သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ဥရောပသမဂ္ဂ ရွေးကောက်ပွဲ


ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်စ်ဆဲလ်မြို့ ဥရောပကော်မရှင်ရုံးချုပ်ရှေ့မှာတွေ့ရတဲ့ ဥရောပသမဂ္ဂအလံများ (ဇူလိုင် ၁၄၊ ၂၀၂၁)
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်စ်ဆဲလ်မြို့ ဥရောပကော်မရှင်ရုံးချုပ်ရှေ့မှာတွေ့ရတဲ့ ဥရောပသမဂ္ဂအလံများ (ဇူလိုင် ၁၄၊ ၂၀၂၁)

မြို့တော်- ဘရပ်စ်ဆဲလ်
လူဦးရေ- ၄၄၈ သန်း
၂၀၂၂ စုစုပေါင်းပြည်တွင်းထုတ်ကုန်- ဒေါ်လာ ၁၇.၄၅၈ ထွီလျံ

ဥရောပသမဂ္ဂဟာ ဇွန်လမှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိပါတယ်။ ရုရှား၊ တရုတ်တို့နဲ့ပတ်သတ်ပြီး သဘောထားပျော့ပြောင်း၊ ဒေသတွင်းရွှေ့ပြောင်းအခြေချမှုကို အားမပေး၊ လူထုအကြိုက်လိုက်ပြောတဲ့ သူတွေက ဥရောပလွှတ်တော်ကို လက်ယာဘက်ကို ပိုတွန်းပို့မှာပါ။ ဒါပေမဲ့လည်း ဥရောပသမဂ္ဂမှာ လွှတ်တော်က ကြီးကြပ်ပေးသူအနေအထားမှာပဲ ရှိတာပါ။

ဥရောပကော်မရှင်က ဥရောပလွှတ်တော်ထက် ပိုအာဏာရှိပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာ ဖွန်ဒါလိုင်ယန်ကတော့ ၂၀၂၄ မှာ ရွေးကောက်ပွဲပြန်ဝင်၊ မဝင်ဆိုတာ မကြေညာသေးပါဘူး။ မစ္စဖွန်ဒါလိုင်ယန်က ယူကရိန်းကို အပြည့်အဝထောက်ခံသူဖြစ်ပြီး ဥရောပနဲ့ ကုန်သွယ်ရေးပိုင်းမှာ တရုတ်တဘက်စောင်းနင်းဖြစ်နေတာကို ကိုင်တွယ်ဖို့ တရုတ်သမ္မတ ရှီကို ဖိအားပေးထားတာပါ။

တကယ်လို့ သူသာ ပြန်အရွေးခံရမယ်ဆိုရင်တော့၊ အများကြိုက်လိုက်ပြော၊ လိုက်လုပ်နေကြသူတွေ ပိုများလာတဲ့ အီးယူမှာ သူက ချိန်ခွင်လျှာ ထိန်းညှိပေးနိုင်သူ ဖြစ်ပါလိမ့်မယ်။ ရုရှားနဲ့ ပတ်သတ်လို့ ပြောထားပြီးသား ရည်ရွယ်ချက်ပန်းတိုင်ကို ကိုင်ပြီး အီးယူမှာ မတူကွဲပြားမှုတွေ၊ အဖွဲ့ဝင်နိုင်ငံတွေကြား မကြာခဏ အကျိုးစီးပွား ပွတ်တိုက်မှုတွေကို ကြားကနေ ထိန်းညှိပေးနိုင်မှာပါ။

တရုတ်သမ္မတရှီကို ဖယ်ထုတ်လိုက်ရင် စီးပွားရေးအထိနာတဲ့ နောက်ထပ်ကုန်သွယ်ရေးစစ်ပွဲတခု ထပ်ဖြစ်မှာစိုးတာကြောင့် “တရုတ်နဲ့ ရုရှားကို အာဏာရှင်အစိုးရတွေနဲ့ တတန်းတစားတည်းထားဖို့ကို” ဥရောပနိုင်ငံတွေက သတိထားနေတယ်လို့ စံတန်ဖိုးများနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အီးယူကော်မရှင်နာမင်းကြီး အီဗားနား ကာရက်စ်ကိုဗာက ပြောပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးပြေလည်ဖို့ အလယ်ပိုင်းနဲ့ အရှေ့ဥရောပက လုပ်ဆောင်ချက်တချို့ကို တွေ့နေရပြီလို့ ကာရက်စ်ကိုဗာက ပြောပါတယ်။

အနောက်တိုင်းက အရေးယူပိတ်ဆို့မှုတွေကို ရုရှားက ရှောင်ပြီးနေလို့ရအောင် တရုတ်က ကူညီနေတာကို ဝေဖန်ပေမဲ့၊ မစ္စဖွန်ဒါလိုင်ယန် ဦးဆောင်မှုအောက်က အီးယူက တရုတ်အစိုးရကို အဆက်မဖြတ်ဖို့တော့ သတိထားနေခဲ့တာပါ။ ဒါပေမဲ့ ယူကရိန်းက အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အထူးနီးကပ်နေချိန်မှာ အီးယူမှာ အသစ်တက်လာမယ့် လက်ယာယိမ်း ဥရောပအမတ်တွေရဲ့ ညွန့်ပေါင်းက မစ္စဖွန်ဒါလိုင်ယန်ရဲ့ ယူကရိန်းယိမ်း မူဝါဒတွေကို ဘယ်လောက်ဆန့်ကျင်မယ်ဆိုတာ ၂၀၂၄ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG