သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂၁)


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ An olive branch, Sweet talk နဲ့ A bargaining chip တို့ကို တင်ပြထားပါတယ်။

(၁) An olive branch

An (တခု)၊ olive branch (သံလွင်ပင်ရဲ့ အခက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သံလွင်ပင်ရဲ့ အခက်တစ်ခက် ဖြစ်ပါတယ်။ ဒီအသုံးကို Offer ဒါမှမဟုတ် Hold out ဆိုတဲ့ ကမ်းလှမ်းတယ်လို့ အဓိပ္ပါယ်ရတဲ့ ကြိယာ (Verb) နဲ့ တွဲသုံးတဲ့အတွက်ကြောင့် Offer an olive branch ဒါမှမဟုတ် Hold out an olive branch လို့ သုံးလေ့ရှိပါတယ်။ Olive သံလွင်ပင်ရဲ့ အခက်ကို ရှေးဂရိခေတ်တုန်းက မင်္၈လာဆောင်တွေမှာသံလွင်ခက်နဲ့လုပ်တဲ့ သရဖူကိုခေါင်းပေါ်မှာသတို့သမီးတွေက ဆောင်းလေ့ရှိသလို၊ အိုလံပစ်အားကစားပွဲတော်မှာ အနိုင်ရရှိသူတွေကိုလည်း ဆုချီးမြှင့်တဲ့အခါမှာ Olive branch သံလွင်ခက်နဲ့ လုပ်ထားတဲ့ သရဖူကို ချီးမြှင့်လေ့ရှိပါတယ်။ ဒီအသုံးကို ရောမအင်ပါယာခေတ်မှာ ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ သင်္ကေတအဖြစ် သုံးလာခဲ့ပါတယ်။ ချိုးဖြူတကောင်က သံလွင်ခက်ကိနှုတ်မှာ ချီထားတဲ့ သင်္ကေတကတော့ ရှေးဦးခရစ်ယာန် ယဉ်ကျေးမှုအနုပညာကနေ ဆင်းသက်လာပြီး (၁၈) ရာစု မှာတော့ဗြိတိန်နဲ့ အမေရိကန်တို့မှာ ဒီအသုံးကိုငြိမ်းချမ်းရေးသင်္ကေတအဖြစ်သုံးလာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် An olive branch ရဲ့ အီဒီယံအဓိပ္ပါယ်က ငြိမ်းချမ်းရေး ကမ်းလှမ်းတာကို ဆိုလိုတာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာတော့ တဦးနဲ့တဦး ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီမှု၊ ပြန်လည်ကြေအေးမှု၊ ရင်ကြားစေ့မှုကို ပြသရာမှာ ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump က သူ့ရဲ့ အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားကို ရောက်ရှိစဉ် သတင်းစာ ရှင်းလင်းပွဲမှာ မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကြားစားပွဲမှာ စားပွဲမှာထိုင်ဆွေးနွေးတဲ့နည်းဟာမြောက်ကိုရီးယားနိုင်ငံသားတွေအတွက်သာမက၊ တကမ္ဘာလုံးအတွက်လည်း အကျိုးရှိ စေမှာဖြစ်တယ်လို့ပြောခဲ့ပြီး၊အရင်တုံးက မီးကုန် ယမ်းကုန်တိုက်မယ် ဆိုတဲ့စကားမျိုးကိုမပြောတော့တဲ့အတွက် The Newsday သတင်းစာကြီးက Trump has an olive branch and a warning for North Korea ဆိုပြီး Trump က မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သလို၊ သတိလည်း ပေးခဲ့တယ်ဆိုပြီးတော့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After their argument, John was the first to hold out an olive branch.

သူတို့စကားများပြီးတဲ့နောက် ပထမဦးဆုံး ပြေရာပြေကြောင်း ကမ်းလှမ်းခဲ့သူကတော့ John ဖြစ်ပါတယ်။

(၂) Sweet talk

Sweet (ချိုတာ)၊ talk (စကားပြောတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချိုတဲ့စကားကို ပြောတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က တဘက်သားကို မြှောက်ပင့်ပြီး၊ ချော့မော့ပြီး လက်ခံလာအောင် ဖျောင်းဖျ ပြောဆိုတာမျိုး ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားအရတော့ တဘက်သားကျလာအောင် နားဝင်ချိုတဲ့ စကားကို ပြောတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က သူမကြာမီက သွားရောက်ခဲ့တဲ့ (၅) နိုင်ငံ အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံကို ရောက်ရှိစဉ်၊ တရုတ်တနိုင်ငံတည်း သတ်မှတ်တဲ့ ပေါ်လစီကို လိုက်နာမယ်လို့အသိပေးခဲ့သလို၊ နှစ်နိုင်ငံ ကုန်သွယ်ရေး မညီမျှမှု အကြောင်းနဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ပါ စွပ်စွဲပြောဆိုမှုတွေကို လေသံခပ်ပျော့ပျော့နဲ့ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံကြား ပဋိပက္ခတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် USA Today သတင်းစာမှာ After Trump's sweet talk with China, conflicts remain ဆိုတဲ့ခေါင်းကြီးကို ရေးသားခဲ့ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary sweet talked her brother into letting her borrow his car.

Mary က မြှောက်ပင့်ပြီး မကျကျအောင် ပြောတဲ့အတွက် သူ့အစ်ကိုလည်း သူ့ကားကို ပေးငှားလိုက်တယ်။

(၃) Bargaining chip

Bargaining က Bargain ဆိုတဲ့ ဝေါဟာရကနေ ဆင်းသက်လာပြီး (ဈေးဆစ်တာ၊ တဘက်နဲ့တဘက် အပြန်အလှန် အပေးအယူလုပ်တာ)၊ chip (ကော်ပြားလေး) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဈေးဆစ်ရာမှာအသုံးပြုတဲ့ ကော်ပြားလေး ဖြစ်ပါတယ်။ Chip ဆိုတဲ့ ကော်ပြားလေးတွေကို Casino လောင်းကစားဒိုင်တွေမှာ ငွေသားအစား အသုံးပြုတာတွေ တွေ့ဖူးကြမှာပါ။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ဈေးဆစ်ရာမှာ၊ ညှိနှိုင်းရာမှာ၊ အပေးအယူ လုပ်ရာမှာ၊ကိုယ်လိုချင်တာကို ရနိုင်ဖို့အတွက် ကိုယ်ဘက်က လိုက်လျောဖို့ အဆင်သင့်ရှိတဲ့အရာကို ဆိုလိုတာ ဖြစ်ပါတယ်။ တခါတရံလဲဒီအသုံးကို ကိုယ့်ဘက်ကအသာစီးရထားပြီး၊ အကြပ်ကိုင်နိုင်မဲ့ အချက်ကိုရည်ညွှန်းသုံးနိုင်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်လို့ အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်ရာမှာထိထိရောက်ရောက်လိုက်နာဖို့ တရုတ်ကို နားချနိုင်ဖို့က အရေးကြီးတဲ့အတွက် သမ္မတ Trump က Beijing မြို့တော်ကို ရောက်ရှိစဉ် တရုတ်ကိုဖျောင်းဖြရာမှာ Taiwan အပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ပေါ်လစီကို ဈေးဆစ်ရာမှာ အသုံးပြုလိမ့်မယ်လို့ Taiwan က စိုးရိမ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ Washington Post သတင်းစာကြီးက With Trump in China, Taiwan worries about becoming a bargaining chip ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The pilots use the threat of a strike as a bargaining chip in negotiating with the airline company.

လေယာဉ်မှုးတွေက လေကြောင်းကုမ္ပဏီနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ သပိတ်မှောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ အကြပ်ကိုင်ခဲ့ကြတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက An olive branch, Sweet talk နဲ့ A bargaining chip တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG