သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အကြပ်အတည်း လုပ်ငန်းရှင်တွေအတွက် နောက်ထပ်ချေးငွေ အတိုးနှုန်း ၁%နဲ့ ပေးဖို့ NLD အစိုးရ စီစဉ်


(Zawgyi/Unicode)

COVID-19 ကြောင့်ရပ်တန့်သွားတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ကုစားဖို့ အစိုးရက နောက်ထပ်ချေးငွေတွေ မကြာခင် ထပ်ချပေးဖို့ရှိပါတယ်။ လိုအပ်လာတဲ့ ဘဏ္ဍာငွေအတွက် နိုင်ငံတကာ အစိုးရတွေအဖွဲ့အစည်းတွေဆီကနေငွေချေးထားတာမို့၊စီးပွားရေး ပြန်လည်ကုစားရေးမှာ အစိုးရက ဘယ်စီးပွားရေး လုပ်ငန်းတွေကို အဓိက တွန်းအားပေးသွားဖို့ ရှိပါလဲ။ အပြည့်အစုံကို ကိုဇော်ထက် တင်ပြပေးမှာပါ။

COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှု ပြန်လည်ကုစားရေးကော်မတီကနေ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို နောက်ထပ်ချေးငွေတွေ ထပ်ချေးသွားဖို့ရှိတယ်လို့ ကော်မတီရဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဒီကနေ့ မီဒီယာတွေကို ပြောလိုက်ပါတယ်။

“ ချေးငွေတွေ ထပ်ထုတ်ပေးသွားဖို့ရှိပါတယ်။ ထပ်ထုတ်ပေးမယ့် အပိုင်းမှာလည်း အတိုးနှုန်းလည်း မပြောင်းပါဘူး။၁ % နဲ့ပဲ ဆက်ထုတ်ပေးသွားပါမယ်။ နောက်ချေးငွေ လျှောက်လွှာအသစ်တွေလည်း ခေါ်ယူဖို့ရှိတယ်။ ရက်အတိအကျ မဆုံးဖြတ်ရသေးတော့ ပြောလို့မရဘူး။ မကြာခင် ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ပေးပါမယ်။”

စီးပွားရေးပြန်လည်ကုစားဖို့အတွက် အစိုးရက ကော်မတီဖွဲ့ပြီး ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထုတ်ပေးနေတာ ( ၆) ကြိမ်မြောက်ရှိပါပြီ။

ဦးစားပေးအနေနဲ့ လက်ခစားအထည်ချုပ် CMP လုပ်ငန်းတွေကို ဦးစားပေးချေးပါတယ်။ အဲဒီနောက် ဟိုတယ်နဲ့ ခရီးသွားနဲ့ အသေးစားစက်မှု၊ လက်မှု လုပ်ငန်းရှင်တွေ၊ အားလုံးစုစုပေါင်း ၈၆ ဘီလီယံ ထုတ်ချေးထားပါတယ်။

ချေးငွေ စချပေးတဲ့အချိန်မှာ အရေးပေါ်လိုအပ်တဲ့ငွေကို လူမှုဝန်ထမ်းရန်ပုံငွေကနေ ကျပ်ငွေဘီလီယံ ၅၀၊ စီမံဘဏ္ဍာဝန်ကြီးဌာနကနေ ကျပ်ငွေဘီလီယံ ၅၀ စုစုပေါင်း ဘီလီယံ ၁၀၀ မတည်ပြီး ချေးငွေစပေးခဲ့ပါတယ်။ အခု စီမံဘဏ္ဍာဝန်ကြီးဌာနကနေ နောက်ထပ် ကျပ်ငွေ ဘီလီယံ ၁၀၀ ထပ်ချပေးမှာဖြစ်လို့ လူမှုဝန်ထမ်းရန်ပုံငွေ ဘီလီယံ ၅၀ကို ပြန်ပေးဖို့ဆုံးဖြတ်ထားပြီး ကျန်တဲ့ငွေကို ချေးငွေဆက်ချပေးမယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

စီးပွားရေးကုစားရေးတွက် လိုအပ်လာတဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၅၀ အတိုးနှုန်းနည်းနည်းနဲ့ ချေးထားရပါတယ်။ ချေးငွေကိစ္စနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားခဲ့တာပါ။

“ စီးပွားရေး ကုစားမှုတွေမှာလိုတဲ့ ငွေကြေးကိစ္စတွေရှိတယ်။ ဒီအတွက် ဂျပန်နိုင်ငံက ယန်း ၃၀ ဘီလီယံ ပေးထားပါတယ်။ ဘက်ဂျက် support ပါ။ ဘက်ဂျက်ထဲကို တိုက်ရိုက်ထည့်တာ။ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၇၀၀၊ ADB က သန်း ၃၀ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်က စုစုပေါင်း သန်း၂၅၀ ဖြစ်ပါတယ်။ ပြောချင်တာက အတိုးနှုန်း အင်မတန်သက်သာတဲ့ချေးငွေ ကျနော်တို့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၅၀ ကျနော်တို့ ရယူဆောင်ရွက် ထားပါတယ်။”

အစိုးအနေနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ကျန်းမာရေးသုံးပစ္စည်းတွေ၊ လယ်ယာ သားငါး၊ စက်မှုဇုံတွေအသစ်ထပ်ဖော်ဖို့နဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံး စီးပွားရေးလုပ်ငန်းတွေ ဒါတွေမှာ အဓိက ရင်းနှီးမြှုပ်နှံသွားဖို့ရှိပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုရင် အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံလောက် အခုနှစ်ထဲ ခွင့်ပြုထားတယ်လို့ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကတော့ ၈၇ ခုရှိပြီး မြန်မာကျပ်ငွေ ၁.၃၇ ထရစ်လီယံ ( သန်း ၁၃၇၀) ရှိပါတယ်။

NLD အစိုးရလက်ထက်မှာ စင်္ကာပူနိုင်ငံက အများဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကတော့ဒေါ်လာ ၁၈ ဘီလီယံနဲ့ အဆင့် ၂ ဖြစ်ပြီးအထွေထွေကဏ္ဍနဲ့အထည်ချုပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)












ဆက်စပ်သတင်းများ ...

XS
SM
MD
LG