သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ထိန်းချုပ်ရေး မယ်ဆိုင်-တာချီလိတ် တံတားပိတ်


ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်တခု။
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်တခု။

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးအမှတ် ၁ တံတားကို မတ်လ ၂၈ ရက် ဒီနေ့ကစတင်ပြီး ထိုင်းဘက်က ပိတ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ်ကို ချိတ်ဆက်ထားတဲ့ ချစ်ကြည်ရေးတံတား ၁ ကို ပိတ်လိုက်တာကြောင့် ထိုင်းဘက်က နေရပ်ပြန်တွေ ထပ်ပြန်လာဖို့အတွက် ခက်သွားပါပြီ။ ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ နေရပ်ပြန် တထောင်ကျော်ကို ချစ်ကြည်ရေးတံတား ၁ ကနေ ဝင်ထွက်ခွင့် ပြုခဲ့ပါတယ်။ ဒီရက်တွေမှာပဲ ထိုင်းနိုင်ငံသားတွေလည်း မြန်မာနိုင်ငံဘက်ကနေ ထွက်ခွာသွားနေကြပါတယ်။ အခုအခါမှာတော့ တံတားအမှတ် ၁ ကို ထိုင်းဘက်က ပိတ်လိုက်ပြီဖြစ်ကြောင်း တာချီလိတ်မြို့ခံတဦးက ပြောပြပါတယ်။

“ဒီနေ့မှာ စပိတ်တာဗျ၊ တံတား ၁ ကိုလည်းပိတ်တယ်၊ တံတား ၂ ကတော့ ကားကြီးတွေအတွက် ကုန်သွယ်ရေးအတွက် ဖွင့်ထားတယ်။ ကားကြီးတွေပဲရတယ်။ လူတွေတော့ အဝင်အထွက် မရတော့ဘူးဗျ။ ထိုင်းဘက်မှာရှိတဲ့ လူနာတွေကတော့ ဒီဘက်ကို ပြန်လာလို့ရတယ်။”

အခုဆိုရင် ထိုင်းဘက်ကပြန်လာတဲ့ လူနာတွေကိုသာ ပြန်ခွင့်ပြုပေမယ့် မြန်မာဘက်က လူနာတွေကတော့ ထိုင်းဘက်ကိုသွားဖို့ ခက်ခဲသွားပြီဖြစ်ကြောင်း တာချီလိတ် နာရေးကူညီမှုအသင်း အတွင်းရေးမှူး မညိုထွေးက ပြောပါတယ်။

“နယ်ခြားအစပ်အထိသွားပြီး နာ့စ်တွေရှိတယ်။ သူတို့နားမှာ လူနာ နာမည် ဘယ်သူဆိုတာ ဆေးရုံဘာဆိုတာ ပြောပြပြီး ရက်ချိန်းက ဒီနေ့ဆိုပြီး ဆေးပြတ်နေပြီဆိုရင် ဆေးမှာတာကို သွားပြောပြရတယ်။ အက်စီးဒင့်လူနာတွေ၊ ခြေကျိုးလူနာတွေ၊ ချုပ်ရိုးပြန်ဖြည်ရမယ့် လူနာတွေကတော့ ဒီ မြန်မာဘက်က ဆေးရုံမှာပဲ ပြန်ဖြည်ရတော့တာပေါ့။ ဆေးကုပြီးတော့မှ ခြေထောက်မသန်တော့ဘူး၊ ပက်လက်ပဲ လာရတော့မယ်ဆိုရင်တော့ ထိုင်းနယ်စပ်တံတား ၂ အထိ သူတို့ ကားလာပို့ပေးတယ်။ အမတို့ကားနဲ့ အဲဒီမှာချိန်းပြီး သွားခေါ်ရတယ်။”

မယ်ဆိုင်-တာချီလိတ် နယ်စပ်ဘက်မှာတော့ မြန်မာနိုင်ငံသား ရှမ်းနွယ်ဖွား ရွှေ့ပြောင်းအလုပ်သမားတွေ များကြပြီး များသောအားဖြင့် သူတို့တွေဟာ ဟိုတယ်လုပ်ငန်းတွေနဲ့ အိမ်အလုပ်တွေ၊ ဈေးရောင်းတဲ့အလုပ်တွေ၊ ပန်းရန်ဆိုက်တွေမှာ လုပ်ကြသူတွေ များပြီး အများစုကတော့ နေရပ်သိပ်မပြန်ကြပါဘူး။

လောလောဆယ်မှာတော့ ထိုင်းနိုင်ငံက အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး တမြို့နဲ့တမြို့ ကူးလူးသွားလာတွေကို မလုပ်ဖို့၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အစိုးရညွှန်ကြားချက်တွေကိုသာ လိုက်နာဖို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)









XS
SM
MD
LG