သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျယ်ဂေါင်က မြန်မာပိုင် ကုန်စည်ပို့ဆောင်ရေးဂိတ်တွေ တရုတ်ပိတ်မည်


တရုတ်-မြန်မာ နယ်စပ် မူဆယ်ဂိတ် တနေရာ
တရုတ်-မြန်မာ နယ်စပ် မူဆယ်ဂိတ် တနေရာ

(Zawgyi/Unicode)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ခေါင်မြို့ ထဲက မြန်မာလူမျိုးပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားနဲ့ အစုစပ်လုပ်မှသာ လုပ်ငန်းလုပ်ခွင့်ပြုတော့မယ်လို့ တရုတ်ဘက်က ညွှန်ကြားချက်ထုတ်လိုက်တဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြထားပါတယ်။

တရုတ် ကျယ်ခေါင်မြို့ထဲက မြန်မာလူမျိုးပိုင်တဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ပိတ်သိမ်းပေးဖို့နဲ့ လုပ်ငန်းဆက်လည်ပတ်မယ်ဆိုရင် တရုတ်လူမျိုးတယောက်ကို အစုစပ်ထည့်ပြီးမှ ပြန်လုပ်ခွင့်ပြုမယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ မလိုက်နာရင် အရေးယူမယ်လို့လည်း တရုတ်- မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားတဲ့ စာမျက်နှာ ၇ မျက်နှာပါ ညွှန်ကြားချက်ကို မြန်မာလုပ်ငန်းရှင်တွေထံ ယူနန်အာဏာပိုင်တွေက ပေးပို့ခဲ့တာဖြစ်ပါတယ်။

မူဆယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်ကတော့ တရုတ်အာဏာပိုင်တွေရဲ့ အင်္ဂါနေ့က ထုြတ်ပန်လိုက်တဲ့ ညွှန်ကြားချက်ကို လက်မခံနိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ ဟုတ်တယ်ဗျ၊ သူက မြန်မာနိုင်ငံသားကို လက်မခံတော့တာ။ သူတို့တရုတ်နိုင်ငံသားပါမှ လိုင်စင်လျှောက်လို့ရမယ်၊ ပြီးရင် သူတို့တရုတ်နိုင်ငံသားကိုလည်း အစုရှယ်ယာအနေနဲ့ ၅၀ ရာခိုင်နှုန်း အထက်ပေါ့ တဝက်ကျော်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်ခိုင်းတာဗျ။ Free Trade Zone မှာ ကျနော်တို့တွေ နှစ်နိုင်ငံ အလုပ်လုပ်ကြတာ ဖြစ်တဲ့အတွက် ကျနော်တို့ လက်ခံလို့ မရဘူးပေါ့ဗျာ။ အဲဒါတွေကို လက်ခံလိုက်ရင် ကျနော်တို့လည်း အလုပ်လုပ်လို့ မရတော့ဘူး။ “

ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး မြန်မာကုန်စည်ပို့ဆောင်ရေးအသင်းတွေက တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဖို့ ပြင်ဆင်နေကြပါတယ်။ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့ အခါ ကုန်ဂိတ်လုပ်ငန်းလိုင်စင်ကို မြန်မာနိုင်ငံသားမှတ်ပုံတင်နဲ့ လုပ်ငန်းလျှောက်ခွင့်ပြုဖို့၊ ကုန်ဂိတ်တာဝန်ရှိသူ အာမခံနဲ့ မြန်မာလုပ်သားတွေ ထားရှိခွင့်ပြုပေးဖို့၊ တရုတ်နိုင်ငံရဲ့ စည်းကမ်းချက်တွေအတိုင်း စစ်ဆေးပြီး လူဝင်၊ လူထွက်ခွင့် ပြုပေးနိုင်ဖို့အပါအဝင် အချက်ငါးချက်ကို တင်ပြဖို့ ရှိတယ်လို့လည်း မူဆယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောပါတယ်။

တရုတ်ပြည်ထဲက အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အထည်လိပ်၊ စားသောက်ကုန်နဲ့ တခြားအထွေထွေ ပစ္စည်းတွေကို ဒီမြန်မာပိုင်တဲ့ ကုန်ကားဂိတ်တွေက တဆင့် မြန်မာပြည်တွင်းကို ပို့ပေးနေတာပါ။

တရုတ်ပြည် ကျယ်ဂေါင်မြို့ထဲမှာ မြန်မာနာမည်နဲ့ ကုန်စည်ပို့ဆောင်ရေးဂိတ် ၁၀၀ ကျော်ရှိပြီး ဒါကို ယူနန်အစိုးရက လုပ်ငန်းလိုင်စင် ချပေးထားသလို ကျသင့်တဲ့ အခွန်လည်းပေးရပါတယ်။ တရုတ်နိုင်ငံတွင်းမှာရှိပေမဲ့လည်း မြန်မာပိုင်ဂိတ်တွေဖြစ်လို့ ပြည်တွင်းကို တရုတ်ကုန်တွေ ပို့တဲ့အခါ အဆင်ပြေနေတာဖြစ်ပြီး အခုလို မြန်မာတဦးတည်း ပိုင်ဆိုင်မှုကို လက်မခံတော့ကြောင်း ပြောလိုက်တဲ့အတွက် အခက်အခဲတွေ ကြုံလာနိုင်ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဝေဖန်လိုက်ပါတယ်။

“တရုတ်နိုင်ငံသားတယောက်ကို ရှယ်ယာထည့်မှ ဒီဂိတ်တွေကို ဆက်လက်ဖွင့်ခွင့်ပေးမယ်ဆိုပြီး တရုတ်အစိုးရက အမိန့်ထွက်လိုက်တယ်၊ အဲဒါကို ၁၀ ရက်အတွင်းမှာ လျှောက်လွှာတင်ရမယ်၊ နာမည်ပြောင်းရမယ်၊ တရုတ်နိုင်ငံသားနဲ့ ဖက်စပ်လုပ်ရမယ်ဆိုတာ ဒါသက်သက် ကိုယ့်ဝေစုထဲက ထက်ဝက်ပေးလိုက်တဲ့ ပုံစံပေါ့။ အဲဒီအတွက်ကတော့ မကောင်းပါဘူး၊ မလုပ်သင့်ဘူး။”

တရုတ်တာဝန်ရှိသူတွေ ထုတ်ပြန်တဲ့ကြေညာစာထဲမှာ မြန်မာကုန်စည်ပို့ဆောင်ရေးဂိတ်တွေ ပါဝင်သလို၊ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့လည်း မြန်မာလုပ်သားကိုပေါက်ဖော်ကဒ်လို့ခေါ်တဲ့ ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ ထိန်းသိမ်းထားရင် ဒဏ်ငွေအမြောက်အများ ပေးဆောင်ရမယ်လို့လည်းရေးသားထားပါတယ်။ ဩဂုတ်လ ၁၁ရက် ကလည်း တရုတ်အရှေ့ပိုင်း Shandong ပြည်နယ်က အသားထုတ်လုပ်တဲ့စက်ရုံ ၂ခုက မြန်မာလုပ်သား ၉၀၀ လောက်ကို တရုတ်ရဲ အများအပြားက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ်။

မြန်မာ- တရုတ်နှစ်နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့အတွက် ကုန်သွယ်ရေးနဲ့ လုပ်သားစေလွှတ်မှုတွေ အဆင်ပြေအောင် နှစ်ဘက်ညှိနိုင်းပြီး ဆောင်ရွက်သင့်ပြီလို့ ကုန်သည်အသိုင်းအဝန်းကပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)











XS
SM
MD
LG