သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တောင်ပိုင်း ဘုရားဖူးကားတိမ်းမှောက် ၁၅ ဦးသေ 


ရှမ်းပြည်တောင်ပိုင်း ဘုရားဖူးကားတိမ်းမှောက် ၁၅ ဦးသေ 
(Photo- KweePhoe Chip)
ရှမ်းပြည်တောင်ပိုင်း ဘုရားဖူးကားတိမ်းမှောက် ၁၅ ဦးသေ  (Photo- KweePhoe Chip)

(Zawgyi/Unicode)

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီး-ရွာငံလမ်းပိုင်းမှာ ဘုရားဖူးယာဉ်တစ်စီး ပေ ၂၀၀၀အနက်ရှိ ချောက်ထဲ ထိုးကျခဲ့တာကြောင့် လူ ၁၅ဦးသေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလမ်းပိုင်းမှာဖြစ်ပွားတဲ့ ယာဉ်မတော်တဆထိခိုက်မှုတွေထဲမှာ ဒီဖြစ်စဉ်ဟာ အဆိုးဆုံးဖြစ်ပြီး လမ်းကြောမကျွမ်းကျင်တာကြောင့် ဖြစ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးယာဉ်ဟာ ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာက ဖြစ်ပြီး တနင်္လာနေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

ဒီယာဉ်မတော်တဆဖြစ်ပွားမှုဖြစ်ပွားပြီးနောက်မှာ ကျောက်ဆည်၊ ရွာငံနဲ့ မြို့ကြီးတို့က လူမှုကူညီရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက် ကူညီကယ်ဆယ်ခဲ့ကြပါတယ်။

ဒီဖြစ်စဉ်အတွင်း ထိခိုက်မှုအခြေအနေကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်)ရဲ့ ဥက္ကဌ ကိုအောင်ဇော်မိုးက အခုလို ပြောပါတယ်။

“ ကားက အဆင်းမှာဖြစ်တာပေါ့နော်။ ပေ ၂၀၀၀ လောက်ရှိတဲ့ ချောက်ထဲကို တည့်တည့်ကြီး ဆင်းချသွားတာ။ ကားအမျိုးအစားကတော့ Light truck Bongo ပေါ့။ လမ်းက အတက်အဆင်း ကြီးတယ်။ အဲဒီနားလေးက အတက်အဆင်းကြီးတဲ့နေရာဖြစ်တယ်။ ဖြစ်တာကကျ စခန်းကြီးရွာနဲ့ ယုန်တောင်ရွာကြားထဲမှာ မိုင်တိုင် ၂၈မိုင် ၃ဖာလုံပေါ့။ မနေ့ညက ထိုးကျသွားတာ။ အထိခိုက် အသေအပျောက်က Dead body က ၁၅လောင်း။ အသက်ရှင်လျက်လူနာက ၁၀ဦး။ ကျား၊ မခွဲပြောရင် Dead body က သံဃာတစ်ပါး။ ယောကျ်ားလေး ကလေးအလောင်း ၂လောင်း၊ ကျန်တဲ့ ၁၂ယောက်က အမျိုးသမီးတွေချည်းပဲဗျ။ အခု လူနာတွေက ကျနော်တို့က ပို့ပြီ။ Dead body တွေက ၅စီး။ ၁၅လောင်းအတွက် ကား ၅စီးစီစဉ်ပြီးတော့ လုပ်နေပြီ။ ”

ထိခိုက်ဒဏ်ရာ ရသူ ၁၀ဦးရှိပြီး ၃ဦးက စိုးရိမ်ရကြောင်းနဲ့ သူတို့ကို ဦးဆုံး ရွာငံဆေးရုံကို ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ဒီလမ်းပိုင်းမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆဖြစ်မှုတွေနဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“ အဓိက ဖြစ်တဲ့ဟာ တော်တော်များများကတော့ နံပတ်တစ် လမ်းကြော မကျွမ်းကျင်တာ။ ဘာလို့လည်းဆိုတော့ တောင်ဆင်း၊ တောင်တက်များတယ်။ ကွေ့တွေများတယ်၊ အဆင်းအတက်တွေများတယ်။ လမ်းကြော မကျွမ်းကျင်တာ။တော်တော်များများဖြစ်တာက အဲဒီ မှောင်ခါနီးလေးပေါ့နော်။ အဲဒီမှောင်ခါနီးလေးမှာ ကွေ့မမြင်ရ ဘာမမြင်ရနဲ့လေ။ နံပတ်၂က အရှိန်များတာ။ လမ်းကြော မကျွမ်းဘူး၊ အရှိန်များတော့ ဖြစ်လို့ရင် တစ်ခါတည်း ချောက်ထဲ ပြုတ်ကျသွားတာ။ ဒီဘက် လမ်းက ပြုပြင်ဆဲပေါ့။ အခုပြုပြင်ဆဲဆိုတော့ ဒီ လမ်းက ချဲ့ထားတာ ကတ္တရာတောင် မခင်းရသေးဘူး။ ကျန်သေးတယ်လေ။ ဒါပေမဲ့ လမ်းက ကျယ်တယ်။ အဓိကကတော့ လမ်းကြောမကျွမ်းတာပါ။ ဖြစ်စဉ်ထဲမှာတော့ ဒီဖြစ်စဉ်က အဆိုးရွားဆုံးဖြစ်စဉ်ပေါ့ဗျာ။”

ဒီယာဉ်တိမ်းမှောက်မှုဟာ ညနေ ၇နာရီ ဝန်းကျင်လောက်မှာ ဖြစ်ပွားခန့်မှန်းတာတွေလည်း ရှိပါတယ်။

ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာက ကရုဏာသုခ လူမှုရေးအသင်း ဥက္ကဌ ဦးချမ်းအေးကတော့ အခင်းဖြစ်ပွားရာကို ရွာက နီးစပ်သူတွေ သွားရောက်နေပြီဖြစ်ကြောင်းနဲ့ ညနေပိုင်းလောက်မှ သူတို့ရွာကို ရောက်မှာဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ အသင်းက ရွာမှာပဲ စီစဉ်နေတယ်။ ရွာက သူတို့ နီးစပ်ရာလေးတွေက သူတို့ ကားတွေနဲ့ လိုက်သွားပြီ။ ကျနော်တို့အသင်းက လိုက်မသွားရဘူး။ ၄နာရီလောက်မှ ရွာကို ပြန်သယ်နိုင်မယ် ပြောတာပဲ။”

ဦးချမ်းအေးကတော့ ဘုရားဖူး အဖွဲ့မှာ ၂၆ယောက်ဖြစ်ကြောင်း ပြောဆိုသလို ယာဉ်မောင်းဖြစ်သူ ပျောက်ဆုံးနေတယ်ဆိုပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ဒီယာဉ်မတော်တဆထိခိုက်မှုဟာ တောင်ကြီး-အင်းလေးခရီးစဉ်က အပြန်လမ်းမှာ တိမ်းမှောက်ခဲ့ တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..................

(Unicode)















XS
SM
MD
LG