သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အကဲခတ်အမြင်


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi.
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi.

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဘယ်လိုပဲဖြစ်ဖြစ် အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်နိုင်အောင် အားပေးထောက်ခံမယ့်အကြောင်း မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ စစ်အာဏာပိုင်တွေကို အနောက်နိုင်ငံတွေက ဖိအားတွေ တိုးမြှင့်နေပြီး ဝိုင်းပယ်နေချိန်မှာ တရုတ်နိုင်ငံက ထိတွေ့ဆက်ဆံနေတာဟာ ဘယ်လိုအကြောင်းရင်းတွေ ရှိနေပါသလဲ။

တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဝင်းမင်း - တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အခုလို ဖိတ်ခေါ်ပြီး ဆက်ဆံရေး ပြန်စလိုက်တာက ကမ္ဘာ့အခြေအနေအရ အားလုံးခြုံကြည့်မယ်ဆိုရင် ဘာကြောင့်လို့ သုံးသပ်ကြည့်လို့ရလဲ။

ဒေါက်တာလှကျော်ဇော - “အခုတလော နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ လှုပ်ရှားမှုတွေကို တောက်လျှောက်ကြည့်နေတာ ကျမတို့ ဗမာပြည်အရေး မတိုင်ခင် သူက အာဖဂန်နစ္စတန်အရေးကိုလည်း တော်တော်အလေးပေးလိုက်တယ်။ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးအပြင် အာဖဂန်နစ္စတန်ရဲ့ အိမ်နီးနားချင်း နိုင်ငံခြားရေးဝန်ကြီးတွေ ပါတဲ့ အစည်းအဝေးကြီးတောင် လုပ်တယ်။ ရုရှားဝန်ကြီး Lavrov တောင်တက်တယ်။ အဲဒီမှာ ဆွေးနွေးပြီးတော့ ဦးဝဏ္ဏမောင်လွင်နဲ့ မတွေ့ခင်ပေါ့၊ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးကို ပြောတဲ့အခါမှာ ထူးခြားချက်တွေ ပါတယ်။ ခင်ဗျားတို့ တာလီဘန်အစိုးရဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ခံချင်ရင် တစ်အချက်က ကိုယ့်ပြည်တွင်းရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို လုပ်ရမယ်တဲ့၊ နှစ်က ပြည်သူတွေ ခံစားနေရတဲ့ Humanitarian Crisis အဲဒါကို ပြေလည်အောင် လုပ်ရမယ်တဲ့၊ သုံးကတော့ လူတိုင်း အခွင့်အရေးပေါ့ Human Rights တွေ၊ အထူးသဖြင့် မိန်းကလေးတွေ ပညာသင်ကြားရေးတို့ ဘာတို့ ပြန်လည်စဉ်းစားသင့်တယ်တဲ့။”

ကိုဝင်းမင်း - အဲဒီတော့ အခု မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာပုံကရော။

ဒေါက်တာလှကျော်ဇော - “အခုလည်း ဦးဝဏ္ဏမောင်လွင်နဲ့ မတွေ့ခင် သူက အင်ဒိုနီးရှားတို့ ဖိလစ်ပိုင်တို့ ထိုင်းတို့ အဲဒီ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ရာမှာ ဦးဝဏ္ဏမောင်လွင်ပါ ပါတာ။ ဥရောပမှာ မီးတောက်နေတဲ့ အချိန်မှာ အာရှဒေသမှာ အပူမီးတောက်နိုင်တဲ့ ဒေသတွေကို တတ်နိုင်သမျှ လိုက်ပြီး ငြှိမ်းနေမယ်လို့ ထင်တယ်။ အဲ့ဒီတော့ အာဖဂန်နစ္စတန်က အခြေအနေနဲ့ ဗမာပြည်က အခြေအနေ ပြည်တွင်းအခြေအနေချင်းက ခပ်ဆင်ဆင်ဖြစ်နေတာပေါ့။ Humanitarian Crisis ကတော့ နှစ်နိုင်ငံစလုံး ဖြစ်နေတာပဲ။ အဲဒီနိုင်ငံတွေမှာ သူက နိုင်ငံရေးအရ စီးပွားရေးအရ လက်ဦးမှုရအောင် ကြိုးစားပြီးတော့ ဝင်ပြီးတော့ တီးခေါက်ပေးနေတယ် ထင်တယ်။ နောက်တခုကလည်း အာဆီယံနိုင်ငံတွေနဲ့ တရုတ်ကလုပ်နေတဲ့ Belt and Road ဆိုပါတော့၊ ရထားလမ်းတွေက တော်တော်ပေါက်သွားပြီ။ ဟိုတလောကဆို လာအိုနဲ့တောင် ပေါက်သွားပြီ။ အခု လာအိုကနေ ထိုင်းအထိ ဆက်တော့မှာ။ အဲဒီတော့ ကျမတို့ ဗမာပြည်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တုန်းကတောင် သူတို့ သဘောတူညီချက် ချထားပြီးပြီထင်တယ်၊ ဗမာပြည်မှာ မီးရထားလမ်းကြီး ဖောက်ဖို့ဆိုတာ။ ဒါပေမယ့် စစ်ကောင်စီခေတ်မှာ ရပ်ထားရသလို ဖြစ်တာပေါ့။ အဲဒီဟာတွေကိုလည်း သူက ပြန်ပြီး စချင်တယ်ထင်တယ်။ အခု ကိုဗစ်အလွန် စီးပွားရေး နာလန်ပြန်ထူရေးမှာ သူက အားစိုက်လုပ်ဖို့ စီစဉ်တယ်။ Regional Economic Cooperation ဆိုတာက အာဆီယံနိုင်ငံ ၁၀ နိုင်စလုံးနဲ့ အာရှနိုင်ငံကြီး ၆ နိုင်ငံ အပါ အဖွဲ့အစည်း ဖြစ်မြောက်အောင် လုပ်နေတဲ့အခါမှာ သူက Supply Chain တခုလုံး လည်ပတ်အောင် လုပ်ချင်တာကိုး။ ဒါကြောင့်မို့ ဗမာပြည်ကို ပြန်ပြီးတော့ ဆွဲနိုင်သမျှ ဆွဲထည့်နေတယ်။”

