သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝူဟန်၊ ဟောင်ကောင်နဲ့ လူနာတချို့ နောက်ဆုံးအခြေအနေများ


ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam. (ဇန်နဝါရီ ၂၅၊ ၂၀၂၀)
ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam. (ဇန်နဝါရီ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

Corona ဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို တရုတ်စစ်ဘက် ဆေးဝန်ထမ်းတွေ စနေနေ့မှာ စေလွှွတ်ချထားပါတယ်။ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ Corona ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံ တချို့မှာပါ ပျံ့နှံ့ ရောက်ရှိနေပြီ။ အဆုတ်ရောင် Corona ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဝူဟန်မြို့မှာ ဒေသခံတွေ အိမ်ပြင်မထွက်ရ၊ ခရီးမသွားရ အမိန့်နဲ့ တားမြစ်ထားသလိုပဲ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ တချို့မှာလည်း ဒီဗိုင်းရပ်စ် ကူးစက်ခံရသူတချို့ကို သီးသန့်ထားပြီး ကုသနေကြရပါတယ်။ နောက်ဆုံးရ အခြေအနေတွေကို မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ဖြစ်တဲ့ Corona ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်းက စနေနေ့မှာ ၁၄၀၀ နီးပါး ရောက်ရှိသွားပြီး သေဆုံးသူက ၄၂ ဦးထိ ရှိနေပါတယ်။ တရုတ်နှစ်ကူးရာသီ လူသိန်းနဲ့ချီ ခရီးသွားတာကနေ ဒီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မယ့်အရေးကို တားဆီးနိုင်ဖို့ ဝူဟန်မြို့တွင်းကို ခရီးသည်တင်ကားတွေ ဝင်ခွင့်ကိုပါ တနင်္ဂနွေနေ့မှာ ပိတ်ပင်မယ်လို့လည်း တရုတ် ပြည်တွင်းသတင်းစာ တစောင်မှာ ဖော်ပြပါတယ်။

ဝူဟန်မြို့တည်ရှိရာ Hubei ပြည်နယ်ထဲမှာလည်း လူနာတွေကို ကုပေးဖို့ ကုတင် ၁၀၀၀ ဆန့် ဆေးရုံကို ၆ ရက်အတွင်း အပြီးတည်ဆောက်နိုင်ဖို့ တရုတ်အာဏာပိုင်တွေ ပြင်ဆင်နေကြပါတယ်။ အဲဒီဒေသတွင်းမှာ ရာနဲ့ချီတဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသပေးနေရပြီး တချို့က အခြေအနေ ဆိုးရွားနေတာပါ။

စနေနေ့မှာတော့ တရုတ်အစိုးရက စစ်ဘက် ဆေးဝန်ထမ်း ၄၅၀ ကို ဝူဟန်မြို့ကို စေလွှတ်ထားပါတယ်။ တရုတ်ရေတပ်ရဲ့ ဒုတိယ စစ်ဆေးတက္ကသိုလ်က နိုင်ငံရေးရာ လက်ထောက်အရာရှိ Chen Hongwei က အခုလို ပြောပါတယ်။

"Second Military Medical တက္ကသိုလ်အနေနဲ့ တာဝန်ပေးခံရပြီး ချက်ချင်းပဲ သင့်လျော်တဲ့ အစီအစဉ်တွေ ဆောင်ရွက်ခဲ့ပါတယ်။ ဂုဏ်ယူဖွယ်မစ်ရှင်အတွက် ကျနော်တို့ ဆေးဝန်ထမ်းတွေ စေတနာ့ဝန်ထမ်း ဆောင်ရွက်ကြပါတယ်။ ကျနော်တို့ ဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံတဝန်းကလူတွေနဲ့ အတူပဲ ဒီကပ်ဘေးကြီးကို အောင်မြင်ကျော်လွှားနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။"

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ နေထိုင်သူတွေ အိမ်ထဲကနေ အိမ်ပြင် မထွက်ရသလို မြို့ပြင်ထွက်ခွင့်လည်း ပိတ်ထားပါတယ်။ ဝူဟန်မြို့တွင်းမှာ ပိတ်မိနေတဲ့အထဲမှာ ပါတဲ့ အမေရိကန်ပြည်ထောင်စုက ဆရာတဦးဖြစ်တဲ့ George Goodwin က အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂ ရက်ကတည်းက အိမ်ပြင်မထွက်ရအမိန့် သက်ရောက်ပါတယ်။ သေချာတာကတော့ ဒီမှာ အခြေအနေတွေ ဘယ်လိုနည်းနဲ့မဆို အချိန်နဲ့အမျှ ပြောင်းလဲမှာပဲ ဆိုပေမယ့် မျှော်လင့်မထားတာတွေပါ အပြောင်းအလဲတွေ ရှိနေပါတယ်။ ဥပမာပြောရရင်တော့ အစားအသောက်လိုမျိုး ရောင်းချပေးနိုင်မယ့် လက်လီဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေ ဖွင့်နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် မထင်မှတ်ဘဲ ပိတ်ပါတယ်။ ဒါပေမယ့်လည်း စူပါမတ်ကက်ကြီး တချို့ကတော့ ဥပမာပြောရရင် အိမ်တိုင်ရာရောက် အစားအသောက် ပို့ပေးဖို့ လက်ခံတယ်ဆိုတာလည်း ကြားရပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတော့ ကျနော်တို့ အိမ်ထဲမှာပဲ နေနေရပါတယ်။ တခြားလူတွေနဲ့ လူစုလူဝေးနေရာတွေကို ရှောင်တဲ့အနေနဲ့ ကျနော်တို့လိုပဲ တခြားလူတွေလည်း သီးသန့်လိုမျိုး နေနေကြပါတယ်။"

အဆုတ်ရောင် Corona ဗိုင်းရပ်စ် ကူးစက်ထားသူတွေက ကမ္ဘာ့နိုင်ငံ တချို့ကိုလည်း ရောက်ရှိနေကြပါပြီ။ ဟောင်ကောင်မှာတော့ Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၅ ဦး အတည်ပြုပြီးနောက်မှာတော့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ဇန်နဝါရီလ ၂၅ ရက်နေ့ စနေနေ့မှာ ဟောင်ကောင်မှာ အရေးပေါ်အခြေအနေ ကြေညာပြီး ဟောင်ကောင်နဲ့ ဝူဟန်ကြား လေကြောင်းခရီးစဉ်တွေနဲ့ မြန်နှုန်းမြင့်ရထား ပြေးဆွဲမှု ခရီးစဉ်တွေကိုပါ ရပ်ဆိုင်းမယ်လို့ ပြောဆိုထားပါတယ်။

"အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အဆင့်အဖြစ် အရေးပေါ်အစီအစဉ် သတ်မှတ်ပြဋ္ဌာန်းထားရတာကတော့ ဒီ ကူးစက်ရောဂါက ဒေသခံ လူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာရေးအတွက် ပြင်းထန် သက်ရောက်နိုင်တဲ့ အန္တရာယ် ဖြစ်တာကြောင့်ပါ။ ဟောင်ကောင်မှာတော့ ဆိုးဆိုးရွားရွား ပျံ့နှံ့ကူးစက်မှု မတွေ့ရသေးပါဘူး။ ဒါပေမယ့်လည်း ဒီကိစ္စကို အထူးအလေးထား ဆောင်ရွက်နေပြီး ဒီ ပျံ့နှံ့ကူးစက်မြန် ရောဂါကို လက်ဦးမှု ရယူနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကို တုံ့ပြန်ကိုင်တွယ်ရေးအဆင့်ကို အထူးအလေးထားမှု အဆင့်ကနေ အရေးပေါ်အခြေအနေထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။"

ဒေသတွင်းက မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ နီပေါအပြင် ထိုင်းနိုင်ငံမှာလည်း Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူတချို့ ရှိနေပါတယ်။

မြန်မာနိုင်ငံ ကော့သောင်းမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းခရိုင် နယ်စပ်ဂိတ်မှာ စမ်းသပ်စစ်ဆေးနေတာနဲ့ ပတ်သက်ပြီး ထိုင်းကျန်းမာရေး ဒုတိယဝန်ကြီး နိုင်ဆာထေ့ ပတူဒေချာက သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

"ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကိုယ်ပူချိန် မြင့်တက်နေသူ၊ ဖျားနေသူတွေကို ရောဂါပိုး အခြေအနေကို အသေးစိတ် စစ်ဆေးနေတာပါ။ ဗိုင်းရပ်စ်ရောဂါပိုးတွေ ရှိတယ်ဆိုရင် အရေးပေါ် ရောဂါတိုက်ဖျက်ရေး ဆေးရုံကို ပို့ပြီး ကုသမှုတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။"

အမေရိကန်ပြည်ထောင်စုမှာတော့ Corona ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုလူနာ ၂ ဦး ရှိနေပြီး သူတို့ကို သီးသန့်ခွဲခြားထားပြီး စောင့်ကြည့် ကုသပေးနေပါတယ်။ အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ ကုသပေးနေရသူကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန်ရောက်လာသူ အမျိုးသမီး ဖြစ်ပါတယ်။ သူမရဲ့ အခြေအနေကတော့ အခုအချိန်မှာ စိုးရိမ်စရာ မရှိဘူးလို့ ကူးစက်ရောဂါဆိုင်ရာ အထူးကု ဒေါက်တာ Lynwood Jones က ပြောပါတယ်။

"မစိုးရိမ်ရပါဘူး။ လူနာအနေနဲ့ စိတ်ပူပန်နေတာ မဟုတ်ဘဲ ကောင်းကောင်းမွန်မွန် စကားပြောဆိုနေပါတယ်။ တယောက်တည်း သီးသန့်နေနေရတော့ ငြီးငွေ့နေမှာပေါ့။ ဒါပေမယ့် အခုအချိန်ထိတော့ ဆေးပညာရှုထောင့်အရ သူမအနေနဲ့ အခုအချိန်မှာ လက်ငင်း စိုးရိမ်စရာအန္တရာယ် မရှိပါဘူး။"

သြစတြေးလျ၊ ပြင်သစ်တို့မှာလည်း Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူတချို့ ရှိနေပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က Bichat ဆေးရုံက ကူးစက်ရောဂါနှင့် အပူပိုင်းဒေသ ရောဂါများဆိုင်ရာဌာန အကြီးအကဲ Yazdan Yazdanpanah က အခုလို ပြောပါတယ်။

"လူနာတွေက တရုတ်နိုင်ငံ ဝူဟန်မြို့က ဖြစ်ပါတယ်။ သူတို့က ပြင်သစ်ကို ၁၈ ရက်နေ့က ရောက်လာတာပါ။ သူတို့ရောက်လာချိန်မှာ ရောဂါလက္ခဏာ မပြပါဘူး။ ဒါပေမယ့် တယောက်က ၁၉ ရက်နေ့မှာ ရောဂါလက္ခဏာ စတွေ့ရပြီး နောက်တယောက်ကတော့ ၂၃ ရက်နေ့လောက်မှာ ရောဂါလက္ခဏာ စပြီး တွေ့ရတာပါ။"

တရုတ်အာဏာပိုင်တွေဘက်က ဒီအဆုတ်ရောင်ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေတာနဲ့ အတူပဲ တရုတ်သမ္မတ Xi Jinping ကလည်း တရုတ်နိုင်ငံဟာ ဆိုးရွားလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း စနေနေ့မှာ ပြောဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ဘက်ကတော့ Corona ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်ခံရမှုနဲ့ သေဆုံးမှုက တိုးလာဦးမယ့် အခြေအနေ ရှိကြောင်းလည်း သတိပေးထားပါတယ်။

--------------------------------------

(Unicode)




















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG