သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပက်လက်မြို့နယ်တွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအကူအညီလိုအပ် 


ကန်ပက်လက်မြို့နယ်အတွင်းက အိမ်မီးရှို့ခံရတဲ့မိသားစုများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ-Khonumthung Daily News)
ကန်ပက်လက်မြို့နယ်အတွင်းက အိမ်မီးရှို့ခံရတဲ့မိသားစုများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ-Khonumthung Daily News)

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်က ရွာတချို့မှာ နေမကောင်း ဖျားနာသူတွေ တော်တော်များများရှိနေပြီး သူတို့အတွက် ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ နေထိုင်သူတွေဆီက သိရပါတယ်။ လူဦးရေ ၁၀၀ ကျော်လောက် ဖျားနာနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကန်ပက်လက်မြို့နယ်၊ မာကြားကျေးရွာအုပ်စုထဲက ခေးလောင်းရွာနဲ့ မရွှီရွာမှာ နေထိုင်သူတော်တော်များများ နေမကောင်းဖြစ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သူတို့ ထမင်းမစားတဲ့အချိန်မှာလည်း အော့အန်ကြတယ်တဲ့။ တခြားဖျားတာ နာတာတွေ၊ ဝမ်းလျှောတာတွေပေါ့နော်။ အအုပ်လိုက်၊ အသိုက်လိုက် အဲလိုဖြစ်နေတာ ၃ - ၄ ပတ်လောက် ရှိပြီလို့ပြောကြတယ်။ အရင်ကတော့ ဆေးရုံ၊ ဆေးခန်းတွေ ရှိတုန်းကဆို ဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြကြတယ်။ အခုက နေရာတိုင်းမှာ ဆေးရုံ၊ ဆေးခန်းတွေကလည်း မရှိတော့ဘူးဆိုတော့ ရရာနည်းစနစ်နဲ့ပဲ ကုသပေးနေတယ်လို့ ကြားရတယ်။"

ရွာနှစ်ရွာပေါင်းမှာ လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ထက်ဝက်ကျော်လောက်က ဖျားနာနေကြတာပါ။ ခေးလောင်းနဲ့ မရွှီက ရွာချင်းကပ်ပြီးတော့ ကန်ပက်လက်မြို့နဲ့ မိုင် ၃၀ အကွာမှာရှိပါတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးမယ့် အဖွဲ့အစည်းတွေမရှိသလို လိုအပ်တဲ့ဆေးဝါး ဝယ်ဖို့ကလည်း သွားလာရေးမလွယ်ကူဘူးလို့ သိရပါတယ်။

"ဆေးလုံးတွေဘာတွေ ဝယ်မယ့်နေရာကလည်း အဝေးကြီးတွေဆိုတော့လေ။ အဲဒီရွာကလူကြီးတွေ ကျနော့်ဆီလာကြတယ်။ ကူညီပေးနိုင်မယ့် အဖွဲ့အစည်းများရှိရင်တော့ စားဆေးတို့၊ ထိုးဆေးတို့ပေါ့နော်။ အဲဒါတွေ အကူအညီအမြန်ဆုံး လိုအပ်တယ်လို့တော့ လာပြောတယ်။ အဲဒီရွာတွေမှာ အရင်တုန်းကတော့ အဲလိုဖြစ်တယ်ဆိုတာ မကြားဖူးဘူး။ ရာသီအပြောင်းအလဲကြောင့်လားတော့ မသိဘူး။ အခုမှ အဲလိုတွေ ဖြစ်လာကြတာ။"

နေမကောင်းဖျားနာလို့ သေဆုံးသူတချို့ ရှိပေမယ့် အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။ ရွာထဲကို ဆက်သွယ်နိုင်ဖို့ ဖုန်းလိုင်းလည်း အခက်အခဲ ရှိနေပါတယ်။

"ဖုန်းလိုင်းတွေက မမိဘူးနော်။ ကျနော်တို့လည်း ကန်ပက်လက်နယ်စပ်မှာနေပြီး သတင်းရယူနေတာပါ။ ရွာတွေနဲ့က ဖုန်းလိုင်းတွေဘာတွေလည်း မရနိုင်ဘူး။ ကျနော်တို့ မြေပြင်မှာသွားလာပြီးမှပဲ အသေးစိတ်သိရမှာ။"

ကန်ပက်လက်နဲ့ ထိစပ်နေတဲ့ ပလက်ဝနဲ့ မင်းတပ်မှာတော့ ဝမ်းကိုက်ရောဂါဖြစ်ပွားပြီး သေဆုံးသူ ၁၄ ဦးဝန်းကျင် ရှိခဲ့တယ်လို့ ချင်းကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ လူဦးရေထက်ဝက်ကျော်လောက် နာမကျန်းဖြစ်နေတဲ့ အခုရွာနှစ်ရွာမှာ တိုက်ပွဲမရှိပေမယ့် ဆက်သွယ်ရေးနဲ့ သွားလာရေးမှာ ခက်ခဲနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြား ချင်းပြည်နယ်က ဒေသတွေဟာလည်း တိုက်ပွဲဒဏ်ခံနေရတာပါ။ ဒေသခံတွေထဲ စစ်ရှောင်နေရသူတွေရှိသလို၊ စားနပ်ရိက္ခာပြတ်လပ်တာ၊ သောက်သုံးရေရှားပါးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Forum

XS
SM
MD
LG