သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"တစ်နိုင်ငံလုံး နေအိမ်ငါးသောင်းကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ" Data for Myanmar အစီရင်ခံ


ရွှေဘိုနယ် ထူးကြီးရွာ နေအိမ်နှစ်ရာကျော်နဲ့ ယက်ကန်းစင်များမီးရှို့ဖျက်ဆီးခံရ
( ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃)
ရွှေဘိုနယ် ထူးကြီးရွာ နေအိမ်နှစ်ရာကျော်နဲ့ ယက်ကန်းစင်များမီးရှို့ဖျက်ဆီးခံရ ( ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃)

Data For Myanmar က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၃ ဇန်နဝါရီလအထိကို တစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း ၅၅၀၀၀ ကျော် မီးရှို့ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီလိုတွေ လုပ်တာဟာ စစ်ကောင်စီဖက်က ဖြတ်လေးဖြတ်စနစ်နဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ရှင်းဖို့ လုပ်တာဖြစ်ပြီး ဒါက စစ်ရေးအရ ကြည့်မယ်ဆိုရင် နိုင်တယ်လို့ ထင်ရပေမယ့် နိုင်ငံရေးအရဆိုရင်တော့ စစ်ကောင်စီဖက်က ပိုနစ်နာတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။ ဒီသတင်းပေးပို့ချက်ကို တင်ဆက်ပေးပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတဲ့နောက်၊ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်ရာမှာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့က နေအိမ်အလုံးပေါင်း ၅၅၀၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဒေသခံတွေနဲ့ အဆက်ပြတ်အောင်နဲ့ အင်အားနည်းလာစေဖို့ ရည်ရွယ်ပြီး ပဲခူးရိုးမမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို သုတ်သင်ခဲ့စဉ်က ပုံစံမျိုး ဖြတ်လေးဖြတ်ပုံစံကျင့်သုံးတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ လူထုအခြေခံဒေသတွေကို ပစ်မှတ်ထားရည်ရွယ်ပြီး လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း ယူဆပါတယ်။

"ပြည်တွင်းစစ် ပြည်တွင်းမှာ ဖြစ်ခဲ့တဲ သမိုင်းစဉ်တွေမှာတော့ ဖြတ်လေးဖြတ်နဲ့ ကျင့်သုံးတယ်ဆိုတာ ပဲခူးရိုးမမှာ သုံးခဲ့ဖူးတယ် တပ်ကလေ။ အဲ့ဒီမှာတော့ သတင်းအဆက်အသွယ်ဖြတ်တာ နောက် ပြည်သူလူထုနဲ့ အဆက်အသွယ်ဖြတ်တာ၊ ရိက္ခာဖြတ်တာ စသဖြင့်ပေါ့လေ အဲ့လို ဖြတ်လေးဖြတ် လုပ်ခဲ့ပြီးတော့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာပေါ့၊ ပဲခူးရိုးမမှာ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေခံ တပ်စခန်းတွေ လုံးဝပြိုပျက်သွားပြီးတော့။ တပ်ဖက်ကတော့ ဖြတ်လေးဖြတ် စနစ်တွေ ချပြီးတော့ အမြစ်ပြတ်သွားအေင် လုပ်နိုင်ခဲ့တာပေါ့နော်။ ဆိုတော့ အဲ့ဒီအတွေ့အကြုံတွေကို အခြေခံပြီးတော့ အခု PDF တွေ ရှိတဲ့ ‌ဒေသမှာ ရိက္ခာနဲ့ ပြည်သူလူထုနဲ့ အဆက်အသွယ်ပြတ်အောင် လုပ်တယ်လို့ ယူဆပါတယ်။ နောက် ပြည်သူလူထုကလည်း အဲ့ဒီ PDF တွေနဲ့ ရောနှောပြီးနေတဲ့အခါကျတော့ သူတို့ ဒီသေချာခွဲခြားတာ မလုပ်တော့ဘဲနဲ့တိုက်ခိုက်တာ မီးရှို့တာ လုပ်တဲ့ခါကျတော့ ပုန်းခိုဖို့ နေရာနဲ့ ရိက္ခာအတွက် အားထားဖို့ အရင်းအမြစ်တွေပါ တခါတည်း ပြတ်သွားအောင်လုပ်တဲ့သဘောပေါ့၊ အဲ့လိုမျိုး မြင်ပါတယ်ဗျ။"

အခုလို မြန်မာစစ်တပ်က စစ်ဆင်ရေးတစ်ခု အနေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ဖြတ်လေးဖြတ်ပုံစံ ဆောင်ရွက်တာဟာ ရေတိုမှာ စစ်ရေးအရ အားသာတယ်လို့ ထင်ရပေမယ့်၊ နိုင်ငံရေးအရဆိုရင် စစ်ကောင်စီဖက်က ရှုံးတာဖြစ်တယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေကြသူတွေအနေနဲ့ နှစ်ဖက်စလုံးက ပြည်သူလူထု ထိခိုက်နစ်နာစေမယ့် ကိစ္စတွေကို ရှောင်သင့်တယ်လို့လည်း ဦးရဲထွန်းက ဆိုပါတယ်။

"အဲ့လို ပဍိပက္ခဖြစ်တဲ့ သမိုင်းကြောင်းတွေကို လေ့လာကြည့်တော့ ရေတို အချိန်တို အတွင်းမှာတော့ စစ်ရေးအရ အသာစီးရနိုင်တဲ့ အခြေအနေတွေ ဖန်တီးနိုင်တာပေါ့နော်။ သို့သော်လည်း နိုင်ငံရေး အရကျတော့ ရှုံးတယ်ပေါ့နော်။ နိုင်ငံရေး အရကျလို့ရှိရင်တော့ အနိုင်ရတယ်လို့ မပြောနိုင်ဘူး။ ဘာလို့ဆို ဒီလိုလုပ်လာတာများတဲ့အခါ ပြည်သူလူထုက ကြောက်ပြီးတဲ့ခါကျတော့ ကြောက်တာလဲပါတယ် နောက်ပြီးတော့ ဆန့်ကျင်စိတ်ပိုပြီးတော့ ပြင်းလာတာပေါ့နော်။ ပိုပြင်းထန်လာတဲ့ခါကျတော့ တပ်ကို ထောက်ခံမှု ကျရှုံးနိုင်တာပေါ့။ အဲ့ဒီတော့ ပြောချင်တာက နိုင်ငံရေး အရမှာကတော့ ပြည်သူလူထုရဲ့ ခုခံတော်လှန်ချင်တဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ဆိုတာက သိပ်မလွယ်ဘူးပေါ့နော်။ ကျွန်‌တော်တို့ပြည်တွင်းမှာလည်း ဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ပြည်သူလူထုကို ဦးတည်ပြီးတော့ လုပ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု သတ်ဖြတ်မှုတွေဟာ နှစ်ဖက်စလုံးက သတိထားသင့်တာပေါ့နော်။ ကျွန်‌‌တော်တို့ အခု လက်နက်ကိုင်ပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ နှစ်ဖက်စလုံးက ပြည်သူလူထုအတွက် ပြည်သူလူထုကို ကာကွယ်ဖို့လို့ နှစ်ဖက်စလုံးက ကြွေးကြော်နေကြတယ်။ နှစ်ဖက်စလုံးက ပြည်သူလူထုကို ထိခိုက်စေတဲ့ ကိစ္စတွေကို အထူးရှောင်ရှားသင့်တာပေါ့နော်။"

ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်တွေက အခု ဖေဖော်ဝါရီ ၂၀ ရက်နေ့က မိးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး၊ ရွာရဲ့ အဓိက အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်ကြတဲ့ ယက်ကန်းစင်တွေကိုပါ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီရွာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့ ကျေးရွာမဟုတ်သလို အနီးဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ မီးရှို့ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

