သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာမွတ်ဆလင်တွေ တရားမျှတမှုရှိရေး ပုပ်ရဟန်းမင်းကြီး ဆုတောင်း


ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ Vatican မှာကျင်းပတဲ့ အီစတာဆန်းဒေး ဆုတောင်းပွဲ။ (ဧပြီလ ၉ ၊ ၂၀၂၃)
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ Vatican မှာကျင်းပတဲ့ အီစတာဆန်းဒေး ဆုတောင်းပွဲ။ (ဧပြီလ ၉ ၊ ၂၀၂၃)

{{Zawgyi/Unicode}}

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ အီစတာ အခုတနင်္ဂနွေနေ့မိန့်ခွန်းထဲမှာ ယူကရိန်းစစ်ပွဲကိစ္စ၊ အစ္စရေးပါလက်စတိုင်းစေ့စပ်ညှိနှိုင်းရေးအပြင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ဆုတောင်းပေးခဲ့ပါတယ်။

“အလွန်အမင်းဒုက္ခခံစားနေကြရတဲ့ ရိုဟင်ဂျာတွေ တရားမျှတမှုရရှိစေဖို့အတွက် မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့တရားလမ်း ဆောင်ကျဉ်းပေးပါ၊ ခေါင်းဆောင်တွေရဲ့နှလုံးသားတွေ ခွန်အားဖြည့်ပေးပါ။”

အသက် ၈၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ မတ်လအကုန်ပိုင်းက အအေးမိပြီး ဆေးရုံတက်ခဲ့ရလို့ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲကို ဖျက်ခဲ့ရပေမယ့် အခု တနင်္ဂနွေနေ့ St.Peter ရင်ပြင်က အီစတာဆုတောင်းပွဲမှာကို ဦးဆောင်ကြီးကြပ်ခဲ့တာပါ။ ဝတ်ပြုဆုတောင်းမှုအပြီးမှာတော့ တနှစ် နှစ်ကြိမ် ကမ္ဘာကိုပြောတဲ့ ဆုတောင်းမိန့်ခွန်းစကားပြောဆိုတာဖြစ်ပါတယ်။

ယူကရိန်းပြည်သူတွေရဲ့ ငြိမ်းချမ်းရေးခရီး ချောမွေစေဖို့၊ ရုရှားလူထုကိုလည်း အီစတာအနွေးဓါတ်တွေ ကျရောက်စေဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက ဆုမွန်ပေးပါတယ်။ စစ်ကြောင့် ကိုယ်ချစ်ခင်ရသူတွေ ဆုံးရှုံးခဲ့ရသူတွေနဲ့ ဒဏ်ရအနာရမှုတွေကို ကုစားပေးဖို့ ဘုရားသခင်ထံ ဆုတောင်းပေးသလို ထိန်းသိမ်းခံနေရသူတွေ မိသားစုတွေဆီ ကောင်းကောင်းမွန်မွန်ပြန်ရောက်နိုင်ရေး ဘုရားသခင်ကောင်းချီးပေးဖို့လည်း ဆုတောင်းပါတယ်။ စစ်ပွဲကြီးအဆုံးသတ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံး ကြိုးပမ်းအားထုတ်လာဖို့လည်း ဆုတောင်းပေးပါတယ်။

နှစ်စဉ် အီစတာမိန့်ခွန်းတိုင်းမှာဆုတောင်းပေးခဲ့သလို အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက်လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပါတယ်။ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့မြို့တော် ဂျေရုဆလင်နဲ့ ဒေသတခွင်လုံးမှာ ငြိမ်းချမ်းမှုရစေဖို့ အစ္စရေးနဲ့ပါလက်စတိုင်းကြား အပြန်အလှန် စေ့စပ်ဆွေးနွေးမှုတွေ၊ ယုံကြည်နားလည်မှုတွေနဲ့ အပြန်အလှန်လေးစားမှုတွေ ပြန်ရှိလာစေဖို့လည်း ပုပ်ရဟန်းမင်းကြီးက ဆုမွန်တောင်းပါတယ်။ ဖေဖော်ဝါရီလတုန်းက ဆီးရီယားနဲ့ တူရကီမှာ လူပေါင်း ၅ သောင်း ၆ ထောင်နီးပါး သေဆုံးခဲ့ရတဲ့ငလျင်ကြောင့် ထိခိုက်နစ်နာသူတွေကို အကူအညီပိုပေးကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

ဒီမိန့်ခွန်းထဲမှာပဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် တရားမျှတမှုရစေဖို့လည်း ဆုတောင်းပေးခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီး Francisis ဟာ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက လာရောက်ခဲ့ဖူးသလို မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာပြည်သူတွေအတွက် သူ့မိန့်ခွန်းတွေထဲ မကြာမကြာဆိုသလို ဆုတောင်းပြောဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}








ဆက်စပ်သတင်းများ ...

XS
SM
MD
LG