။ ဒါပေမဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ ဒီပါတီကြီးနှစ်ခုဖြစ်တဲ့ လက်ရှိအာဏာရပါတီ NLD နဲ့ အတိုက်အခံပါတီ ပြည်ထောင်စုဖွံ့ဖြိုးရေးနဲ့ ကြံ့ခိုင်ရေးပါတီ လူအုပ်စုတွေကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကဆိုရင် မကွေးတိုင်းဘက်မှာ လူအသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်လူအုပ်စုအလိုက် ယာဉ်မတော်တဆ တိုက်တာတွေ၊ လူထုအသက်အန္တရာယ်ရှိတဲ့ အနေအထားတွေလည်း ဖြစ်လာနေတော့ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေဘက်နဲ့ ပြည်ထောင်စုရွေးကောက်ရေးကော်မရှင်ဘက်က ဘယ်လိုကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်တယ်လို့ အကြံပေးတာ ရှိပါသလဲ။

ဖြေ ။ ။ အဓိကတော့ ကျမတို့က မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီဆိုတာ ရှိပါတယ်။ အဲဒီမှာဆိုရင် အုပ်ချုပ်ရေးပိုင်းပါမယ်။ ရဲမှူးပါမယ်။ နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ရပ်မိရပ်ဖတွေ ပါပါတယ်။ ဆိုတော့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီကို အမြန်ဆုံးအသက်သွင်းဖို့လိုတယ်။ နောက်နံပတ် (၂) ကတော့ ကိုယ်စားလှယ်လောင်းတွေကပဲထွက်ထွက်၊ ဝန်ရံသူတွေပဲထွက်ထွက် ဒီအခြေအနေပေါ်မှာ ခွင့်ပြုချက်တင်ရမယ်ဆိုတဲ့ အခြေအနေတစ်ခုကို ထုတ်ပြန်ဖို့ လိုပြီးတော့ အဲဒီလိုမျိုးတွေ တင်လာတဲ့အခါမှာလဲ ချက်ချင်းလုံခြုံရေးတွေ လိုက်ပါသွားဖို့လိုတယ်။ ဒီလိုလိုက်ပါသွားခြင်းဖြင့် ဥပမာ ပါတီတစ်ခုနဲ့တစ်ခု ထိပ်တိုက်တွေ့တဲ့အခါ ကြိုတင်ပြီးတော့ တားမြစ်ဟန့်တားနိုင်မယ်။ နောက်တစ်ခုကတော့ Early warning sign တွေ ပဋိပက္ခ ဖြစ်တော့မယ့်အသွင်ကို ဆောင်နေပြီဆိုတာနဲ့ ဒါကိုတွေ့တဲ့လူတွေက ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မရှင်ကို အကြောင်းကြားတာမျိုး၊ ဒါမှမဟုတ် အနီးစပ်ဆုံးရဲစခန်းကို အကြောင်းကြားတာမျိုးတွေကို ကြိုတင်ပြီးတော့ လုပ်သင့်တယ်။ ပိုအရေးကြီးတစ်ခုကတော့ အခုန ရွေးကောက်ပွဲလုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီအနေနဲ့ Call Centers တွေ ဖွင့်သင့်တယ်။ Call Centers တွေမှာ မဲဆန္ဒရှင်တစ်ယောက်ယောက်ကပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေပဲဖြစ်ဖြစ် ဖုန်းဆက်လိုက်တယ်ဆိုတာနဲ့ ပဋိပက္ခဖြစ်တော့မယ့် အခြေအနေကို တွေ့နေရပြီ၊ အခုအချင်းများနေကြပြီ၊ ချက်ချင်း လုံခြုံရေးကို လွှတ်ပေးပါဆိုလို့ရှိရင် လုံခြံရေးက ရောက်လာရမယ်။

နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကလဲ တစ်ဦးတစ်ဖွဲ့တည်း ကော်မရှင်တစ်ဖွဲ့တည်းနဲ့ လုပ်လို့ရတဲ့ အနေအထားမျိုးမှာ မရှိဘူး။ လုံခြုံရေးလည်း လိုအပ်တယ်။ အဲဒီတော့ ကျမတို့ ဘာလဲဆိုတော့ သတင်းအချက်အလက် စီးဆင်းမှုတွေက မြန်ဆန်နေရမယ်။ ချက်ချင်းတစ်ဦးတစ်ယောက်က အကြောင်းကြားပြီဆိုတာနဲ့ တုံ့ပြန်ပြီး Action ယူတဲ့ဟာမျိုး အဲဒါမျိုးကိုတော့ ဒီနှစ်ပတ်အတောအတွင်းမှာ အရေးတကြီး လုပ်ဆောင်သင့်တယ်လို့ ကျမတို့ အကြံပြုချင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲ ထူးခြားချက်ကလဲ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေ ဖြစ်တာပေါ့။ ဒီလို စည်းရုံးရေး၊ အောင်နိုင်ရေးတွေ လူအုပ်စုတွေ သွားလာနေတဲ့အချိန်မှာ ဝန်ရံနေတဲ့ လူတွေသာမကဘူး၊ အများပြည်သူတွေရဲ့ အသက်အန္တရာယ်တွေ လုံခြုံရေးအတွက်ကလဲ စိုးရိမ်စရာတွေ ရှိပါတယ်။ ဒီတော့ အရေးတကြီးလိုက်နာရမယ့် လမ်းညွန်ချက်တွေကို မမြနန္ဒာသင်းအနေနဲ့ ဘယ်လို အကြံပြုချင်တာ ရှိပါသလဲ။

