သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမြစ်ဝကျွန်းပေါ်တွေ ရေအောက်နစ်မြုပ်ဖွယ်ရှိ


Vietnam နိုင်ငံအတွင်း မဲခေါင်မြစ်ဝှမ်းတခု
Vietnam နိုင်ငံအတွင်း မဲခေါင်မြစ်ဝှမ်းတခု

အာရှတိုက်က လူနေထူထပ်တဲ့ မြို့ကြီးတွေရဲ့ရေထုတ်ယူသုံးစွဲမှု၊ မြစ်ညာမှာ ရေကာတာတည်ဆောက်မှု စတာတွေကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး အာရှတိုက်ထဲက အဓိကကျတဲ့ မြစ်ဝကျွန်းပေါ် ဒေသကြီးတွေ ပျောက်ကွယ်စ ပြုလာနေတာကြောင့် ဒါကို ထိန်းသိမ်းကာကွယ် ကြဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ သဘာဝအတိုင်း ဖြစ်တည်မှုကို ထိန်းသိမ်းပြီး မြစ်ဝကျွန်းပေါ်ဒေသတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပညာရှင်တွေက အလေးထား တိုက်တွန်းနေတဲ့အကြောင်း Zsombor Peter ဘန်ကောက်မြို့က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အာရှတိုက်က လူသန်း(၄၀၀)လောက် နေထိုင်တဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ ပျောက်ကွယ်စ ပြုလာတာ ကိုကာကွယ်ဖို့ သဘာဝရဲ့ ဖြစ်တည်မှုကို ထိန်းသိမ်းရင်း ဒီပြဿနာကို ဖြေရှင်းကြဖို့ အာရှတလွှားမှာရှိတဲ့ ရေနဲ့ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတွေက အလေးထား ပြောနေတာပါ။

ကမ္ဘာကြီး ပူနွေးလာမှု ၊ ရေကာတာ တည်ဆောက်မှုနဲ့ အဓိက မြစ်ကြောင်းတွေနဲ့ မြစ်လက်တက်တွေမှာ သောင်တူးဖေါ်မှုက ပင်လယ်ရေမျက်နှာပြင်ကို မြင့်လာစေတာကြောင့်၊ ပါကစ္စတန် အိန္ဒုမြစ်ကနေ တရုတ်ရဲ့ ပုလဲမြစ်အထိ အာရှတိုက်ရဲ့အဓိက မြစ်ဝကျွန်းပေါ်ဒေသကြီး(၇)ခုကို အလျှင်မြန် နစ်မြုပ်လာစေ သလို၊ အရွယ်အစားလည်း သေးငယ်သွားစေတယ်လို့ သုတေသန စာတမ်းတွေက ထောက်ပြခဲ့ပါတယ်။

မြေအောက်ရေ စုပ်ယူသုံးစွဲမှုနဲ့ မြစ်ဝကျွန်းပေါ်ရဲ့အလေးချိန်ကြောင့် ဖိအားပိုများလာပြီး အဲဒီဒေသက မြိုေ့တွဟာ တနှစ်ကို (၂)စင်တီမီတာနှုန်းနဲ့ ကျွံကျ လာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကမ္ဘာပေါ်မှာ MegaCity ခေါ် လူနေထူထပ်တဲ့မြို့ကြီး (၃၃)မြို့ရှိတဲ့အထဲ (၁၄)မြို့က အဲဒီ မြစ်ဝကျွန်းပေါ် ဒေသကြီး(၇)ခုမှာ ရှိနေတာပါ။ အဲဒီထဲ ပါနေတဲ့ ဘန်ကောက်မြို့မှာ ပညာရှင်တွေ ဒီသီတင်းပတ်ထဲ တွေ့ဆုံခဲ့ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသတွေ ပျောက်ကွယ်ခဲ့ရင် ကမ္ဘာမှာ အမျိုးပေါင်းစုံလင်တဲ့ ဂေဟစနစ်ကြီးပါ ကွယ်ပျောက်သွားမှာဖြစ်သလို၊ လူတွေလည်း အစုအပြုံလိုက် ပြောင်းရွှေ့ရတာ ၊ အရေးပါတဲ့ လယ်မြေဧရိယာ လျော့နည်းလာမှာ၊ အာရှရဲ့အင်အားကြီးမားတဲ့ စီးပွားရေးဗဟိုချက်ကိုပါ ယိုင်လဲလာစေမှာ ဖြစ်တယ်လို့ ပညာရှင်တွေ သတိပေးနေတာပါ။

ဟောင်ကောင်ကျွန်းဘက်ဦးတည်ပြီး တောင်တရုတ်ပင်လယ်ထဲ စီးဝင်သွားတဲ့ ပုလဲ မြစ်ဝကျွန်းပေါ်ဒေသဟာ ကမ္ဘာ့အလုပ်ရုံဒေသလို့ ခေါ်ရလောက်အောင် စက်ရုံတွေနဲ့ ပြည့်နှက်နေတာပါ။ ဗီယက်နမ်မှာလည်း ၂၀၅၀ လောက်ရောက်ရင် တိုင်းပြည်ရဲ့စပါးကျီလို့ ခေါ်ကြတဲ့ မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသကနေ လူ(၁)သန်းလောက် ထွက်သွားကြမယ်လို့ ခန့်မှန်းပါတယ်။ Kavita Prakash-Mani ဟာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးရန်ပုံငွေအဖွဲ့ WWF ကဖြစ်ပါတယ်။

“ရာသီဥတု ပြောင်းလဲမှု၊ မြစ်ကြောင်းပုံသဏ္ဍန် ပြောင်းလဲမှုဒဏ်ကို ခံနိုင်စွမ်းမရှိတဲ့ ဒေသတွေရှိပေမဲ့ အဲဒီဒေသမှာ နေထိုင်ကြသူတွေအတွက်တော့ အရေးပါပြီး ၊ စားနပ်ရိက္ခာ အများအပြား ထုတ်ပေးနေတာကြောင့် နိုင်ငံတချို့က ဒီအပေါ်မှာ အားထားနေရတာပါ။ ကမ္ဘာပေါ်က ဂေဟစနစ် ပြောင်းလဲမှုကို စိုးရိမ်တယ်ဆိုရင် ဒီမြစ်ဝကျွန်းပေါ်ဒေသတွေ ပျောက်ကွယ်သွားမယ့်ကိစ္စကို အထူး အာရုံစိုက်သင့်ပါတယ်။”

လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ ၊ မြစ်ဝကျွန်းပေါ်ဒေသ ထိန်းသိမ်းရေး ကောင်းမွန်တဲ့ နည်းလမ်းရအောင် ဝိုင်းဝန်းအကြံထုတ် ကြဖို့ ဗုဒ္ဓဟူးနေ့ကစပြီး ဘန်ကောက်မြို့မှာ WWF အဖွဲ့က ဆွေးနွေးပွဲ လုပ်နေတာပါ။

သဘာဝမှာ ရှိနေတဲ့အတိုင်း ထိန်းသိမ်းတာက ရာသီဥတုပြောင်းလဲမှုကို ကာကွယ်နိုင်သလို၊ ပင်လယ်လမုပင် မျိုးစေ့တွေကို ကမ်းရိုးတန်းတလျှောက် လိုက်စိုက်တာက ရေလွှမ်းမိုးတဲ့အဖြစ်ကနေ ကာကွယ်နိုင်တယ်လို့ Prakash-Mani ကပြောပါတယ်။

“ဒါက နံရံအမြင့်ကြီးတွေ ဆောက်ပြီး၊ ရေကို သိုလှောင်ထားတာမျိုး တခုထဲ မဟုတ်ပါဘူး။ ဒါက စိမ့်မြေကိုရော၊ လမုပင်တွေကိုပါ နဂို သဘာဝအတိုင်း ဖြစ်နေအောင် ထိန်းသိမ်းရာ ရောက်တဲ့အတွက် ကျမတို့ ရှိစေချင်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ထွန်းတည်ရှိနေဖို့ အထောက်အကူ ဖြစ်စေပါတယ်။”

အိန္ဒိယက Observer Research Foundation အဖွဲ့က ပညာရှင် Anamitra Anurag Danda ပြောတာကတော့

“မြစ်ဝကျွန်းပေါ်ဒေသကို ထိန်းသိမ်းကာကွယ်တာဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာကို ထိန်းညှိဖို့ တခုထဲအတွက် မဟုတ်ပဲ၊ လူတွေကို အကျိုးပြုနေတဲ့ မြစ်ကြောင်းတွေကိုပါ စောင့်ရှောက်ရာ ရောက်ပါတယ်။ အိန္ဒိယက ဂင်္ဂါမြစ်နဲ့ မြစ်လက်တက်တွေဟာ ကမ္ဘာပေါ်က အကြီးမားဆုံး မြစ်ဝကျွန်းပေါ် စနစ်တခု ဖြစ်ပါတယ်။ အဲဒီပေါ်မှာ ရေကာတာတွေ ဆည်တွေ တည်ဆောက်လိုက်ရင် မြစ်ကြောင်းက အနည်ပို့ချတဲ့စနစ်ကို တားမြစ်သလို ဖြစ်ပြီး မြစ်ဝကျွန်းပေါ် ဆိုတာလည်း ဖြစ်မလာတော့ပါဘူး။”

အိန္ဒိယနိုင်ငံ ကလက္ကတ္တားမှာဆိုရင် ရေလိုအပ်ချက်ကြောင့် မြေအောက်ရေ လီတာပေါင်း သန်းရာဂဏန်း ထုတ်ယူနေရတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာ နှစ်ပေါင်း(၄၀)အတွင်း ၂၀၀၉ ခုနှစ်အထိ မြေဧရိယာ ဟက်တာ (၁၆,၃၀၀)လောက် ကွယ်ပျောက်ခဲ့ရတယ်လို့ Anurag Danda ကပြောပါတယ်။

ပိုမိုကောင်းမွန်တဲ့ ရာသီဥတုထိန်းသိမ်းရေး စနစ်၊ ကြိုတင် သတိပေးစနစ် ထားရှိမှုနဲ့ အဆင့်မြင့်နည်းပညာအရ အဖြေရှာပေးနိုင်မှုတွေက မြစ်ဝကျွန်းပေါ် ဒေသတွေကို ဆက်ရှိစေချင်သူတွေအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ပညာရှင်တချို့က အကြံပြုပါတယ်။ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ အစိုးရတွေက ပိုအားထုတ်ဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ Rangsit တက္ကသိုလ် ရာသီဥတုနဲ့ သဘာဝဘေး လေ့လာရေးဌာနက Seri Suptharathit က ပြောပါတယ်။

“အစိုးရတွေက ရွေးကောက်ခံသက်တမ်း ၄ နှစ်တာလောက်ကိုပဲ စဉ်းစားကြတာပါ။ တကယ်တော့ ဒါက အနှစ် ၃၀ - အနှစ် ၈၀ လောက် ကုစားရမယ့် ပြဿနာ ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်အတွက် ဒါကို ထည့်စဉ်းစားပေးဖို့ အစိုးရတွေကို ကျနော်တို့ ဘယ်လို ရှင်းပြရမှာလဲဗျာ ။”

အစိုးရတွေကသာ ထပ်ပြီး ပျက်ကွက်နေဦးမယ်ဆိုရင် အာရှက မြစ်ဝကျွန်းပေါ်ဒေသတွေ နစ်မြုပ်ကုန်မယ့်အရေးနဲ့ ပတ်သက်လို့ နောင် အနှစ် ၃-၄၀ ဘန်ကောက်မှာ ဆွေးနွေးပွဲလုပ်ခဲ့ရင် ပွဲလာတက်မယ့်သူတွေ လှေစီးပြီး စည်းဝေးပွဲ လာရလိမ့်မယ်လို့ Seri က အရွှမ်းဖောက်ပြီး ပြောပါတယ်။

........................

{Unicode}












အိန်ဒိယက Observer Research Foundation အဖှဲ့က ပညာရှငျ Anamitra Anurag Danda ပွောတာကတော့






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG