သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝူဟန်ရောက် မြန်မာကျောင်းသားများ ပြန်ခေါ်ရေး ညှိနှိုင်းဆောင်ရွက်နေ


ဝူဟန်မြို့တနေရာ
ဝူဟန်မြို့တနေရာ

(Zawgyi/ Unicode)

တရုတ်နိုင်ငံမှာ corona ဗိုင်းရပ်ကူးစက်ပြန်နှံမှု စတင်သလို ရောဂါကူးစက်မှုအဆိုးဆုံးဖြစ်နေတဲ့ ဝူဟန်မြို့ကို ပညာသင်ရောက်ရှိနေတဲ့ မြန်မာကျောင်းသား အယောက် ၆၀ နေရပ်အမြန်ပြန်နိုင်ရေး အတွက် မြန်မာအစိုးရနဲ့ တရုတ်အာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

ဒီကျောင်းသားတွေ ပြန်ရောက်လာရင် ကျန်းမာရေး စစ်ဆေးမှုတွေကို အရင်ဆုံးပြုလုပ်သွားမယ်လို့ မြန်မာကျန်းမာရေး တာဝန်ရှိသူတွေကတော့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသား အယောက် ၆၀ က မြန်မာနိုင်ငံကို သူတို့ ပြန်လာနိုင် ဖို့ ပြီးခဲ့တဲ့ စနေနေ့က မြန်မာအစိုးရ ဆီမှာ တောင်းဆိုခဲ့ကြတဲ့ အတွက် ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေက ဝူဟန်မြို့ရှိရာ ဟူပေ ပြည်နယ်က အစိုးရ တာဝန်ရှိသူတွေ ဆီကို တင်ပြခဲ့ ကြ ပါတယ်။

Novel Corona Virus (nCoV) ဖြစ်ပေါ်လာသည့် အကြောင်း
Novel Corona Virus (nCoV) ဖြစ်ပေါ်လာသည့် အကြောင်း

ဟူပေ ပြည်နယ်အစိုးရကတော့ ဒီကျောင်းသားတွေကို ထွက်ခွာဖို့ခွင့်မပြုခင်မှာ ကျန်းမာရေးစစ်ဆေးမှု အရင်ပြုလုပ် မှာ ဖြစ်ပြီး စောင့်ကြည့်ကာလအဖြစ်လည်း ရက်သတ္တပတ် နှစ်ပတ် သတ်မှတ်သွားမယ်လို့ မြန်မာအစိုးရထံ အကြောင်းကြား လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီ့ထက်စောပြီး မြန်မာပြည်ကို ပြန်နိုင်ဖို့ မြန်မာကျောင်းသားတွေက လိုလားနေကြတာပါ။ အဲဒါကြောင့် ကျောင်းသားတွေ အမြန်ဆုံး နေရပ်ပြန်နိုင်ဖို့ တရုတ်အစိုးရနဲ့ ထပ်ပြီး ညှိနှိုင်းထားတယ်လို့ ပေကျင်းမြို့အခြေစိုက် မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ဆေးစစ်မှုကို ခံယူပါမယ်။ ဒါပေမယ့်ပေါ့နော် ကျောင်းသားတွေအနေနဲ့ကတော့ မြန်မာနိုင်ငံကို အမြန်ပြန်လိုတဲ့ ဆန္ဒရှိနေတော့ ကျနော်တို့က ဆေးလည်းစစ်ပါမယ်။ ဒါပေမယ့် ပြီးရင် မြန်မြန်ဆန်ဆန်ထွက်လို့ရအောင်ပေါ့နော်။ ရက်အတိုဆုံးအတွင်းမှာ ထွက်လို့ရအောင်ဆိုပြီး လောလောဆယ်ညှိနှိုင်းထားပါတယ် ခင်ဗျ။ သူတို့ဘက်ကတော့ လက်ရှိတော့ အကြောင်းပြန်လာခြင်းတော့ မရှိသေးပါဘူး။ အဲလိုလေးတော့ လက်ရှိအခြေအနေက ရှိနေပါတယ်။”

ပေကျင်းမြို့က မြန်မာသံရုံးအနေနဲ့ ကျောင်းသားတွေကို ဝူဟန်မြို့ကနေ ချန်းရှမြို့ကို ဘတ်စ်ကားနဲ့ထွက်ခွာနိုင်ဖို့အတွက် အရင်ဆုံး စီစဉ်ထားပြီး၊ အဲဒီကနေတဆင့် ချန်းရှမြို့ တိုက်ရိုက်လေကြောင်းနဲ့ မြန်မာနိုင်ငံ၊ မန္တလေးမြို့ကို သွားနိုင်ဖို့ ဟူပေနဲ့ ဟူနန်ပြည်နယ်က နိုင်ငံခြားရေးဌာန တွေနဲ့ ဆက်သွယ် ဆောင်ရွက် နေတယ်လို့ လည်း ပြောပါတယ်။ အခုလို မြန်မာဘက်က စီစဉ်နေတဲ့အတိုင်း ဖြစ်နိုင်မယ် မဖြစ်နိုင်ဘူး ဆိုတာကို တရုတ်အစိုးရဘက်က အကြောင်း မပြန်သေးဘူးလို့လည်း ပြောပါတယ်။

“သူတို့သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့ သူတို့ကတော့ ခွင့်ပြုပေးမှာပေါ့နော်။ အဓိကတော့ ဒီဟာထွက်ခွင့်ဆိုတာ သူတို့ခွင့်ပြုတဲ့ အတိုင်းအတာပေါ်မူတည်ပြီး ကျနော်တို့က ဆက်လက်ပြီးဆောင်ရွက် ရမှာပေါ့နော်။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး လိုချင်တဲ့ပုံစံကို ညှိနေတာပဲရှိသေးတာပေါ့။ သူတို့တကယ်ပဲ ကျန်းမာရေးကောင်းမွန်တဲ့ပုံစံနဲ့ အဆင်ပြေပြေနဲ့ မြန်မာပြည်ပြန်လို့ရအောင် လောလောဆယ် ဦးစားပေး ဆောင်ရွက်နေပါပြီ။”

မြန်မာကျောင်းသားတွေအနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကို ကျောင်းတွေမှာနေ့စဉ်လုပ်နေရပြီး အားလုံးရဲ့ ကျန်းမာရေး အခြေ နေက ကောင်းမွန်တယ်လို့ လည်း ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းကို အမြန်ဆုံးပြန်နိုင်ရေးအတွက် ဘာတွေ ပြင်ဆင်ဆောင်ရွက် နေတယ် ဆိုတာနဲ့ သူတို့ လက်ရှိ အခြေအနေတွေကို သိနိုင်ဖို့အတွက် ဝူဟန်ရောက် မြန်မာကျောင်းသားတချို့နဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံအစိုးရ အနေနဲ့ကတော့ အဲဒီကျောင်းသားတွေ ပြန် ရောက်လာရင် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ သူတို့နဲ့ပတ်သက်ပြီး လိုအပ်တဲ့စီမံဆောင်ရွက်ချက်တွေကို အဆင်သင့်ပြုလုပ် ထားပြီး ဖြစ်သလို ဒါကို မကြာခင်မှာပဲ ကြေငြာချက်ထုတ်ပြန် ဖို့ရှိတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“သူတို့တွေ ဒီရောက်လာပြီဆိုလို့ရှိရင် ကျန်းမာရေးအရင်ဆုံး ရောက်တဲ့အချိန်မှာ စစ်ဆေးမှာရှိပါတယ်။ အစ်မတို့အနေနဲ့ကတော့ ကိုယ့်နိုင်ငံကို ဒီ ဝူဟန်ကစဖြစ်တဲ့ နမိုးနီးယားရောဂါပေါ့နော် မဝင်ရောက်စေဖို့အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပါတယ်။ အဲလို ဆောင်ရွက်တဲ့ နေရာမှာတော့ ဒီကျောင်းသား ၆၀ ဝူဟန်ကပြန်လာတယ်။ တနည်းအားဖြင့် သူတို့ဆီကနေပြီးတော့ ကိုယ့်ရဲ့မြန်မာနိုင်ငံက လူတွေကို မကူးစက်ဖို့အတွက်တော့ အစ်မတို့အနေနဲ့ လိုအပ်တဲ့အစီအမံတွေ အကုန်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ဒီသူတို့နဲ့ပတ်သက်လို့ ဘယ်လို ဆက်လက်ဆောင်ရွက်ရမလဲ ဆိုတာကိုတော့ နောက်ထပ်မကြာခင် ထုတ်ပြန်ပါမယ်။ ဒါပေမယ့်လို့ အဲဒီအတွက် အစီအမံတွေတော့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။”

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာရှိတဲ့ ကျောင်းသား အယောက် ၆၀ လုံး နေရပ်ပြန်နိုင်ရေး အတွက် မြန်မာအစိုးရရဲ့ တောင်းဆိုချက် တွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ ဘက်က ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ မသိရသေးတဲ့ အတွက် အဖြေကို စောင့်ဆိုင်း နေရဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Coronavirus ကူးစက်ခံထားရသူ စုစုပေါင်း နှစ်ထောင်နီးပါးရှိနေပြီး သေဆုံးနှုန်းလည်း တိုးနေပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ Coronavirus ပိုး အကူးစက်ခံရသူ တွေကို ထိုင်း၊ ဂျပန်၊ တောင်ကိုရီးုယား၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ သြစတြေးလျ၊ ကနေဒါနဲ့ နီပေါတို့မှာ တွေံ့နေရပေမယ့် မြန်မာနိုင်ငံမှာတော့ သံသယလူနာမတွေ့ရှိသေးဘူးလို့ ကျန်းမာရေး တာဝန်ရှိသူတွေ ဘက်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


( Unicode)














ဆက်စပ်သတင်းများ ...

XS
SM
MD
LG