သုံးရလွယ်ကူစေသည့် Link များ

အီကွေဒေါနိုင်ငံတွင်းက အငြင်းပွားဖွယ် တရုတ်ရဲ့ အခြေခံ အဆောက်အအုံ စီမံကိန်း 


(Zawgyi / Unicode)

အီကွေဒေါနိုင်ငံမှာ တရုတ်ကတည်ဆောက်တဲ့ အငြင်းပွားဖွယ် Coca Codo Sinclair စီမံကိန်းဖြစ်တဲ့ နိုင်ငံရဲ့အကြီးဆုံး ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဟာ ဘက်ပေါင်းစုံက ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အီကွေဒေါ နိုင်ငံ Quito ကနေ Ne’stor Aguilera ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးမှာပါ။

Édgar Zúñiga ရောင်းနေတဲ့ရေခဲမုန့်ဆိုင်က သက်တမ်း ၈၀ ရှိပါပြီ။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း လျှပ်စစ်ကို ခွဲတမ်းနဲ့ရခဲ့တာမျိုးအပါအဝင် Quito မှာ ရှိတဲ့ အဲဒီ ရေခဲမုန့်ဆိုင်ဟာဆိုရင် ရှည်လျားတဲ့သမိုင်းကြောင်း ရှိပါတယ်။ မီးပြတ်တာတွေ ရှိသလိုပဲ နေထွက်ချိန်ကိုမီစေဖို့ စံတော်ချိန်တနာရီရှေ့တိုးခိုင်းတဲ့ အစိုးရရဲ့ ညွှန်ကြားချက်လည်း ရှိခဲ့ပါတယ်။

" ရေခဲမုန့်ရောင်းဖို့အတွက် ရေခဲသေတ္တာတွေမှာ အပူချိန် မှန်မှန်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီလောက် မီးပြတ်မယ်လို့ ပြောလာတဲ့အခါမှာတော့ ကျနော်တို့အတွက် အံ့သြတုန်လှုပ်ရပြီး စိုးရိမ်ပါတယ်။"

နိုင်ငံတွင်း လျှပ်စစ်မီးပြဿနာအတွက် ဖြေရှင်းချက်ကတော့ တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေးလုပ်ငန်း Sinohydro ရဲ့အကူအညီနဲ့ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Coca Codo Sinclair စက်ရုံဟာဆိုရင် နိုင်ငံတဝန်းကို လျှပ်စစ် ဖြန့်ဝေတဲ့စနစ်လည်း ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း Quito မှာ စက်ရုံဖွင့်ပွဲကိုတော့ တရုတ်သမ္မတ Xi Jinping နဲ့အတူ အဲဒီအချိန်က အီကွေဒေါသမ္မတ Rafael Correa တက်ရောက်ခဲ့ပါတယ်။

" ဒီနိုင်ငံမှာအကြီးဆုံး အခြေခံအဆောက်အအုံကြီးဖြစ်တဲ့ ရေအားလျှပ်စစ်စက်ရုံ Coca Codo Sinclair ကို ဖွင့်လှစ်ခဲ့ပါပြီ။ မဂ္ဂါဝပ် ၁,၅၀၀ ထုတ်တဲ့ ဒီစက်ရုံတခုတည်းနဲ့ အီကွေဒေါက အိမ်အားလုံးကို လျှပ်စစ်မီးပေးနိုင်ပါတယ်။"

ဒေါ်လာသန်း ၂ ထောင်ကျသင့်တဲ့ ဒီ စီမံကိန်းအတွက် တရုတ်ရဲ့ပို့ကုန်သွင်းကုန်ဘဏ်က ဒေါ်လာ သန်း ၁,၇၀၀ ချေးငွေပေးခဲ့တာပါ။ တရုတ်သမ္မတ Xi Jinping က မန်ဒရင်း တရုတ်ဘာသာစကားနဲ့ အခုလို ပြောပါတယ်။

"နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ပုံမှန်တိုးပွားစေရေးအတွက် ပွင့်လင်းမှုနဲ့ ပါဝင်ဆောင်ရွက်မှု၊ လက်တွေ့အလုပ်ဖြစ်ရေး ဝါဒ၊ ပြုလွယ်ပြင်လွယ်ရှိမှုနဲ့ နှစ်ဦးနှစ်ဘက် အကျိုးရှိစေရေး၊ နှစ်ဘက်အကျိုးစီးပွား၊ တန်းတူညီမျှမှုတို့လို ပူးပေါင်းဆောင်ရွက်ရေးမူတွေကို ရှေ့ရှုပြီး အီကွေဒေါနဲ့ တရုတ်ကဆောင်ရွက်လိုပါတယ်။"

စီမံကိန်းပြီးစီးပြီးနောက်မှာ စက်ရုံနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိလာပါတယ်။ ကြီးကြပ်ရေးကော်မရှင်ကိုဦးဆောင်ခဲ့တဲ့ လွှတ်တော်အမတ် Fernando Villavicencio ကလည်း ဝေဖန်ပါတယ်။

တရုတ်ကငွေချေးပြီး သူတို့လိုလားတဲ့ ကုမ္ပဏီတခုကိုငှားခိုင်းပါတယ်။ ကုမ္ပဏီနဲ့ ကုန်ကျစရိတ်အပိုင်းမှာ နိုင်ငံအနေနဲ့ စိတ်ကြိုက်မရွေးချယ်နိုင်ခဲ့ပါဘူး။ ဒါက သိပ်ပြီး ဆိုးတဲ့ ညှိနှိုင်းမှု၊ အချုပ်အချာအာဏာနဲ့ ဆုံးဖြတ်ခွင့်ဆုံးရှုံးမှု ဖြစ်ပါတယ်။

သုံးစွဲခဲ့တဲ့ပစ္စည်းတွေရဲ့ အရည်အသွေး၊ နောက် ရေအားလျှပ်စစ်ထုတ်တဲ့တာဘိုင်ကြီးတွေထံကို ရေလွှတ်တဲ့စနစ်မှာ ထောင်ချီတဲ့အက်ကွဲကြောင်းတွေ ပေါ်လာတာတွေကိုလည်း Villavicencio က မေးခွန်းထုတ်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာတွေ့တာဖြစ်ပြီး နောက်ဆုံးရထားတဲ့ စာရင်းအရ အက်ကွဲကြောင်း ၁၇,၄၉၉ ခု ရှိပါတယ်။

စက်မှုအင်ဂျင်နီယာ Roberto Varhola က စီမံကိန်းတည်ဆောက်မှုအတွင်း အကြံပေးအဖြစ် အလုပ်လုပ်ခဲ့တာဖြစ်ပြီး ဓာတ်အားပေးစက်ရုံတည်ဆောက်မှုကို ကန့်ကွက်ခဲ့သူပါ။ ၁,၅၀၀ မဂ္ဂါဝပ်စက်ရုံကို ရေလုံလောက်အောင် မပေးနိုင်ဘူးလို့ သူက ပြောပါတယ်။ ရေပေးဝေရေးစနစ်မှာ အက်ကွဲရာတွေကြောင့် အန္တရာယ် ရှိလာနိုင်တာကိုလည်း သူက သတိပေးပါတယ်။

" အက်ကွဲရာတွေကို ထိတ်လန့်နေရတာ နှစ်ချီရှိနေပါပြီ။ အစိတ်အပိုင်းတခုမှာ အက်ကွဲရာတခုရှိနေတာဟာဆိုရင် စက်မှု အင်ဂျင်နီယာတယောက်အတွက် အဆိုးဆုံး ထိတ်လန့်စရာဖြစ်ပါတယ်။"

တည်ဆောက်မှုဆိုင်ရာပြဿနာတွေအတွက် အီကွေဒေါအာဏာပိုင်တွေကိုရော တရုတ် ဆောက်လုပ်ရေးကုမ္ပဏီကိုပါ Varhola က အပြစ်တင်ပါတယ်။

" အီကွေဒေါ ပြည်သူတဦးအနေနဲ့ လိမ်ညာခံလိုက်ရတယ်လို့ ခံစားရပါတယ်။ သူတို့ ဒီထက်ကောင်းအောင် လုပ်သင့်ပါတယ်။ "

စက်ရုံရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ဖော်ပြချက်ကို တရုတ်ဘက်ကလည်း တုံ့ပြန်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး နိုင်ငံတကာ လွတ်လပ်တဲ့စုံစမ်းရေး အေဂျင်စီနဲ့ ဆန်းစစ်ခဲ့ပြီး ဒီပြဿနာဟာဆိုရင် စက်ရုံလည်ပတ်မှုကို မထိခိုက်နိုင်ကြောင်းနဲ့ ဘေးကင်းမှုရှိကြောင်း၊ သက်တမ်း ၅၀ သတ်မှတ်သက်တမ်းအတိုင်း စက်ရုံဟာ ဘေးကင်းလုံခြုံမှုရှိကြောင်း ကောက်ချက်ချခဲ့ကြောင်း တရုတ်သံရုံး တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး တရုတ်နိုင်ငံပိုင် Global Times က ဖော်ပြပါတယ်။

ရေအားလျှပ်စစ်စက်ရုံဟာ အီကွေဒေါရဲ့လျှပ်စစ်ဓာတ်အား ၃၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်နေတာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ စက်ရုံအတွင်းမှာ တည်ဆောက်မှုဆိုင်ရာပြဿနာတွေအပြင် Coca Codo စီမံကိန်း ကြောင့် ပြင်ပမှာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ရေတိုက်စားမှုကြောင့် ဧရာမ ကျင်းပေါက်ကြီးတခု ဖြစ်သွားခဲ့သလို ရေနံပိုက်လိုင်းတွေပေါက်ပြီး ဒေသတွင်းမှာ ရေနံတွေစိမ့်ထွက်ခဲ့ပါတယ်။ Saan Luis မြို့ တစိတ်တပိုင်း ရေတိုက်စားသွားသလို အဝေးပြေးလမ်းမကြီးတပိုင်းလည်း ပျက်စီးခဲ့ပါတယ်။ Erodita Andi ကတော့ အဲဒီဒေသမှာ နေထိုင်နေတာ ၁၅ နှစ်တာရှိခဲ့ပါပြီ။

" မိုးရွာတဲ့အခါ တောင်ပေါ်ကရေကျသံကို မကြာခဏကြားရပါတယ်။ ဒီမှာ နေကြရတဲ့ ကျမတို့ အတွက်တော့ ကြောက်လန့်စရာပါ။"

ဘူမိဗေဒပညာရှင် Caarolina Bernaal ကတော့ ဆိုးရွားလှတဲ့ရေတိုက်စားမှုကို ဓာတ်အားပေးစက်ရုံရဲ့ နုန်းမြေစီမံခန့်ခွဲမှုနဲ့ ဆက်စပ်ပြောဆိုပါတယ်။ တည်ဆောက်ရေးမစခင်မှာ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှု ကြိုလုပ်ခဲ့သင့်တယ်လို့လည်း သူမနဲ့ အတူဘဲ တခြားသောကျွမ်းကျင်သူတွေက ပြောပါတယ်။

ပုံမှန် နုန်းမြေ ပို့ချမှုတွေ ရှိနေတာကြောင့် စက်ခန်းမှာ ရေကြီးလာမှာ ဖြစ်ပြီး ဒီနုန်းမြေတွေကို ဖယ်ရှား ရှင်းလင်းရေး အတွက် တချိန်လုံး တူးဖော်နေရမှာကြောင့် ဖြစ်လာတဲ့ ခြိမ်းခြောက်မှုကြောင့် ဒီဒေသမှာ ပြဿနာတွေ ပိုပြီး တွေ့လာရပါတယ်။

တည်ဆောက်ရေးမတိုင်ခင်မှာ ဘူမိဗေဒဆိုင်ရာ လေ့လာမှုမရှိခဲ့ဘူးလို့လည်း အင်ဂျင်နီယာ Jorge Sevilla က ပြောပါတယ်။ ရေကာတာအထက်ပိုင်းမှာ နုန်းမြေပို့ချမှု များလာတာကြောင့် ရေမျက်နှာပြင်မြင့်တက်လာပြီး စက်ရုံလည်ပတ်မှုကို ထိခိုက်စေနိုင်တဲ့ ပိတ်ဆို့မှုတွေဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

"လုံလောက်အောင် ဆောင်ရွက်ခဲ့တယ်လို့ ယူဆခဲ့ပေမယ့်လည်း မလုံလောက်ပါဘူး။"

စက်ရုံနဲ့ ပတ်သက်တဲ့ စိုးရိမ်ချက်တွေထဲမှာ ဒေသတွင်း မြို့တွေမှာ နေထိုင်ကြသူတွေကလည်း သူတို့ရဲ့ စီးပွားရေး မျှော်လင့်ချက်တွေ မပြည့်မီတဲ့ အပေါ်မှာ မကျေမနပ် ဖြစ်နကြတာပါ။ ဒေသခံ Luis Herrera က အခုလို ပြောပါတယ်။

ရေအားလျှပ်စစ် စီမံကိန်းကြောင့် ခရီးသွားလုပ်ငန်း ကောင်းလာမယ်၊ စက်ရုံကို ကြည့်ဖို့ လူများများလာဖို့ စွဲဆောင်နိုင်မယ်လို့ ဆိုပေမယ့် ဖြစ်မလာပါဘူး။

ဒေသတွင်းမှာ ဝင်ငွေပိုကောင်းလာရမယ့်အစား စက်ရုံပြင်ဆင်စရိတ်က ပိုပြီး ကုန်ကျစေမှာဖြစ်သလို ရေတိုက်စားမှုကိုလည်း ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံတွင်း လျှပ်စစ်မီး ဆက်လက်ရရှိပြီး ရေခဲသေတ္တာတွေလည်း ဆက်ပြီး လည်ပတ်နိုင်ရးအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထိခိုက်စေနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာခြိမ်းခြောက်မှုတွေ လျော့ပါးသက်သာစေရေးအတွက် အီကွေဒေါနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

=============

(Unicode)


























=============

XS
SM
MD
LG