သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ဖို့


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲက ဒေသခံပြည်သူများများဟာ ပညာအဆင့်အတန်း နိမ့်ကျတဲ့အတွက် သူတို့ရဲ့ အခက်အခဲတွေကိုတောင် မတင်ပြတတ်ကြဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောဆိုပါတယ်။ ကျောင်းတိုင်းမှာ၊ ရွာတွေမှာ ကျောင်းမရှိတဲ့ အခက်အခဲ၊ လမ်းပန်ဆက်သွယ်ရေး အခက်အခဲတွေကြောင့် ပညာမသင်ကြားနိုင်ကြတဲ့ အခြေအနေကို သူ့အနေနဲ့ ပြောင်းလဲနိုင်အောင် ကြိုးစားသွားမယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ တအောင်း ပလောင် အမျိုးသားပါတီရဲ့ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး ကို ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒေါ်ခင်စိုးဝင်း က ဒေါ်နန်းမိုး ကို တွေ့ဆုံမေးမြန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ အခုလိုမျိုး မနန်းမိုးအနေနဲ့ ကျမတို့ VOA အမေရိကန်အသံကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဒေါ်နန်းမိုး ။ ။ မင်္ဂလာပါ။ ကျမကလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို မနန်းမိုးတို့လို လူငယ်တွေ ဒီနိုင်ငံရေးလောကထဲကို ပါဝင်လာပြီတော့ ပြည်သူ့လွှတ်တော်မှာ တကယ့်ကို လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဝင်ခွင့်ရပြီဆိုတော့ အမျိုးသမီးထုကိုလည်း ကိုယ်စားပြုသလို ရှိတာပေါ့။ ပြီးတော့ လူငယ်ထုကိုလည်း ကိုယ်စားပြုတာပေါ့။ ကိုယ် ဘယ်လိုများ ခံစားရပါသလဲရှင့်။

ဒေါ်နန်းမိုး ။ ။ ကျမ အရမ်းပဲ ဝမ်းသာပီတိ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအထိ အမျိုးသမီးလူဦးရေက အရမ်းကို နည်းပါးတယ်။ ပြီးတော့ နောက်ထပ်အချက်ကတော့ ဝမ်းသာရတဲ့ အကြောင်းရင်းကတော့ ဒီဘက်ပိုင်းမှာဆိုရင်လဲ ခြုံကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ရှိနေတဲ့ အမျိုးသမီးတွေက အရင်တုန်းကထက်ပိုပြီးမှ နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာတာကို တွေ့ရတယ်။ နောက်ပြီးတော့ ပိုပြီးတော့ ကျမ ခံစားမိတာ တခုရှိတာက လက်ရှိ အမျိုးသမီးတွေ၊ အမျိုးသမီးလူငယ်ထဲမှာ ကျမတို့ကို အားကျပြီးတော့ တကယ်ပဲ နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာတာကို ကျမ တွေ့ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မနန်းမိုး ကိုယ်စားပြုတဲ့ မြို့နယ် နဲ့ ပါတီအကြောင်းလေး ပြောပြပေးပါရှင့်။

ဒေါ်နန်းမိုး ။ ။ ကျမ ကိုယ်စားပြုတဲ့ မြို့နယ်ကတော့ မန်တုံမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ တအောင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကနေ ကိုယ်စားပြုထားတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ပါတီအနေနဲ့ကော..

ဒေါ်နန်းမိုး ။ ။ ပါတီက တအောင်း ပလောင် အမျိုးသားပါတီပါရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ အခု ပြည်သူ့လွှတ်တော်မှာ ရေးရာကော်မတီတွေလည်း ဖွဲ့စည်းပြီးပြီဆိုတော့ မနန်းမိုး ပါဝင်ရတဲ့ ပါတီရေးရာကော်မတီလေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါလားရှင့်။

ဒေါ်နန်းမိုး ။ ။ ကျမ ပါဝင်ခွင့်ရတဲ့ ရေးရာကော်မတီကတော့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ နဲ့ International Parliament Union Committee မှာ ပါဝင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီရဲ့ လုပ်ငန်းဆောင်တာလေးကို အကျဉ်းချုံပြီးတော့ ပြောပြပေးပါလားရှင့်။

ဒေါ်နန်းမိုး ။ ။ သူ့အဓိကတော့ တနိုင်ငံနဲ့တနိုင်ငံကြားမှာရှိတဲ့ ပါလီမန်နဲ့ သက်ဆိုင်တဲ့ ဆက်ဆံရေးပါ။

ဒေါ်ခင်စိုးဝင်း ။ ။ မနန်းမိုးတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါခဲ့ရလား မသိဘူး။ ဟိုတလောလုံးက လွှတ်တော်ကိုယ်စားလှယ်တွေကို UNDP က ဦးစီးပြီးတော့ သင်တန်းတွေ ပေးတယ်လို့ ကြားပါတယ်ရှင့်။ အဲဒါနဲ့ ပတ်သက်လို့ ဘာများ ပြောလို့ရပါသလဲရှင့်။

ဒေါ်နန်းမိုး ။ ။ လွှတ်တော်ရုံးမှာ သင်တန်းပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရမ်းကောင်းပါတယ်။ ပါတယ်။ ပါပေမယ့် အပြည့်တော့ မတက်ခဲ့ရဘူး။ ဒါပေမဲ့ အရမ်းကောင်းတဲ့ Programs တွေ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားတို့က လာပြီးတော့ တကယ့် လွှတ်တော်အမတ်တွေကိုယ်တိုင် သင်ကြားပို့ချပေးတဲ့၊ ပညာရှင်တွေကိုယ်တိုင် သင်ကြားပို့ချတဲ့အတွက်ကြောင့် ကျမတို့လို အရမ်းကို နုနယ်တဲ့ နိုင်ငံရေးသမားတွေအတွက်၊ နိုင်ငံရေးနုနယ်တဲ့ ကျမတို့လို လွှတ်တော်အမတ်တွေအတွက်တော့ အများကြီးကို အကျိုးရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ပလောင်ဒေသမှာ ဘိန်းစိုက်ပျိုးတာတွေလည်း ကြားနေရတယ်။ အဲဒီ ဘိန်းစိုက်ပျိုးမှု အခြေအနေနဲ့ ထိန်းချုပ်နိုင်မှု အခြေအနေ ဘယ်လိုများ ရှိပါလဲရှင့်။

ဒေါ်နန်းမိုး ။ ။ ဘိန်းစိုက်ပျိုးမှု အခြေအနေ ဥပမာ ကျမတို့ တအောင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နေရာမှာဆို တော်တော် နည်းပါးသွားပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျမတို့ဒေသမှာရှိတဲ့ အစိုးရအနေနဲ့တော့ ထိန်းချုပ်ပေးတာတို့၊ ထိန်းချုပ်ပေးနိုင်တာတို့၊ ထိန်းချုပ်ပေးတာတို့၊ ကာကွယ်ပြီ လုပ်ပေးတာတို့ ဘာတို့တော့ လုံးဝကို မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ ကျမတို့ ဒေသအနေနဲ့တော့ စိုက်ပျိုးမှုကတော့ တော်တော်ကို နည်းပါးသွားပြီလို့ ပြောရမှာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ဘိန်းအစားထိုး သီးနံှတွေ ဘာတွေကော စိုက်ပျိုးဖို့ ရှိပါလား မသိဘူး။

ဒေါ်နန်းမိုး ။ ။ ဘိန်းအစားထိုး သီးနံှကတော့ ဘိန်းစိုက်ပျိုးမှုက အရမ်းနည်းပါးသွားတာက လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က တော်တော်နည်းပါးသွားပြီပေါ့။ ဒါပေမဲ့ ကျမတို့ ပလောင်ဒေသမှာတော့ အစားထိုးသီးနံှ စိုက်ပျိုးတာတို့၊ လုံးဝမရှိဘူး။ လက်ရှိ သူတို့က ကျမတို့ ဘိုးစဉ်ဆက်ကတည်းက စိုက်ပျိုးခဲ့တဲ့ လက်ဖက်ကိုပဲ

ဒေါ်ခင်စိုးဝင်း ။ ။ လက်ဖက်ကို ခေတ်မီနည်းပညာတွေနဲ့ ပိုပြီးတော့ တိုးတက်ကောင်းမွန်အောင်၊ နိုင်ငံခြား အကူအညီတွေ၊ ကုလသမဂ္ဂ၊ FAO တို့ စားနပ်ရိက္ခာအဖွဲ့အစည်း အစီအစဉ်နဲ့ လယ်ယာစိုက်ပျိုးဘက်က ကျွမ်းကျင်သူတွေနဲ့ အဲဒီလို လုပ်ဖို့ တ

ဒေါ်နန်းမိုး ။ ။ ကျမကတော့ ဒီလို လာချိတ်ဆက်တာတို့၊ ကျမတို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မှာတော့ လာချိတ်ထားတာတော့ မရှိတော့ဘူး။ ဒါပေမဲ့ အစီအစဉ်တော့ ရှိတယ်။ ကျမတို့ မန်တုံဒေသအနေနဲ့တော့ မရှိသေးဘူးပေါ့။ တကယ်တော့ လာချိတ်ဆက်တဲ့ နိုင်ငံတွေ ရှိခဲ့ရင်တော့ ကျမတို့က အမြဲတမ်း ကြိုဆိုနေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ကြားနေရတာက တအောင်း ပလောင်အဖွဲ့ လက်နက်ကိုင်အဖွဲ့နဲ့ RCSS ရှမ်းပြည်တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒါကို RCSS ဘက်ကနေ ကူပြီးတိုက်ပေးတယ်တို့ သတင်းတွေကတော့ အမျိုးမျိုးပေါ့။ လေကြောင်းကနေ တိုက်ခိုက်နေတာတွေလည်း ကြားနေရတော့ ဒီတိုက်ပွဲတွေကြားထဲမှာ မြေစာပင် ဖြစ်နေတဲ့ ပြည်သူလူထု၊ ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေ သူတို့တွေရဲ့ လူမှုရေး အခက်အခဲတွေအတွက် လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဘယ်လောက် အတိုင်းအတာထိများ ကူညီပံ့ပိုးပေးနိုင်မယ်လို့ ယူဆပါလားရှင့်။

ဒေါ်နန်းမိုး ။ ။ ကျမကတော့ ပြည်သူဖက်က အမြဲတမ်းရပ်တည်တဲ့ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်လည်း ဖြစ်နေတဲ့အတွက်ကြောင့် ကျမတို့ဆီမှာတော့ အစီအစဉ်တော့ ရှိတယ်။ တအောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတင် မကဘူး၊ တခြား မြို့နယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကလည်း အစီအစဉ် ရှိပါတယ်။ လာမယ့် တက်မယ့်အစိုးရတွေ၊ အစိုးရသစ်မှာမှ ကျမတို့ ပြည်သူဖက်ကနေနေပြီး၊ ပြည်သူတွေအတွက် ဘယ်လို လုပ်ဆောင်ကြမလဲဆိုတဲ့ အစီအစဉ် ဆွဲထားတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေ ဖြစ်တာက အဓိက သူတို့အချင်းချင်း ဘယ်လိုအကြောင်းနဲ့ တိုက်ကြသလဲဆိုတာတော့ ကျမတို့ကတော့ ဂဃနဏကို မသိဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးတွေက တကယ်တော့ မကောင်းဘူး။ နောက်ပြီ ကျမတို့ တိုင်းရင်းသားအချင်းချင်းလည်း ဟုတ်တယ်။ နောက်ဆုံး အဓိက မြေစာပင် ဖြစ်ရတာက တိုင်းရင်းသားတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ တိုင်းရင်းသားတွေမှာ ပလောင်တမျိုးထဲ နေထိုင်တာ မဟုတ်ဘူး။ တခြားရှမ်းလူမျိုးတွေ၊ ကချင်တိုင်းရင်းသားတွေ ရှိတဲ့အတွက်ကြောင့် ကျမတို့ ပြည်သူဘက်နေ အတတ်နိုင်ဆုံး ဒီလာမယ့် အစိုးရသစ်မှာ ကြိုးစားပြီးမှ လုပ်ဆောင်သွားမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကိုယ့်ကို မဲဆန္ဒ ပေးခဲ့တဲ့ ပြည်သူတွေကို ဘယ်လိုများ ထိရောက်အောင် ဆက်သွယ်ဖို့ စီစဉ်ထားတာ ရှိပါလဲရှင့်။

ဒေါ်နန်းမိုး ။ ။ အဲဒီဟာကတော့ တခါတလေကြရင် တွေးပြီမှ စိတ်မကောင်း ဖြစ်မိတယ်။ အဲဒါ ဘာလဲဆိုတော့ ကျမတို့ ပြည်သူတွေက၊ ဒေသမှာရှိတဲ့ ပလောင်လူမျိုးတွေ ပလောင်ဖြစ်ဖြစ်၊ ကချင်လူမျိုးဖြစ်ဖြစ် ပညာမတတ်တဲ့အခါကြတော့ - ကျမက ကိုယ်စားပြုလိုက်တယ်။ ဒါပေမဲ့ သူတို့ဆီက အခက်အခဲတွေ ကျမကို သူတို့ မတင်ပြတတ်ဘူး။ တချို့မြို့နယ်တွေဆိုရင် အမြဲတမ်း contact ရှိတယ်။ ဒါပေမဲ့ ကျမကိုကြတော့ ဘယ်သူမှ မဆက်ဘူး။ မဆက်တဲ့အခါကြတော့ ကျမ အရမ်း စိတ်မကောင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ဒီရောက်နေတဲ့အခါကြတော့ ကျမက သူတို့ရဲ့ အခက်အခဲတွေကို ကျမ တယောက်ထဲနဲ့ မသိနိုင်ဘူးဆိုတဲ့အခါကြတော့ ကျမ တခု စဉ်းစားမိတယ်။ ဒီတခါ ကျမ လွှတ်တော်နားရက်မှာ ပြန်သွားတဲ့အခါကြရင် လူဦးရေအများဆုံး Constituency ရယ်၊ နောက်ပြီးတော့ တကယ်ပဲ ခက်ခဲနေတဲ့ ကျမရဲ့ Constituency တွေကို ပထမဦးစားပေးအနေနဲ့ ကျမ သွားရောက်ပြီးမှ ဘယ်လို လုပ်ဆောင်ပါမယ်။ ဘယ်လို ကဏ္ဍကနေ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တယ်။ အကူအညီ ပေးနိုင်တယ်ဆိုတာကို ကျမ သွားပြီး ပြောပြမယ်လို့ အဲဒီလို Plan ဆွဲထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တကယ်လို့များ လုပ်ပေးနိုင်မယ်ဆိုရင် ဘယ်လိုကဏ္ဍကို ဦးစားပေးချင်ပါလဲရှင့်။

ဒေါ်နန်းမိုး ။ ။ ကျမ ခံစားချက်က ကျမက နိုင်ငံရေးကို ကျွမ်းကျင်တဲ့လူ မဟုတ်ဘူး။ မဟုတ်တဲ့အခါကြတော့ ကျမက ရင်ထဲမှာ အရမ်းခံစားရတာ တစ်ခု ရှိတယ်။ ပညာရေး - ကျမတို့ ပလောင်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ အကုန်လုံး၊ ကျေးရွာမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအကုန်လုံး သားသမီးတွေ လေးတန်းအထိပဲ ပညာသင်ကြားရတာ များတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ ခလေးတွေ။ တရွာနဲ့တရွာကို စာသင်ရတဲ့ဟာမျိုး။ ဒီရွာမှာ လေးတန်းအထိပဲ ရှိတယ်။ နောက်ထပ်တရွာကြတော့ အုပ်စုကျေးရွာမှာ ရှစ်တန်းအထိ ပညာသင်ရမယ်။ ဒါပေမဲ့ မိဘအနေနဲ့ သမီးလေးကို အဲဒီရွာမှာ သွားပြီးမှ ကျောင်းသွားထားဖို့ ဆိုတာက၊ နေတိုင်းကို လမ်းလျှောက်သွားဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စ။ အဲဒီအခါကြတော့ ကျမ သွားခဲ့တဲ့ ရွာအကုန်လုံးမှာ အစိုးရကျောင်းကို ရှစ်တန်းအထိ၊ လူဦးရေ အကန့်အသတ်နဲ့ ရှစ်တန်းအထိကို အလယ်တန်းပြအထိ ရရှိနိုင်အောင် ကျမ လုပ်ပေးချင်တယ်။ နောက်တခါကြတော့ လမ်းပန်းဆက်သွယ်ရေး။ လမ်းပန်းဆက်သွယ်ရေးလည်း အရမ်းခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ခလေးတွေ ကောင်းစွာစာမသင်ရဘူး။ အခုနလိုမျိုး လေးတန်းကနေ ရှစ်တန်းကို တခြားရွာကို ကူးပြီးမှ ကျောင်းသွားတက်ရတာမျိုးဆိုရင် လုံးဝအဆင်မပြေဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ မနန်းမိုးတို့လို လူငယ်တွေ နိုင်ငံရေးလောကထဲကို ရောက်လာပြီပေါ့။ ပြည်သူလူထုလည်း နည်းနည်းလေး သိသွားအောင်လို့ မနန်းမိုးရဲ့ အကြောင်းလေး ပြောပြပေးပါလားရှင့်။

ဒေါ်နန်းမိုး ။ ။ ကျမက တကယ်တမ်း မန်တုံမြို့နယ်၊ ကျမ အဖေက အရင်တုန်းက ပလောင်တိုင်းရင်းသားခေါင်းဆောင် ဦးအိုက်မုံ။ ပြီးခဲ့တဲ့ သက်တမ်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ ကျမ မွေးတာက ထပ်ကြပ်ကျေးရွာမှာပါ။ မန်တုံမြို့နယ်။ ရွာမှာပဲ ကိုးတန်းအထိ ပညာသင်ကြားတယ်။ ဆယ်တန်းကိုတော့ မေမြို့ အထကမှာ ဆယ်တန်းအောင်ပါတယ်။ ဆယ်တန်းအောင်ပြီးနောက် မန္တလေးရတနာပုံ တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာနဲ့ ဘွဲ့သင်ကြားပြီးတော့ ရန်ကုန်မှာ သံတမန်သင်တန်းကျောင်း ဆင်းပြီးတော့ နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့ပါတယ်။ နိုင်ငံခြားမှာတော့ ပြင်သစ်ကုမ္ပဏီ MAF ကုမ္ပဏီမှာ HR Admin နဲ့ အလုပ်ကို (၃) နှစ် လုပ်ကိုင်ခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု လေ့လာလို့ရသလောက် လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ်ပေါင်း (၁၃) ရာခိုင်နှုန်းလောက် ပါလာတယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ ပါလာခြင်းအားဖြင့် လွှတ်တော်ထဲမှာ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ Facilities တွေ လိုအပ်ချက်တွေ ရှိလား။ ဥပမာ အမျိုးသမီးတွေအတွက်ကို အမျိုးသမီးဆိုတာကလဲ အမျိုးသားနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူဘူးဆိုတော့ အမျိုးသမီးတွေအတွက် လိုအပ်တာတွေအတွက် လွှတ်တော်ကြီးအနေနဲ့ ဖြည့်ဆည်းပေးတာတွေ ရှိလား။

ဒေါ်နန်းမိုး ။ ။ အဲဒီလိုမျိုးတော့ အခုအချိန်အထိ ဘာမှ မရှိဘူး။ အမျိုးသမီးတွေ လိုအပ်တာတွေကို သီးသန့် အမျိုးသမီးတွေအတွက်ဆိုပြီး လုပ်ဆောင်ပေးတာတော့ အခုအချိန်အထိ မတွေ့ရဘူး။ ဒါပေမဲ့ လိုအပ်တာတော့ လိုအပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မွေးဖွားလာကတည်းက အမျိုးသားနဲ့ အမျိုးသမီးဆိုတာ လုံးဝမတူဘူးလေ။ ဥပမာ သူများနိုင်ငံမှာဆို၊ အခုဆိုရင် NLD ထဲက ဒေါ်ဝင့်ဝါထွန်း မီးဖွားတာမျိုး။ သူများနိုင်ငံမှာဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ ကောင်းကောင်းတက်နိုင်၊ အလုပ်လုပ်နိုင်အောင် ကလေးတွေကို ထိန်းကျောင်းပေးတဲ့ ကလေးထိန်းအတွက်ကို သီးသန့်လုပ်ပေးတာမျိုး ရှိတယ်။ ဒါပေမဲ့ ကျမတို့ မြန်မာနိုင်ငံမှာတော့ အဲဒီလို ဖြစ်လာဖို့တော့ တော်တော်လေး ကြိုးစားရအုံးမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဒေါ်နန်းမိုး ။ ။ ကျေးဇူးတင်ပါတယ်ရှင်။

XS
SM
MD
LG