သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ဂျပန်ငွေကြေး ကုန်သွယ်ငွေပေးချေရန် ခွင့်ပြု


မြန်မာနိုင်ငံ ဗဟိုဘဏ်က ဂျပန်ယမ်းငွေနဲ့ တရုတ်ယွမ်ငွေတို့ကို နိုင်ငံတကာ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေ ဆောင်ရွက်ခွင့် ပြုလိုက်တာဟာ အမေရိကန်ဒေါ်လာကို တဆင့်ခံအဖြစ် အသုံးပြုနေရတာမျိုး မဟုတ်တော့တဲ့အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အကျိုးပိုဖြစ်ထွန်းစေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ တဘက်ကလည်း နယ်စပ် ကုန်သွယ်ရေးမှာ တရားမဝင်တဲ့နည်းနဲ့ အရောင်းအဝယ် လုပ်နေတာတွေကို ထိန်းချုပ်ရာ ရောက်စေကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံး နယ်စပ်ကုန်သွယ်ဘက် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ယွမ်ငွေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ အပါအဝင် ဖွံ့ဖြိုးမှု စီမံကိန်းတွေ အများအပြား လာရောက် လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက ယန်းငွေတို့ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံတကာ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေ ဆောင်ရွက်ခွင့် ပြုလိုက်ကြောင်း ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်တာပါ။

တရုတ်၊ ဂျပန်တို့နဲ့ ကုန်သွယ်တဲ့နေရာမှာ အမေရိကန်ဒေါ်လာကို တဆင့်ခံအဖြစ် သုံးစွဲနေရတဲ့အဆင့်ကို ကျော်လွန်ပြီး ပိုမို လွယ်ကူ လျှင်မြန်စေရေးအတွက် ရည်ရွယ်ပြီး ဗဟိုဘဏ်က အခုလို ကြေညာချက် ထုန်ပြန်တာဖြစ်ကြောင်း UMFCCI မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေးက သုံးသပ်ပါတယ်။

"တရုတ်နဲ့ Trading တို့ ဂျပန်နဲ့ ကုန်ရောင်းကုန်သွယ်လုပ်တဲ့နေရာတွေမှာ လွယ်ကူလျှင်မြန်သွားမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီကြားမှာ တရုတ်နဲ့ လုပ်တဲ့ဟာမှာ ခိုင်မာတဲ့ငွေတွေနဲ့ လုပ်တဲ့အခါကျတော့ တဆင့်ပြန်သွားနေတာတွေ ။ ဒါတွေက မသွားပဲနဲ့ ဆက်တိုက် အရောင်းအဝယ်လုပ်နိုင်အောင်လို့ ဖန်တီးပေးတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဂျပန်လည်းဒီအတိုင်းပါပဲ ဂျပန်ယမ်းလည်း alternative currency တခုဆိုတဲ့အခါကျတော့ ဒီအမေရိကန်ဒေါ်လာကို dependency မှာ နည်းနည်းလေးလျော့ပြီးတော့ တခြားငွေရေးကြေးရေး သုံးစွဲတဲ့နေရာမှာ လျင်မြန်လွတ်လပ်စွာ သုံးစွဲနိုင်အောင်လို့လုပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး။ ။ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု ပမာဏ ကြီးလွန်းတော့ မြန်မာနိုင်ငံဘဏ်တွေဟာ တရုတ်ယွမ်ငွေကို တိုက်ရိုက် အထုတ်အသွင်းလုပ်နေတယ် ၊ တရုတ်ဘဏ်တွေကလည်း ငွေချေးရင်လည်း ယွမ်ငွေနဲ့ ချေးပြီးလုပ်ကိုင်နေရတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားဖူးတော့ စောစောက ဆရာပြောသလို တရားမဝင်လုပ်နေတဲ့ ပုံစံတွေရှိနေတာကို တရားဝင်ဖြစ်သွားအောင် အစိုးရက ဖြေလျော့ပေးလိုက်တဲ့ အပိုင်းလည်း ပါမလားဆရာ အခု ဒီကြေညာချက်က။

ဖြေ။ ။ မှန်ပါတယ် ဒါတွေပိုပြီးတရားဝင်သွားအောင် အထူးသဖြင့် တရုတ်ပြည်ဘက် မှာဆိုရင် တရားမဝင်လမ်းကြောင်းတွေ လုပ်နေတာတွေ ၊ မြန်မာဘက်က လုပ်တာတွေနာတာတွေ ရှိနိုင်သလို ၊ အင်ဖော်မလ်တွေဖြစ်ရင်လည်း တရုတ်ဘက်က အရေးယူတာတွေ ကို ခံရတတ်တဲ့အတွက် လုပ်လိုက်တာဖြစ်သွားပါမယ်။ မြန်မာ ငွေကိုလည်း အထိုက်လောျက်ပေးတာလည်း ဖြစ်နိုင်ပါတယ်။"

မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေဖို့ ရည်ရွယ်ပြီး ဗဟိုဘဏ်က အခုလို ဆုံးဖြတ်ချက်ချတာ ဖြစ်နိုင်ကြောင်းလည်း ဦးမောင်မောင်လေး ဆက်ပြောပါတယ်။

"မြန်မာနိုင်ငံအတွက် ပိုပြီးဖြစ်ထွန်းလာမယ်လို့ ပုံပေါ်ပါတယ်။ မြန်မာအတွက်ကို ပိုပြီး Protect လုပ်ပေးတဲ့သဘော ပါ။ ဒီမှာ လုပ်ခွင့်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် တဖက်နိုင်ငံရဲ့ manipulation ပေါ့နော် ဒါတွေကိုလည်း မခံရအောင်ရယ် ၊ နောက်ပြီး ရွှေဈေးတို့ဘာတို့မှာ တဆင့် US dollar တို့လုပ်ပြီးတော့ တခြား တနိုင်ငံ တတိယ နိုင်ငံတခုကနေ ပို့ရတာတွေဘာတွေ နည်းနည်းကင်းရှင်းသွားအောင် နည်းနည်းလည်းသက်သာသွားနိုင်ပါတယ်။"

အခုလို ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် အစိုးရတာဝန်ရှိသူတွေဘက်က ကာလအတော်ကြာ ကြိုးစား ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဒီအစည်းဝေးတွေကို ကိုယ်တိုင် တက်ရောက်ခဲ့ဘူးတဲ့ ကုန်သွယ်မှုသင်တန်းကျောင်းက သင်ကြားမှုတာဝန်ခံ ဦးသိန်းမြင့်ဝေက ပြောပါတယ်။

"အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဗဟိုဘဏ်ရယ်၊ စီးပွားကူးသန်းရယ် ၊ စသဖြင့် သက်ဆိုင်ရာဌာနတွေပေါ့ ကြိုးစားနေတာ ပြီးခဲ့တဲ့ ၂ လ ၃ လပေါ့ အနည်းဆုံးအဲလောက်တော့ရှိပြီ။ ပထမအဆင့်အနေနဲ့က စီးပွားကူးသန်းတို့ ဗဟိုဘဏ်တို့နဲ့ ဆွေးနွေးညှိနှိုင်းတာတွေလုပ်တယ်။ နောက်တော့ လုပ်ငန်းရှင်များပေါ့ ၊ တရုတ်ဘက်က လုပ်ငန်းရှင်များရော မြန်မာဘက်က လုပ်ငန်းရှင်များနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ကြတယ်။ လုပ်ကြတဲ့အခါကျတော့ အဓိကတော့ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွေ ၊ တရုတ်နဲ့ ဆက်သွယ်တဲ့နေရာကို အဒိက ဆောင်ရွက်ဆက်သွယ်ခဲ့ကြတာပါ။ ဒါပေမယ့်လို့ ဂျပန်ယမ်းလည်း နောက်ပိုင်း ပါလာတာကို တွေ့ရတယ်။"

အခုချိန်ထိတော့ တရုတ်ယွမ်ငွေနဲ့ ဂျပန်ယန်းငွေတို့အတွက် ဗဟိုဘဏ်က တရားဝင် ငွေလဲှနှုန်း သတ်မှတ်ပေးတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ကုန်သည်၊ လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေကတော့ Open Market Rate လို့ခေါ်တဲ့ အပြင်ပေါက်ဈေးနဲ့ဘဲ အလှဲအလှယ် လုပ်နေကြတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနဲ့ အနောက်အုပ်စု နိုင်ငံတွေအကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်လာနေတဲ့အချိန်မှာ အိမ်နီးချင်း တရုတ်နိုင်ငံအပါအဝင် ဂျပန်နဲ့ တခြား ဒေသတွင်းက နိုင်ငံတွေနဲ့ မြန်မာအစိုးရက ဘက်စုံ ဆက်ဆံမှုတွေ တိုးမြင့် ဆောင်ရွက်လာနေတာကြောင့် ဗဟိုဘဏ်က အခုလို ငွေပေးချေတဲ့စံနစ်ကို ဖြေလျော့ပေးလိုက်တာဟာ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေအတွက် လတ်တလောမှာ အဆင်ပြေစေမယ့် လုပ်ဆောင်ချက်အဖြစ် ရှုမြင် သုံးသပ်နေကြပါတယ်။

XS
SM
MD
LG