ဆော်ဒီအာရေဗျ နယ်ခြားစောင့်တပ်တွေက အီသီယိုးပီးယား ရွှေ့ပြောင်းဒုက္ခသည် ရာနဲ့ချီကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်တဲ့ Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာပါဖော်ပြချက်ကို စိုးရိမ်ကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒီကိစ္စကို အပြည့်အဝစုံစမ်းစစ်ဆေးဖို့ တိုက်တွန်းလိုက်တာပါ။
ဒီ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်ကစိုးရိမ်ကြောင်း ဆော်ဒီအစိုးရကို ပြောဆိုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဆိုပါတယ်။ မဖြစ်မနေလိုက်နာရမယ့် နိုင်ငံတကာဥပဒေအရ ဒီဖြစ်ရပ်ကို ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးပေးဖို့လည်း ဆော်ဒီအစိုးရကို တိုက်တွန်းခဲ့တယ်လို့လည်း ပြောခွင့်ရက ဆိုပါတယ်။
HRW အစီရင်ခံစာပါ ဖြစ်ရပ်မှာပါဝင်ပတ်သက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဟာ အမေရိကန်အစိုးရဆီက ရန်ပုံငွေ၊ ဒါမှမဟုတ် သင်တန်းတွေ ရမထားကြဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ရေနံထုတ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အမေရိကန်နိုင်ငံဟာ လုံခြုံရေး ရေရှည်မဟာမိတ်တွေဖြစ်ပေမယ့် လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင်တော့ ပြေလည်မှုသိပ်မရှိကြပါဘူး။
ဆော်ဒီဘက်က အလိုက်အထိုက် ဆောင်ရွက်ပေမယ့်လည်း သမ္မတဂျိုးဘိုင်ဒန် အစိုးရအဖွဲ့က လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဆော်ဒီကိုဝေဖန်လေ့ရှိပါတယ်။ ယီမင်နိုင်ငံကနေဖြတ်ပြီး ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ အီသီယိုးပီးယား ရွှေ့ပြောင်းဒုက္ခသည်တွေကို ဆော်ဒီနယ်ခြားစောင့်တပ်တွေဟာ ကျည်ဆံမိုးတွေရွာချတာကြောင့် မနှစ်တုန်းက လူရာနဲ့ချီသေဆုံးခဲ့ရတယ် HRW ရဲ့ အစီရင်ခံစာမှာ ရေးပါတယ်။ ဆော်ဒီအစိုးရအရာရှိတဦးကတော့ အဲဒီစွပ်စွဲချက်တွေကို အခြေအမြစ်မရှိဘူးလို့ အစောပိုင်းက ပြောဆိုခဲ့ပါတယ်။