(Zawgyi / Unicode)
ကရင်ပြည်နယ်၊ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးမှာ ဇန်နဝါရီလ ၃ရက်နေ့က မတော်တဆယာဉ်တိုက်မူဖြစ်ပြီး ကားနှစ်စီးပေါ်က ခရီးသည် စုစုပေါင်း ၁၈ ဦးသေဆုံး ခဲ့ရပါတယ်။ ရန်ကုန်ဘက်က လာတဲ့ ခရီးသည်တင်ယာဉ်ပေါ်မှာတော့ MOU နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ ထိုင်းနိုင်ငံ ကမ်ချနဘူရီခရိုင်က ကြက်သားစက်ရုံကို သွားကြမယ့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ လိုက်ပါလာတာ ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးမှာ ဇန်နဝါရီလ ၃ရက်နေ့က ယာဉ်မတော်တဆ တိုက်မူဖြစ်ပွားခဲ့တာပါ။ လူ ၅၀ ဝန်းကျင်လောက်လိုက်ပါလာတဲ့ ရန်ကုန်-ပဲခူး- မြဝတီ ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်ဟာ မျက်နှာချင်းဆိုင်က လာတဲ့ လူ ၇ ဦးပါတဲ့ အိမ်စီးကားတစီးကို တိုက်မိပြီးတဲ့နောက်မှာ ချောက်ထဲကျ တိမ်းမှောက် သွားခဲ့ တာပါ။ ဒီယာဉ်တိုက်မှုကြောင့် လူပေါင်း ၁၈ ဦး သေဆုံးခဲ့ရတယ် လို့ မြဝတီမြို့ က မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေတဲ့ AAC အလုပ်သမား ကူညီရေးအဖွဲ့ရဲ့တာဝန်ခံ ကိုရဲမင်း ကပြောပြပါတယ်။
“အားလုံးသေဆုံးခဲ့သူတွေက ကျား ၁၁ဦး ၊ မ ၇ ဦး ၊အားလုံးပေါင်း ၁၈ဦး သေဆုံးခဲ့ပါတယ်။ တစီးက Probox ကားကတော့ မြဝတီကနေ ကော့ကရိပ်ဘက်ကို သွာတာ။ ကားကြီးကတော့ ရန်ကုန်ကနေ မြဝတီကို တက်လာတာ။ ဒဏ်ရာရသူတွေ ကတော့ ၃၄ဦး လို့သိရပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်းပါတယ်။ အခြေနေ ဆိုးဝါးတဲ့ သူတွေလည်းပါတယ်။ အသင့်အတင့် ဒဏ်ရာရသူတွေလည်း ပါတယ်”
ကား အသေးပေါ် ပါလာသူတွေထဲက ကလေး ၂ ယောက်နဲ့ လူကြီး ၄ယောက် သေဆုံးခဲ့ရတယ် လို့လည်း ဆိုပါတယ်။ ချောက်ထဲကျ တိမ်းမှောက်သွားတဲ့ ရန်ကုန် ပဲခူး - မြဝတီ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် ထဲမှာ လိုက်ပါလာသူ အများစုဟာ မြန်မာနိုင်ငံက အလုပ်သမားပို့ဆောင်ရေး အေဂျင်စီတခုဖြစ်တဲ့ ထက်မာန် ကုမ္ပဏီကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ စေလွှတ်လိုက်တဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ သွားရောက် အလုပ်လုပ်ကိုင်ကြမယ့် အလုပ်သမားတွေဖြစ် တယ်လို့လည်း ကိုရဲမင်းက ပြေပါတယ်။
“ ဒီကားကတော့ မြန်မာနိုင်ငံတွင်းက တက်လာတာ။ ခရီးစဉ် ကတော့ ရန်ကုန်- မြဝတီခရီးစဥ ပါ။ မြဝတီကားလိုင်း တခုက နေ အလုပ်သမားတွေကို သွားကြိုလာတာ။ ထိုင်းနိုင်ငံကိုတက်မယ့် MOU အလုပ်သမားတွေဖြစ်တယ်။ မြန်မာနိုင်ငံက အေဂျင်စီတခုကနေ ပို့လာတာ။ ထိုင်းနိုင်ငံ ကမ်ချနဘူရီမှာ ရှိတဲ့ Thai Food ကြက်သားစက်ရုံကို သွားအလုပ် လုပ်မယ့် အလုပ်သမားတွေဖြစ်တယ်။”
အခု ယာဉ်မတော်တဆဖြစ်ပွားတဲ့ နေရာဟာ အာရှလမ်းမကြီး ပေါ်က ကွမ်းခြံကုန်းကွေ့ နေရာမှာ ဖြစ်ပြီး၊ အရင်ကလည်း ဒီနေရာမှာ ယာဉ်မတော်တဆမူတွေ ဖြစ်ပွားခဲ့ ဖူးပါတယ်။ ချောက်ထဲကျ တိမ်းမှောက်သွား ခဲ့တဲ့ ကားကတော့ အလင်းရောင်မိုး ယာဉ်လိုင်းက ဖြစ်ပြီး ရန်ကုန်-ပဲခူး- မြဝတီ ခရီးစဉ် ပြေးဆွဲနေတာဖြစ်ပါတယ် ။
................
(Unicode)