သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ပျံ့နှံ့


သာကေတထူပါရုံရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှောလူနာများကို ကုသပေးရန်ခေါ်ဆောင်နေစဉ် (ဇူလိုင် ၇၊ ၂၀၂၄)
သာကေတထူပါရုံရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှောလူနာများကို ကုသပေးရန်ခေါ်ဆောင်နေစဉ် (ဇူလိုင် ၇၊ ၂၀၂၄)

ရန်ကုန်တိုင်းအတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူတွေ အတွေ့များလာလို့ ရပ်ကွက်တွေထဲ လိုက်လံအသိပေး ဆော်ဩနေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုရှိခဲ့တဲ့ ရပ်ကွက်တွေထဲက အခြေခံပညာသင်ကျောင်းတွေမှာတော့ ကလိုရင်းဆေးရည်ခတ်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ကနေ ပေးပို့တဲ့သတင်းကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လအစပိုင်းကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ လူနာတွေရှိခဲ့ပြီး ဇွန်လကုန်ပိုင်းမှာတော့ သာကေတမြို့နယ်အပါအဝင် အရှေ့ပိုင်းခရိုင်မြို့နယ်တချို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့လူနာတွေ ဆေးရုံတက်ခဲ့ကြတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ သာကေတမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောလူနာတွေအတွက် ယာယီဆေးခန်းဖွင့်ထားပြီး အဲဒီမှာပဲ ကုသပေးနေတယ်လို့ လူနာတွေကို ကူညီပို့ဆောင်ပေးနေတဲ့ ထူပါရုံ (၁) ရပ်ကွက်က သင်္ခါရဝိမုတ္တိ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

"ကျမတို့ရပ်ကွက်မှာတော့ ဒီနေ့ဖြစ်တာ တယောက်မှမရှိဘူးရှင့်။ အရင်ရက်တွေက ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတွေကလည်း အကုန်လုံးကို ယာယီဆေးခန်း သူတို့လုပ်ပေးထားတယ်။ အဲဒီဆေးခန်းမှာပဲ ဆေးသွင်းဘာသွင်းနဲ့ အကုန်လုံးသက်သာလို့ အိမ်တွေပြန်ပို့ထားပါတယ်ရှင့်။ ကျမတို့ သိသလောက်ကတော့ ကျမတို့စလှုပ်ရှားတဲ့အချိန်မှာ ၆ ယောက်။ အဲဒီ ၆ ယောက်လုံး အိမ်ပြန်ရောက်ကုန်ကြပြီ။ အဲဒီယာယီဆေးခန်းမှာပဲ သူတို့ဆေးသွင်းဘာသွင်းနဲ့ ညနေစောင်းတဲ့အခါကျတော့ အကုန်အိမ်ပြန်ပို့တယ်။ သက်သာလို့ပေါ့နော်။"

မိုးရာသီမှာ အဖြစ်များနိုင်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာတွေက အရည်ဝမ်းအသွားများတာ၊ အော့အန်တာ၊ နှလုံးခုန်မြန်တာနဲ့ အရေပြားကျုံ့ဆန့်နိုင်အား လျှော့နည်းလာတာ အပါအဝင် မျက်တွင်းချိုင့်ဝင်ပြီး၊ ခံတွင်း၊ လျှာနဲ့ နှုတ်ခမ်းတွေခြောက်သွေ့တာ၊ ကြွက်တက်တာနဲ့ သတိလစ်တာ ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောလူနာ အတွေ့များထားတဲ့ သာကေတမြို့နယ်မှာတော့ မုန့်ဟင်းခါးနဲ့ အသုတ်စုံအပြင် သွားရည်စာရောင်းတဲ့ ဆိုင်တွေကို ယာယီပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

"အုပ်ချုပ်ရေးပိုင်းတွေရော၊ လူကြီးလမ်းကြောင်းတွေရော ဆင်းလာပြီးတော့ အကုန်လုံးစစ်ဆေးနေတာပေါ့နော်။ လိုအပ်တာတွေကို ညွှန်ကြားတယ်။ ကျမတို့ကတော့ လူမှုရေးအပိုင်းက ကျန်းမာရေးဌာနနဲ့ အဲဒီတာဝန်ရှိတဲ့လူတွေက အကူအညီတောင်းလို့ ဆေးပိုင်းကိုပဲ ကျမတို့အဖွဲ့တွေက တာဝန်ယူပြီး ထူပါရုံတရပ်ကွက်လုံးပေါ့၊ အကုန်လုံးလိုက်ခတ်တယ်။ ဒီနေ့ဆိုရင် ထူပါရုံထဲမှာ ကျောင်း ၄ ကျောင်းရှိတယ်။ မူလတန်း ၃ ကျောင်း၊ အထက်တန်းတကျောင်း။ အဲဒီကျောင်းတွေထဲ ရေအုတ်ကန်တွေကို ကလိုရင်းဆေးရည် လိုက်ခတ်နေတယ်ရှင့်။"

ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များလာလို့ တချို့မြို့နယ်တွေမှာတော့ ကြိုတင်အသိပေး နှိုးဆော်ပေးနေတယ်လို့ လူမှုကူညီနေသူတွေက ပြောပါတယ်။

"ရန်ကင်းဘက်မှာတော့ ဖြစ်တဲ့လူနာမတွေ့သေးဘူး။ ဆေးရုံသွားချင်လို့ပါ အကူအညီတောင်းတဲ့သူလည်း မရှိသေးဘူး၊ အဲလိုလည်း မကြားမိသေးဘူးဗျ။ ကြိုတင်ပြင်ဆင်ရေးကတော့ ကျန်းမာရေးက ချမှတ်ထားတဲ့အတိုင်း အစားမစားမီနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကိုစင်ကြယ်စွာဆေးဖို့။ ပြီးတော့ အနီးအနားမှာဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် တယောက်က ဒီရောဂါဖြစ်ပြီဆိုရင် သုံးရေထဲကို ကလိုရင်းထည့်ပြီး သုံးဖို့နဲ့၊ ရေကိုလည်း ကျိုချက်ပြီးမှ သောက်သုံးဖို့ပေါ့။ အဲလိုမျိုးတွေကိုတော့ ကျန်းမာရေးကနေ ဆော်ဩပေးတာတော့ရှိတယ်။"

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပြီး ရန်ကုန်တိုင်းထဲက ဆေးရုံတွေဆီ ရောက်လာတဲ့လူနာ ဒီရက်ပိုင်းထဲမှာ ၁၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာတွေပြလာရင် အမြန်ဆုံးကုသမှု ခံယူဖို့နဲ့ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကိုလည်း လိုက်နာကြဖို့ တာဝန်ရှိသူ‌တွေ လိုက်လံအသိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG