သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်သစ်နဲ့ မြန်မာဆေးပညာရှင်အမြင်


ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် မြန်မာဘက်သို့ ပြန်လာသူများ လဝကရုံးတွင် တန်းစီနေသည့် မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၀)
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် မြန်မာဘက်သို့ ပြန်လာသူများ လဝကရုံးတွင် တန်းစီနေသည့် မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာ့ကပ်ရောဂါ COVID-19 လူတချို့မှာ စတင်ကူးစက်နေပြီ ဖြစ်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ အလွန်အန္တရာယ်ကြီးတဲ့ အစုလိုက် အပြုံလိုက် တဆင့်ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေကို အစိုးရပိုင်းရော ကျန်းမာရေးတာဝန်ရှိသူတွေ အနေနဲ့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်တဲ့ အလွန်အရေးကြီးတဲ့အချိန် ရောက်နေပြီလို့ မြန်မာ-အမေရိကန် ဆေးသိပ္ပံပညာရှင်က အကြံပေး ပြောဆိုလိုက်ပါတယ်။ အမေရိကန် ဆေးသိပ္ပံဌာနရဲ့ နောက်ဆုံးညွှန်ကြားချက်ဖြစ်တဲ့ အပြင်ကို မဖြစ်မနေ ထွက်ကြတဲ့အခါ မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ လိုက်နာကြဖို့ တိုက်တွန်းသလို အတတ်နိုင်ဆုံး နေအိမ်တွေထဲမှာပဲနေဖို့ မြန်မာပြည်သူတွေကို သူက အလေးအနက် တိုက်တွန်းပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုများတဲ့ အန္တရာယ်ရှိနေတဲ့ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေရော ပြည်တွင်း ခရီးသွားရာဇဝင်မရှိဘဲ မိသားစုလိုက် ကူးစက်ခံရမှုတွေ ရှိလာနေတဲ့ မြန်မာနိုင်ငံတွင်း ကမ္ဘာ့ကပ်ရောဂါ COVID-19 စိုးရိမ်စရာ မြန်ဆန်ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး ဘာတွေ ဆောင်ရွက်သင့်ပါလဲ၊ Georgia ပြည်နယ် Atlanta မြို့တော်မှာ ကူးစက်ရောဂါတိုက်ဖျက်ရေး ဆေးသုတေနလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမေရိကန် ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုးကို မဆုမွန်က ဆက်သွယ်မေးမြန်းရာမှာ ဒေါက်တာမင်းမင်းစိုးက အခုလို တိုက်တွန်းပါတယ်။

“ဥပမာ အမေရိကားဆိုရင် Local transmission ရပ်ကွက်ကျေးရွာထဲမှာ COVID-19 ပျံ့နှံ့မှု ဘယ်လောက်အထိရှိတယ်၊ မရှိဘူးဆိုတာ အဆင့် ၃ ဆင့်နဲ့ သတ်မှတ်ထားတယ်။ သက်ဆိုင်တဲ့ အဆင့်အပေါ်မှာ ရောက်နေတဲ့ ပျံ့နှံ့မှု၊ ရောက်နေတဲ့အဆင့်ပေါ် မူတည်ပြီး response တုံ့ပြန်ကြတာပေါ့။ ပထမဆုံးအဆင့်က ဘာခေါ်လဲဆိုတော့ History ရှိတဲ့သူပေါ့၊ Travel History ရှိတဲ့သူတွေပေါ့၊ ဥပမာ တရုတ်ကပြန်လာတာတို့ ထိုင်းကပြန်လာတာတို့ ပြန်လာခဲ့တဲ့ နိုင်ငံတွေကနေ ရောဂါပိုးကူးစက်မှု မြင့်နေတဲ့ နိုင်ငံတွေပေါ့၊ အဲ့လိုနိုင်ငံတွေကနေ ပြန်လာတဲ့ ခရီးသွားရာဇဝင် ရှိတယ်ဆိုရင် ဟိုတယောက် ဒီတယောက်လောက်ပဲဆိုရင် ရပ်ကွက်ထဲမှာ ပျံ့နှံ့မှုက မရှိသေးဘူး။ သူနဲ့ထိတွေ့ခဲ့တဲ့ သူတွေလောက်ကိုပဲ ကျနော်တို့က ပြန်လိုက်ပြီးတော့ Contact Tracing အချိန်မီ အုပ်လိုက်နိုင်တယ်၊ ထိတွေ့ခဲ့သူတွေကို Quarantine လုပ်လိုက်နိုင်တယ်ဆိုရင် ဒါက Level one ပေါ့။ Community Transmission သေချာမရှိသေးဘူး။

“နောက်တဆင့်ကတော့ ဒီ့ထက် အဆင့်တိုးလာတယ်။ လူနာကို ရောဂါပိုးစစ်လိုက်တယ်၊ ရောဂါပိုးတွေ့တယ်၊ သူ့မှာ Travel History မရှိဘူး။ ရောဂါပိုးမြင့်မားတဲ့ နိုင်ငံတွေကနေ ပြန်လာတဲ့ ခရီးသွားရာဇဝင်လည်း မရှိဘဲနဲ့ ရောဂါပိုး ကူးခံရတဲ့ အနေအထားရှိရင် ဒါဟာ ရပ်ကွက်ကျေးရွာထဲမှာ ကူးစက်မှုရှိသလားဆိုတဲ့ သံသယရှိစရာ ဖြစ်လာတယ်၊ သံသယတွေ ပေါ်လာပြီပေါ့။ ဒီလိုမျိုးဖြစ်လာရင် သတိထားရမယ်။ မြန်မာပြည်က အဲဒီအနေအထားမှာ ရှိတယ်။ တယောက်ကနေ လေးငါးရက်အတွင်းမှာ နှစ်ယောက်ဖြစ်သွားနိုင်တယ်။ သုံးယောက်ဖြစ်သွားနိုင်တယ်။ ကျနော်တို့အခေါ်တော့ Reproductive Membranes ပေ့ါ၊ COVID-19 က လူတယောက်ကနေ နောက်နှစ်ယောက်ကို သုံးလေးရက်အတွင်းမှာ ပြန့်သွားနိုင်တယ်၊ ခရီးသွားရာဇဝင် မရှိဘူးဆိုရင် သတိထားရမယ်။ အဲဒါဆိုရင် ကျနော်တို့ Level Two သတ်မှတ်တယ်။ သက်ဆိုင်ရာ COVID-19 တုံ့ပြန်တဲ့ အဖွဲ့အစည်းတွေ ဖွဲ့ပြီးတော့ စီမံချက်တွေ သေချာပြောထားဖို့ လိုတယ်။ မြန်မာပြည် အနေအထားက အဲဒီအနေအထားမှာ ရှိနေတယ်။စီမံချက်တွေဆွဲတဲ့အခါ သက်ဆိုင်ရာ ဆေးရုံ အုပ်ချုပ်ရေးပိုင်းရော၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ အကုန်ပါတဲ့ အဖွဲ့တွေနဲ့ အသေအချာကို Plan လုပ်ထားရမယ်။ လုပ်ထားပြီးမှ Level Two ဆိုရင် ဘယ်လိုတုံ့ပြန်မယ်၊ Level Three ဆို ဘယ်လိုတုံ့ပြန်မယ်၊ သေချာ Plan တွေဆွဲပြီးတော့ ကြိုတင်ပြင်ဆင်မှု လုပ်ထားရမယ်။”

“နောက်တခုက အဆင့် ၃၊ သူကတော့ အဆိုးဆုံးဖြစ်သွားပြီ။ အမေရိကားဥပမာနဲ့ဆို နယူးယောက်ပေါ့၊ နယူးယောက်စီးတီးမှာဆို အများကြီးပြန့်သွားပြီ။ အဲဒါဆို သက်ဆိုင်ရာ ဆေးရုံဆေးခန်းတွေ မနိုင်မနင်းဖြစ်တဲ့ အနေအထားပေါ့။ အဲ့ဒါဆိုရင်တော့ အဆိုးဆုံးအဆင့် အဲ့လိုဖြစ်သွားပြီဆိုရင်တော့ အဲဒီလိုအဆင့်ကို တုံ့ပြန်ကာကွယ်မှုကို ပိုပြီး ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ကာကွယ်ရမယ့်အဆင့် ဖြစ်သွားပြီ။”

မဆုမွန် - အခုဆိုရင် နယူးယောက်မှာလည်း တော်တော်ဖြစ်လာပြီ၊ နောက် ပြည်နယ်တွေမှာလည်းဖြစ်တော့ ဒီမှာဆိုရင် ဝါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယားဆိုရင် သူတို့ ပြည်နယ်မှာရှိတဲ့ တာဝန်ရှိသူတွေက လူထုကို ဘယ်လိုနေရမယ်၊ ကူးစက်ပြန့်ပွားမှုတွေ မရှိအောင် ဘယ်လိုကာကွယ်မှုတွေ ရှိမလဲဆိုတာ အဆင့်ဆင့် ညွှန်ကြားချက်သဘောမျိုး တားတဲ့ဟာတွေရှိတယ်။ မြန်မာပြည်သူတွေကိုရော အခုလို လတ်တလော အနေအထားမှာ ဆရာ ဘာများပြောချင်တာ၊ သတိပေးချင်တာ ရှိပါသလဲ။

social distancing, quarantine, isolation
social distancing, quarantine, isolation

ဒေါက်တာမင်းမင်းစိုး - “ထပ်ပြီးပြောချင်တာက Volunteer တွေအတွက် နှာခေါင်းစည်းတွေ တတ်နိုင်သမျှ ဝတ်ထားဖို့၊ အထူးသဖြင့် Quarantine လုပ်တဲ့သူတွေကို သွားကူတဲ့အခါမှာ အကာအကွယ် သဘောမျိုး ဝတ်ထားဖို့လိုတယ်။ မဝတ်ဘဲ ဒီတိုင်း သွားကူနေရင် အန္တရာယ်ကြီးတယ်။ အဲဒါလေး ထပ်ဖြည့်ပြောချင်တယ်။ မြန်မာပြည်သူလူထု အဓိက လုပ်ရမှာက Social Distancing ပေါ့၊ အဲဒါကြောင့် ကျနော်တို့က သေချာအောင် ၆ ပေလို့ ပြောတာ CDC က။ WHO ကတော့ ၃ ပေလို့ သတ်မှတ်ပေမယ့် ကျနော်တို့က ၆ ပေအထိ သေချာအောင် ပြောထားတယ်။ နံပါတ်တစ်က Social Distancing ခပ်ခွာခွာနေဖို့၊ နံပါတ်နှစ်က လက်ဆေးဖို့။ အခု မနေ့ကဆိုရင် CDC ရဲ့ Recommendation က နှာခေါင်းစည်း မျက်နှာဖုံးစည်း အုပ်ဖို့ဆိုပြီး ပြောထားတယ်။ Vaccine ကာကွယ်ဆေးလည်း မရှိသေးဘူး၊ Therapeutic Treatment Plan မရှိသေးဘူးဆိုရင် အကောင်းဆုံး ထိရောက်မှု ကာကွယ်နိုင်မှုကတော့ လူထုရဲ့ ပါဝင်မှုက အရေးအကြီးဆုံးပါပဲ။ အဲတော့ Social Distancing လုပ်မယ်၊ အိမ်ထဲမှာပဲနေမယ်၊ အပြင်မထွက်ဘဲ နေမယ်ဆိုရင်တော့ Summer လောက်ဆိုရင်တော့ ကျသွားမှာပါ။”

Georgia ပြည်နယ် Atlanta မြို့တော်မှာ ကူးစက်ရောဂါတိုက်ဖျက်ရေး ဆေးသုတေနလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမေရိကန် ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုး ပြောပြသွားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)










XS
SM
MD
LG