သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်တိုက်ဖျက်ရေး ဥရောပအတွက် အရေးပါတဲ့အချိန်ရောက်နေ


အီတလီမြို့တနေရာ
အီတလီမြို့တနေရာ

(Zawgyi/Unicode)

COVID 19 ကူးစက်မှု မြင့်တက်နေတာကို ဥရောပနိုင်ငံတွေ ကြုံတွေ့နေရချိန်မှာပဲ ဥရောပတိုက်အတွက် COVID 19 တိုက်ဖျက်ရေး ဆုံးဖြတ်ဖို့ သော့ချက် ကျတဲ့ အချိန် ရောက်လာနေပြီဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။

ဥရောပ နိုင်ငံတွေ အနေနဲ့ ကျောင်းတွေ ရုံးတွေမှာ လုပ်ငန်း ဆောင်တာတွေ ပြန်လည် စတင်တော့မှာဖြစ်လို့ ဆုံးဖြတ်ချက် ချရမယ့် အချိန် အခိုက်အတန့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်းနဲ့ ကူးစက်မှုနှုန်း မြင့်တက်လာမှာ သေချာကြောင်း WHO ရဲ့ အရေးပေါ်အခြေအနေ တုံ့ပြန် ကိုင်တွယ်ရေးဆိုင်ရာဌာန ညွှန်ကြားရေးမှူး Michael Ryan က ပြောပါတယ်။

ရောဂါဒဏ် အလွယ်တကူ ခံစားနိုင်သူတွေကို အကာအကွယ် ပေးဖို့ နဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေ ကျောင်းပြန်နိုင်ဖို့ အရေး နှစ်ခု ကို တစ်ပြိင်နက်တည်း ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲလို့လည်း သူက မေးခွန်း ထုတ်လိုက်ပြီး တစ်ခုခုကိုတော့ အလျှော့ပေး စတေးရမှာ ဖြစ်တယ် လို့ ပြောပါတယ်။

ဒီမေးခွန်းအတွက် လွယ်ကူတဲ့ အဖြေ မရှိပေမဲ့ အသက်ကြီးရင့်သူ လူကြီးတွေနဲ့ ငယ်ရွယ်သူတွေ အတွက် တစ်ခုခုကို ဆုံးဖြတ်ဖို့ လိုအပ် လာကြောင်းနဲ့ အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးငယ်တွေရဲ့ အကျိုး စီးပွားအတွက် ရွေးချယ်ဖို့ လိုအပ်လာပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် နိုက်ကလပ်တွေနဲ့ ဘားဆိုင်တွေ ပြန်ဖွင့်ဖို့က အရေးကြီးသလား ကလေးတွေ ကျောင်းပြန်တက်ဖို့က အရေးကြီးသလား ဆုံးဖြတ်ဖို့ လိုအပ်လာကြောင်းလည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဥရောပမှာ တစ်ရက်တည်း အများဆုံး ကူးစက်မှု ၅၄,၀၀၀နီးပါးရှိခဲ့ကြောင်း WHO က မှတ်တမ်းတင် ထားတာပါ။

ဒီလို ကူးစက်မှု မြင့်တက်တာကြောင့် ဥရောပတစ်လွှား စိုးရိမ်မှုတွေ ပြန်ပြီးမြင့်တက်လာသလို လပေါင်း အတော်ကြာပြီးမှ သန်းချီတဲ့ ကလေးတွေ ကျောင်းပြန်တက်ချိန်မှာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရေး ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတဲ့ ငြင်းခုံဆွေးနွေးမှုတွေ လည်း ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။

ကလေးငယ်တွေ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေအပေါ်မှာလည်း အခုထိ မသဲမကွဲ ဖြစ်နေဆဲ ဖြစ်ပါတယ်။ အသက် ၂၀ အောက် လူငယ်တွေ အကြား ကူးစက်မှုက ကူးစက်မှုတွေရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိသလို သေဆုံးနှုန်းကလည်း ဝ.၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က လုံးဝ ဥသုံ အန္တရာယ် ကင်းတယ်ဆိုတဲ့ အခြေအနေ မရှိဘူးလို့ ပြောထားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောင်းတွေကို နောက်ဆုံး မဖြစ်မနေ အခြေအနေရောက်မှသာ ပိတ်သင့်တယ်လို့လည်း သူက ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID 19 ကူးစက်ခံရသူ စုစုပေါင်း သန်း ၃၀ နီးပါး ရှိလာနေပြီး သေဆုံးသူ အရေအတွက်ကလည်း ၉၃၀,၀၀၀ နီးပါး ရှိပါတယ်။ အစ္စရေးလ်နဲ့ ပြင်သစ်နိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများမှာ ကူးစက်မှု မြင့်တက်နေတာကို ကြုံတွေ့နေရတာကြောင့် တင်းကျပ်တဲ့ အသွားအလာ ပိတ်ပင်မှု တွေ ပြန်လည် ချမှတ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)










XS
SM
MD
LG