သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ငြိမ်းချမ်းရေး ရဟန်းအမတ် အီစတာဆုတောင်းမှု


၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာကျင်းပခဲ့တဲ့ ရန်ကုန်မြို့ ဘာသာပေါင်းစုံဆုတောင်းပွဲအခမ်းအနားအတွင်း တွေ့ရတဲ့ ရဟန်းအမတ်ချားလ်စ်ဘို
၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာကျင်းပခဲ့တဲ့ ရန်ကုန်မြို့ ဘာသာပေါင်းစုံဆုတောင်းပွဲအခမ်းအနားအတွင်း တွေ့ရတဲ့ ရဟန်းအမတ်ချားလ်စ်ဘို

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးအတွက် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့ အီစတာတနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံရှိ ရိုမန်ကက်သလစ် ဘာသာဝင်တို့ရဲ့ အကြီးအကဲ ရဟန်းအမတ် ချားလ်စ်ဘိုက မေတ္တာရပ်ခံလိုက်တယ်လို့ အာရှကက်သလစ်ဘာသာဝင်တွေရဲ့ UCANews မှာ ဖော်ပြထားပါတယ်။ လူတဦးချင်းအနေနဲ့ ပြီးတော့ တနိုင်ငံလုံးအနေနဲ့ နာကျင်မှုတွေ၊ အမုန်းတရား ပေါ်ပေါက်နေစေတဲ့ ကျောက်တုံး၊ ကျောက်ခဲတွေကို အဝေးကို လိမ့်သွားအောင် တွန်းချလိုက်ကြပါစို့ ၊ ယေရှုခရစ်တော်ရဲ့ ငြိမ်းချမ်းရေး မိန့်ကြားချက်တွေ နှလုံးသားထဲတင်မက လမ်းတွေ၊ အိမ်တွေ နဲ့ နိုင်ငံတိုင်းမှာ ပျံ့နှံ့ကြပါစေလို့လည်း ပြောကြားလိုက်ပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ရဟန်းအမတ်ချားလ်စ်ဘိုက ဒီနိုင်ငံမှာ အီစတာသတင်းစကား အသစ်ကို ကြားရပါစေ၊ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံအဖြစ် တဖန်ပြန်လည်ထမြောက်ပါစေလို့လည်း ဆုတောင်းပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့အားလုံးဟာ ဘဝရှင်သန်နေထိုင်သူတွေ၊ ပြန်လည်ရှင်သန်ထမြောက်ကြတဲ့ လူသားတွေဖြစ်ကြပါတယ်လို့လည်း မိန့်ကြားသွားပါတယ်။

တဆက်တည်းမှာပဲ ခရစ်ယာန် ဘာသာဝင်တွေအနေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်သူတွေအနေနဲ့ တရားမျှတရေး နဲ့ ညီမျှရေးအတွက် ပညာပေး လှုပ်ဆော်ကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်မှုတွေ၊ လက်နက်ကြီး၊ မီးရှို့ဖျက်ဆီးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာ သူက အဲဒီလို မေတ္တာရပ်ခံသွားတာပါ။

မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေဟာ ခရစ်ယာန်အများစုရှိနေထိုင်ကြတဲ့ ကယားပြည်နယ် ၊ ချင်းပြည်နယ်၊ ကရင် နဲ့ ကချင်ပြည်နယ်တွေက ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဆေးရုံတွေ နဲ့ စာသင်ကျောင်းတွေ ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေကြတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ ထောင်ပေါင်းများစွာဟာ အိမ်နီးချင်း ထိုင်း နဲ့ အိန္ဒိယနိုင်ငံတွေကို ထွက်ပြေးနေကြရပါတယ်။ ဗာတီကန်နန်းတော်မှာရှိတဲ့ တကမ္ဘာလုံးက ရိုမန်ကက်သလစ်ဘာသာ အားလုံးရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Pope Francis) ကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ဆုတောင်းပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG