သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus တိုက်ဖျက်ရေး နိုင်ငံတကာကျွမ်းကျင်သူတွေ တရုတ်လက်ခံမည်


(Zawgyi/Unicode)

တရုတ်နိုင်ငံမှာ စတဲ့ Coronavirus ပျံ့နှံ့ ကူးစက်မှုက တခြား ကမ္ဘာ့ နိုင်ငံတွေကိုပါ သက်ရောက်လာတာနဲ့ အတူဘဲ Coronavirus တိုက်ဖျက်ရေး ကြိုးပမ်းနေရတဲ့ တရုတ်နိုင်ငံက နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်တွေကို လက်ခံဖို့ အင်္ဂါနေ့က သဘောတူလိုက်ပါပြီ။ တရုတ်သမ္မတနဲ့ WHO အကြီးအကဲတို့ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို သဘောတူလိုက်တာပါ။ တချိန်တည်းမှာဘဲ တရုတ် CDC ကလည်း Coronavirus ကာကွယ်ဆေး ထုတ်နိုင်ရေး ကြိုးစားနေကြပါတယ်။ AFP , AP , CCTV သတင်းတွေကို အခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ

Coronavirus ကြောင့် သေဆုံးရသူတွေ၊ ကူးစက်ခံရသူတွေ တနေ့တခြား တိုးလာနေတာနဲ့ အတူဘဲ အဆိုးရွားဆုံး ဖြစ်နေတဲ့ တရုတ်နိုင်ငံ Wuhan မြို့တွင်းက နိုင်ငံသားတွေကို ပြန်ခေါ်ရေး နိုင်ငံ အသီးသီးက ပြင်ဆင်နေကြပါတယ်။ တချိန်တည်းမှာဘဲ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူတွေကို တရုတ်ကို စေလွှတ်ဖို့လည်း ရှိနေပါတယ်။ Coronavirus တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံက နိုင်ငံတကာက ကျွမ်းကျင် ပညာရှင်တွေကို လာရောက် ပူးပေါင်းဖို့ သဘောတူလိုက်ကြောင်း အင်္ဂါနေ့မှာဘဲ WHO က ပြောဆိုလိုက်တာပါ။

တရုတ် Corona ဗိုင်းရပ်ရောဂါ အိမ်နီးချင်းနိုင်ငံတချို့ကို ကူးစက်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

တချိန်တည်းမှာဘဲ အင်္ဂါနေ့မှာ တရုတ်သမ္မတ Xi Jinping နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO အကြီးအကဲ တို့လည်း Coronavirus ကူးစက်ပျံ့နှံ့မှု အရေး ဆွေးနွေးခဲ့ကြပါတယ်။

တရုတ် သမ္မတ Xi Jinping က အခုလို ပြောပါတယ်။

“တရုတ် ပြည်သူတွေ အတွက်တော့ အခုအချိန်ဟာ ကူးစက်ရောဂါကို အထူး အလေးထား တိုက်ဖျက်နေရပါတယ်။ အစိုးရရဲ့ ရည်မှန်းချက်က ပြည်သူတွေ အသက်ရှင် ကျန်းမာရေးကို ထိပ်တန်း ဦးစားပေး အဖြစ် ထားရှိထားတာကြောင့် ဒီကိစ္စ အပေါ်မှာ တရုတ် အစိုးရ အနေနဲ့ အထူးအရေးကြီး ကိစ္စရပ် အဖြစ် ထားရှိ ဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်း ကူးစက်ရောဂါ ကာကွယ် ထိန်းချုုပ်ရေး ညွှန်ကြား ဆောင်ရွက်မှုတွေကို ကျနော် ကိုယ်တိုင် ဆောင်ရွက်နေပါတယ်။ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ထားပြီး အချင်းချင်း ရိုင်းပင်းကူညီမှု၊ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးပိုင်းမှာ သိပ္ပံနည်းကျ ဆောင်ရွက်မယ်၊ မူဝါဒတွေကို အသေအချာ ချမှတ်ဆောင်ရွက်မယ်ဆိုရင်တော့ ဒီ ကူးစက် ပျံ့နှံ့မှုကို အသေအချာ အောင်မြင်မှာပါ။”

သမ္မတ Xi နှင့် WHO အကြီးအကဲတွေ့ဆုံ
သမ္မတ Xi နှင့် WHO အကြီးအကဲတွေ့ဆုံ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကလည်း အခုလို ပြောပါတယ်။

“ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ဖြစ်ပြီ ဆိုတာနဲ့ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို အချိန်တို အတွင်းမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါတင် မဟုတ်ပါဘူး ဒီရဲ့ အကျိုးဆက်တွေကိုလည်း ချက်ချင်း မျှဝေခဲ့တာကြောင့် တခြားနိုင်ငံတွေကလည်း ဒါကို သုံးနိုင်ခဲ့ပါတယ်။ တချိန်တည်းမှာဘဲ သမ္မတ Xi အနေနဲ့ အများပြည်သူ ကျန်းမာရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်တွေကို စပြီး ဖော်ဆောင်ခဲ့ပါတယ်။ ဒါက သိပ်ပြီး အရေးကြီးပြီး ဒီလို လုပ်နိုင်ခဲ့တဲ့ အတွက်လည်း ကျနော်တို့က သိပ်ပြီး ဂုဏ်ယူပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံရေး အရ ပိုင်းဖြတ်ဆောင်ရွက်မှုနဲ့ သမ္မတ Xi ရဲ့ ခေါင်းဆောင်မှု ဖြစ်ပါတယ်။ ဒါကို လိုက်နာလုပ်ဆောင်ခြင်း အားဖြင့် ဗိုင်းရပ် ကူးစက် ပျံ့နှံ့မှုကို တားဆီးနိုင်ရေးမှာ အထောက်အကူ ဖြစ်မှာပါ။”

တရုတ်ဘက်ကတော့ ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ Wuhan မြို့က Huanan ပယ်လယ်စာဈေးမှာရောင်းချတဲ့ တောရိုင်း တိရိစ္ဆာန် အရှင်တွေ ကနေ Coronavirus စတင်ဖြစ်ပွားရာလို့ ယူဆထားကြပြီး အဲဒီ ဈေးနဲ့ ဈေးဝန်းကျင်က ပစ္စည်း နမူနာတွေကို တရုတ် CDC က စစ်ဆေးခဲ့တာပါ။ လက်ရှိမှာတော့ တရုတ် CDC က Coronavirus ကာကွယ်ဆေး ထုတ်နိုင်ရေး စတင် ကြိုးပမ်းနေပြီး ဒီဗိုင်းရပ်စ်ကြောင့် ဖြစ်ရတဲ့ နျူမိုးနီးယား အဆုတ်ရောင် ရောဂါကို ကုသနိုင်မယ့် ဆေးဝါးတွေကိုလည်း စစ်ဆေးနေပါတယ်။

Coronavirus ရဲ့ ပထမဆုံး မျိုးဗီဇကို အောင်အောင်မြင်မြင် ခွဲထုတ်နိုင်ခဲ့ပြီးနောက်မှာတော့ Coronavirus ကာကွယ်ဆေး တမျိုး ထုတ်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီလို့ တရုတ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာန CDC ရဲ့ ညွှန်ကြားရေးမှူး Xu Wenbo က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဗိုင်းရပ်ကို သီးသန့် ခွဲခြားထားပြီးနောက်မှာ ချက်ချင်းဆိုသလိုဘဲ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို လေ့လာ သုတေသနလုပ်ပါတယ်။ နောက်တဆင့်ကတော့ စမ်းသပ် အဆင့် ဖြစ်ပြီး ကျနော်တို့ အနေနဲ့ တတ်နိုင်သလောက် အမြန်ဆုံး ကာကွယ်ဆေး ဖြစ်လာဖို့ ကြိုးစားသွားပါမယ်။”

Coronavirus အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့ Wuhan မြို့မှာတော့ ဆေးရုံဆေးခန်းတွေမှာ လူနာတွေ ပြည့်ကျပ်နေပြီး တရုတ် ဗဟို အစိုးရဘက်က စစ်တပ် ဆရာဝန်တွေ အပါအဝင် ကျန်းမာရေး ဝန်ထမ်းတွေ ထောင်နဲ့ချီ စေလွှတ်နေသလို၊ ဆေးရုံ ၂ ရုံလည်း ထပ်ပြီး ဆောက်လုပ်နေပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံသားတွေ အပါအဝင်ဘဲ တခြား နိုင်ငံသားတွေလည်း မြို့ပြင်ထွက်ခွင့် ပိတ်ခံထားရတဲ့ Coronavirus အဆိုးရွားဆုံး ဖြစ်နေရာ Wuhan မြို့တွင်းမှာ ပိတ်မိနေကြပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သီးသန့်လေယာဉ်နဲ့ Wuhan က အမေရိကန် ကောင်စစ် ဝန်ထမ်းတွေနဲ့ အမေရိကန်နိုင်ငံသား တချို့ကို ပြန်လည် ခေါ်ယူမယ်လို့ ပြောဆိုထားပါတယ်။ တခြားနိုင်ငံတွေကလည်း နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ရေး ပြင်ဆင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)





တရုတျ သမ်မတ Xi Jinping က အခုလို ပွောပါတယျ။









XS
SM
MD
LG