ဖြေ ။ ။ ပါတီတွေက ဝန်ရံသူတွေကို မထွက်ဖို့ဆိုပြီးတော့ ထုတ်ပြန်တာတွေ ရှိပါတယ်။ ဒါပေမဲ့လဲ ကြပ်ကြပ်မတ်မတ် လုပ်နိုင်ဖို့ကြတော့ ခက်သွားတယ်။ ဝန်ရံသူဆိုတာ ပါတီဝန် ဟုတ်ချင်လဲဟုတ်မယ်။ မဟုတ်တာမျိုးတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့လဲ ဒီထက်ပိုမိုပြီးတော့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ - ဥပမာ ပါတီဝင်တွေ မထွက်ရဘူးဆိုတာမျိုး တစ်ခုခုပဲဖြစ်ဖြစ် ဒီလိုမျိုးလုပ်တာပဲဖြစ်ဖြစ်၊ တကယ်လို့ သွားမယ်ဆိုရင်လဲ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လူ (၅၀) ထက်မပိုအောင် ဘယ်လိုလုပ်မလဲ။ ဒီလိုအခြေအနေမျိုးတွေကို ပါတီတွေက တိုင်ပင်သင့်တယ်။ စောင့်ကြည့်သင့်တယ်။ အရေးကြီးဆုံးက ဘာလဲဆိုတော့ အထူးရဲ - အခုဆိုရင် ကျမတို့ သိရသလောက်တော့ အထူးရဲတွေကို ရွေးကောက်ပွဲနေ့တစ်နေ့အတွက် ဒါမှမဟုတ် မဲရုံသုံး ပစ္စည်းတွေ သယ်ဖို့ပြုဖို့အတွက်ပဲ တာဝန်ပေးတယ်လို့ ကျမတို့ သိရပါတယ်။ ဥပမာ မဲဆွယ်စည်းရုံးရေးပိုင်းတွေ၊ ဝန်ရံသူတွေသွားတဲ့လမ်းတွေမှာ လုံခြုံရေးကို မတွေ့ရဘူး။ လုံခြုံရေးကို မတွေ့ရခြင်းဟာ ပြဿနာတွေ ဖြစ်နိုင်ဖို့ကို ပိုပြီးတော့ ဦးတည်စေတယ်။ အထူးသဖြင့်တော့ ရွေးကောက်ပွဲဆိုင်ရာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကို ပိုပြီးတော့မှ ဖြစ်လာနိုင်စေတယ်။ ဒီအတွက်ကြောင့်မို့ ကျမတို့က သင့်တော်တယ် ထုတ်ပြန်ချက်တစ်ခုကို အမြန်ဆုံးထုတ်ပြန်သင့်တယ်။ ဥပမာ ဝန်ရံသူတွေဆိုရင်လဲ ခွင့်ပြုချက်တင်ရမယ်ဆိုတာမျိုး ဒါမှမဟုတ်ရင်လဲ အဲဒီမှာ လုံခြုံရေး လိုက်ပေးတာမျိုး ဒီလိုမျိုးတွေ လုပ်မှသာ အန္တရာယ်ကင်းမယ်။

နောက်တစ်ခုကတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ခေါ်ယူသတိပေးတဲ့ အခြေအနေမျိုးတွေ၊ ဒါမှမဟုတ် ပြစ်မှုပြစ်ဒဏ်အရ အမှုဖွင့်တာမျိုးတွေကိုတော့ လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။

မေး ။ ။ အခုပြောနေတာကတော့ မြို့ပေါ်လူထုတွေရဲ့ လုံခြုံရေးပေါ့။ နောက်တစ်ခုက တိုင်းရင်းသားဒေသတွေက အထူးသဖြင့် တိုက်ပွဲတွေဖြစ်နေပြီး၊ စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့နေရာ။ အဲဒီနေရာတွေမှာ တပ်မတော်ရဲ့ အကြံပေးချက်အရ ရွေးကောက်ပွဲကို ကျင်းပခွင့်မပေးတာတွေ ရှိတယ်။ ဒါပေမဲ့ ချင်းပြည်နယ် ပလက်ဝဘက်ဆိုရင် ရွေးကောက်ပွဲ ကျင်းပပေးလိုက်တာရှိတယ်။ ဒီလိုမျိုး နယ်မြေဒေသလုံခြုံမှု စိုးရိမ်စရာနေရာတွေက ပြည်သူလူထု လုံခြုံရေးအတွက် သက်ဆိုင်တဲ့ ပြည်နယ်နဲ့တိုင်း တာဝန်ရှိသူတွေနဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေဘက်က အရေးတကြီး ဘာတွေဆောင်ရွက်ပေးသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အဓိကတော့ ဒီလိုနေရာမျိုးတွေမှာ လုံခြုံရေးပိုင်း - ကျမတို့ ပြီးခဲ့တဲ့ (၃) ရက်တာ အောက်တိုဘာ (၁၉၊ ၂၀၊ ၂၂) မှာ နိုင်ငံရေးပါတီ (၃၀) ကျော်လောက်နဲ့ ဆွေးနွေးပွဲ ရွေးကောက်ပွဲ ပဋိပက္ခနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲဆိုပြီး လုပ်ခဲ့တယ်။ အရပ်ဘက်အဖွဲ့ (၆၀) ကျော်နဲ့ ဒေသအသီးသီးမှာရှိတဲ့ လူငယ် CSO တွေကို ဖိတ်ကြားပြီးတော့ အစည်းအဝေးတွေ လုပ်တဲ့အခါမှာ သူတို့ဘက်က အကြံပြုတဲ့ဟာတွေ ရှိတယ်။ အထူးသဖြင့်ကတော့ အဲဒီလိုဒေသတွေမှာ အရပ်ဘက်လူမှု့အဖွဲ့တွေ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၊ စေ့စပ်ညှိနှိုင်းရေးကော်မတီ၊ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအဖွဲ့တွေ ပုံမှန်တွေ့ဆုံမှုတွေ လုပ်ပြီးတော့ ချက်ချင်းသတိပေးတဲ့စနစ် - ဘယ်နေရာမှာဆိုရင် ဘာဖြစ်တယ်၊ လုံခြုံမှုရှိတယ် မရှိဘူး။ နောက်ပြီးတော့ လုံခြုံမှုရှိတယ် မရှိဘူးဆိုတာလဲ ကျမတို့က ချက်ချင်းဆုံးဖြတ်လို့ရတာ မဟုတ်ဘဲနဲ့ တခါတလေကြတော့ စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အဆင်ပြေသွားတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုး engagement တွေကို ပိုပြီးတော့ လုပ်ပေးရမယ်ပေါ့။ ဒီနေရာမှာ စေ့စပ်ညှိနှိုင်းရေးလုပ်တဲ့ အုပ်စုတွေက အားနည်းနေသေးတယ်လို့ ထင်တယ်။ တဘက်နဲ့တဘက် မဆွေးနွေး၊ စကားမပြောဘဲနဲ့ လုံခြုံရေးအခြေအနေ ကောင်းမွန်တဲ့နေရာမှာလဲ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုပြီး ပယ်လိုက်တာတွေ ရှိသလို၊ တကယ်ဖြစ်နေတဲ့ နေရာမှာလဲ ပယ်သင့်ပယ်ထိုက်တဲ့ ကျေးရွာတချို့ ရှိနိုင်တယ်။ အဓိကတော့ ဆုံပြီးစကားပြောမှသာ ဘယ်လောက်အခြေအနေထိ ဖြစ်နေတယ်၊ ဘယ်လိုဖြစ်နေတယ်။ အဲဒီဟာက ဖြေရှင်းလို့ရသလား၊ မရဘူးလားဆိုတဲ့ အနေအထားမျိုးကို ကျမတို့ သိနိုင်တယ်။

မေး ။ ။ နောက်တစ်ခုက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးမှာ အဓိက တာဝန်အကြီးဆုံးဖြစ်တဲ့၊ အဓိကတာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိတဲ့သူတွေကို ဒီအခြေအနေမှာ အရေးကြီးဆုံး လုပ်ဆောင်ရမယ့်အချက် ဘာတွေကို ထပ်ပြီးတော့ သတိပေးချင်တာ ရှိပါသလဲ။

ဖြေ ။ ။ အဓိက ဒီမှာက နှစ်ပိုင်း ရှိတယ်။ တစ်ပိုင်းက ကိုဗစ် - ကျန်းမာရေးလုံခြုံရေးနဲ့ နောက်တစ်ခုက ပဋိပက္ခဆိုင်ရာ လုံခြုံရေး နှစ်ခုကို တပြိုင်နက်ထဲ ဖြေရှင်းရတဲ့ အခြေအနေ ဖြစ်တယ်။ ဒါလဲ အရပ်ဘက်အဖွဲ့တွေက ဝေဖန်ပြောဆိုနေပေမယ့် တကယ်တမ်းလက်တွေ့မှာ လုပ်ရတဲ့အခါမှာလဲ ကိုယ်တိုင်ကိုယ်ကျ လုပ်ရတဲ့အဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲတွေတော့ ရှိမှာပေါ့။ မထင်မှတ်ထားတဲ့ဟာတွေကို ပြင်ဆင်ရတဲ့ဟာမျိုး။ အဲဒီလိုမျိုး ဖြစ်တဲ့အပေါ်မှာ ကျမတို့က ပြင်ဆင်ရမယ့်ဟာတွေကများတယ်။ အထူးသဖြင့်တော့ ဒီလိုရက်မျိုးမှာ ကောင်းတာကတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေဆီကနေ အကြံပြုချက်တွေကို တောက်လျှောက်ရယူနေတာမျိုး။ တခါတလေကြတော့ အစည်းအဝေးလုပ်တယ်ဆိုတာ အချိန်ကုန်တဲ့အခါကြတော့ အစည်းအဝေးရယ် မဟုတ်ပေမယ့်လဲ ဒီနေရာမှာတော့ ဒီလိုဖြစ်နေတယ်။ ဒါဆိုရင် ချက်ချင်းဖြေရှင်းနိုင်တဲ့ Communication လမ်းကြောင်းလေးတွေကို ချမှတ်ထားဖို့လိုတယ်။ နောက်တစ်ခုကတော့ တာဝန်ယူမှု၊ တာဝန်ခံမှု။ တခါတလေကြရင် ကျမတို့ရဲ့ လူမှုအဖွဲ့အစည်းတွေက ဘယ်သူမှ ဘာတာဝန်ရှိမှန်း မသိဘူး။ ပြီးတော့ ကိုယ့်ရဲ့တာဝန်ကိုလည်း အသုံးမပြုရဲတဲ့ဟာမျိုးလည်း ရှိတယ်။ ကိုယ့်ဆီကိုယ် သတင်းတစ်ခုက ရောက်လာပြီ၊ ဥပမာ မြို့နယ်ကော်မရှင်မှာ၊ ဒါမှမဟုတ် အရပ်ဘက်တစ်ခုခုမှာ သတင်းလေးတစ်ခုက ရထားတယ်။ ဒါကလဲ ရွေးကောက်ပွဲလုံခြုံရေးအတွက် အရေးကြီးတယ်။ အဲဒါမျိုးဆိုရင် ကိုယ်က ဆုံးဖြတ်နိုင်တာ၊ လုပ်နိုင်တာ ချက်ချင်းလုပ်ဖို့။ ကိုယ်ကမလုပ်နိုင်ဘူးဆိုရင် ချက်ချင်း ဒီဟာကို သက်ဆိုင်တဲ့လူတွေဆီကို သတင်းအချက်အလက်တွေကို အရောက်ပို့ဖို့ အဓိက ဆက်သွယ်ရေးကောင်းကောင်းလုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေက ပိုပြီးတော့ အားကောင်းဖို့လိုတယ်။ နောက်တစ်ခုကလဲ ဒေသအသီးသီးမှာရှိတဲ့ အရပ်ဘက်အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပြီးတော့ ဒီလိုမျိုး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေတွေ ရှိနိုင်တယ်ဆိုရင် သူတို့ကို သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ ပူးပေါင်းဆောင်ရွက်ရတဲ့ဟာမျိုးကိုတော့ လုပ်ရမယ်။ ဆိုချင်တာကတော့ ဒီလိုအချိန်မှာ အခက်အခဲတွေ၊ ဘေးအန္တရာယ်ကပ်ရောဂါ ရှိနေချိန်မှာ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရဘူး။ အဲဒီအတွက်ကြောင့်မို့ အားလုံးကပူးပေါင်းပြီးတော့မှ လုံခြုံရေးနဲ့ ပတ်သက်သမျှ ဖြစ်နိုင်သမျှသော အကြံပြုချက်တွေကို လုပ်ဆောင်နိုင်သမျှ အတတ်နိုင်ဆုံး လုပ်သွားသင့်တယ်။ ဒီဟာကိုပဲ ပြောချင်ပါတယ်။

==Unicode==














XS
SM
MD
LG