"ကျွန်တော်တို့ အဲ့ဒီတစ်နယ်လုံးက အားလုံးက ဒီတိုင်းပဲ တောင်သူလုပ်ငန်းဘာညာ ဒီလိုပဲ လုပ်ကိုင်စားကြတာပေါ့လေ။ နောက်ပြီးတော့ ဒီလက်ငုတ်လက်ရင်းပေါ့ ယက်ကန်းလုပ်ငန်းပေါ့ အဲ့ဒါတွေ ရှိကြတယ်။ ပြောရမယ်ဆိုရင် PDF တွေဆိုတာကလည်း ဒီဖက်မှာက သူ့ဟာနဲ့သူပဲ ရွာတွေမှာ မနေကြဘူးလေ။ ကိုယ့်ဟာနဲ့ကိုယ်ပဲ ဒီတိုင်းနေကြတာ၊ အဲ့ဒါကို သက်သက်မဲ့ကို ဝင်ရှို့တာပေါ့နော်။ အဲ့ဒါကလည်းအဲ့လိုဝင်ရှို့တာ ဒီတရွာတည်းမဟုတ်ဘူး တခြားရွာတွေလည်း သူတို့ ပတ်ရှို့‌နေတာပဲဗျ။"

Data for Myanmar က ထုတ်ပြန်တဲ့စာရင်းအရ မြန်မာစစ်တပ် အာဏာသိမ်းပြီး ၂ နှစ်အတွင်း မီးရှို့ခဲ့တဲ့ နေအိမ် ၅၅၀၀၀ ကျော်ထဲမှာ စစ်ကိုင်းတိုင်းက ၄၃၀၀၀ ကျော်မီးရှို့ခံရပြီး အများဆုံးဖြစ်ပါတယ်။ မကွေးတိုင်းကတော့ ၈၇၀၀ နီးပါးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ချင်းပြည်နယ်အတွင်းမှာလည်း ၁၄၀၀ ကျော် မီးရှို့ခံရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံအတွင်းမှာ ပြည်တွင်း စစ်ပြေး ဒုက္ခသည် ၂ သန်း နီးပါးအထိ တိုးလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အာဏာမသိမ်းမီ ကာလကတည်းက ပြည်တွင်းမှာ စစ်ဘေးဒုက္ခသည်က ၅ သိန်းနီးပါး ရှိနေခဲ့ပြီး စစ်အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး ကာလ ၂ ခုလုံးမှာ နယ်စပ်ဖြတ်ကျော်ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်က ၁ သန်းလောက် ရှိတယ်လို့ ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ဘေးဒုက္ခသည် အများဆုံး တိုးလာတဲ့ ဒေသဖြစ်ပြီးတော့ အရေအတွက်အားဖြင့် စစ်ဘေးရှောင် ဦးရေက ၈ သိန်းနီးပါး ရှိနေပြီး ဒီပမာဏဟာ စစ်ကိုင်းတိုင်းအတွင်းက လူဦးရေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိတာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက ရန်ကုန်တိုင်းထဲက မြို့နယ် ၆ ခုနဲ့ ချင်းပြည်နယ်ထဲက မင်းတပ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားခဲ့တာပါ။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မ‌ကွေးတိုင်း၊ ပဲခူးတိုင်း၊ တနသ်ာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်ထဲက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး နယ်မြေတွေအဖြစ် ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စစ်ကိုင်းတိုင်းအတွင်းက ရွှေဘို၊ ဝက်လက်နဲ့ အရာတော် မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး နယ်မြေတွေအဖြစ် ထပ်တိုးကြေညာခဲ့ပါတယ်။ လက်ရှိ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အထိကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်ပေါင်းက ၄၇ မြို့နယ် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













XS
SM
MD
LG