ကိုဝင်းမင်း - ဒီနေရာမှာ တခုက မြန်မာနိုင်ငံထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်စဖို့ဆိုပြီးတော့ ပြောသွားတာက အဲဒါကရော၊ ဒီ ကွန်မြူနစ်နိုင်ငံတခုအနေနဲ့ အခုလိုပြောတာက ထူးခြားနေတယ်ထင်တယ်။

ဒေါက်တာလှကျော်ဇော - “သူက ကွန်မြူနစ်နိုင်ငံတခု ဆိုပေမယ့် သိပ်ပြီး သမားရိုးကျ ကွန်မြူနစ်ဝါဒကြီးကို ဖက်တွယ်ထားတာ မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲလာပြီးတော့ လစ်ဘရယ် ကျလာတာပေါ့၊ ပွင့်လင်းလာတာပေါ့။ အခုခေတ် အခုကာလနဲ့အညီ Globalization ဖြစ်လာတာရော၊ Information Technology သိပ်မြင့်လာတာရော၊ သူက ခါတိုင်းလို သိပ်တင်းကျပ်နေတဲ့စနစ် မဟုတ်တော့ဘူး။ နောက် သူတို့ အခု တင်နေတာက ပြည်သူ့ဒီမိုကရေစီဆိုပြီး တင်တယ်။ အဲ့တော့ သူ့နိုင်ငံမှာလည်း အလိုက်အထိုက် ဒီမိုကရေစီ တော်တော်လေး ဖွံ့လာတဲ့အောက်မှာ ကျန်တဲ့နိုင်ငံတွေမှာလည်း၊ နောက်တခုက ဗမာပြည်မှာက သူတို့ ဆက်ဆံဖူးနေတဲ့ စစ်အုပ်စုအဆက်ဆက် ဘာမှအလုပ်မဖြစ်ဘူးဆိုတာ သူတို့သိတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၅ နှစ် ဆက်ဆံလိုက်တဲ့အခါမှာ တစုံတရာ အလုပ်ဖြစ်တော့ အဲဒီလို အလုပ်ပြန်ဖြစ်အောင် သူကလည်း နည်းနည်း ပြန်ကြိုးစားပေးပုံရတယ်။ နောက် အထူးသဖြင့် ကျမတို့ ဗမာပြည်သူလူထု၊ စစ်အုပ်စုနဲ့ ပတ်သက်လို့ သိပ်ပြီးတော့ ပြတ်သားနေပြီဆိုတာ သူတို့သိတယ်။ ဟိုတုန်းက သူ့အပေါ်မှာ မုန်းတီးတာကလည်း နဝတ၊ နအဖတို့နဲ့ သိပ်ရောလွန်းလို့ ဆိုတာလည်း သူတို့သိတယ်။ ဒါကြောင့်မို့ အဲဒီနောက်ပိုင်း ဦးသိန်းစိန်ခေတ်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ခေတ်မှာ ပြည်သူနဲ့ပြည်သူပေါ့၊ People to People ဆိုတာတွေ တော်တော်များများ လုပ်လာတာလေ။ နောက်ပိုင်းဆိုရင် တိုင်းရင်းသားပါတီက လူတွေရော တခြားပါတီက လူတွေရော အများကြီးဖိတ်ပြီး တရုတ်ပြည်က ဆက်ဆံရေးကောင်းအောင် ကြိုးစားလာတာဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီစကား ပြောလာတာပေါ့။ ဟိုတလောက ဒီ့ထက်တောင် မြင်သေးတယ်၊ NLD ကို ဖျက်သိမ်းတာကို သူတို့ သဘောမတူဘူးလို့ ထုတ်ပြောထားတာ။ အဲဒီတော့ ဗမာပြည်မှာလည်း စစ်အုပ်စုနဲ့စာရင်တော့ ဒီမိုကရေစီ နည်းနည်းဖွံ့ဖြိုးလာတာ ပိုကောင်းတယ်လို့များ သူတို့ တွက်လားမှမသိတာ။ ဒါကြောင့်မို့ ဗမာပြည်သူတွေလည်း ကြိုက်နိုင်မယ့် စကားမျိုးပဲ ပြောရတာ ဖြစ်မှာပေါ့။ အဲဒီတော့ ကျနော်တို့ရဲ့ ထောက်ခံမှုကို ရယူချင်ရင် ခင်ဗျားတို့ ကတိအတိုင်း ဒီမိုကရေစီလမ်းကို ပြန်ဖွင့်ပေးရမယ်၊ နောက် ကျနော်တို့နဲ့ သဘောတူ စာချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပေးဖို့၊ ဆက်လက်လုပ်ဆောင်ဖို့။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီး တင်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)











XS
SM
MD
LG