သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက်ပ်အဆိုတော် ဗျုဟာအတွက် မိသားစုနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ စိုးရိမ်


ဖမ်းဆီးခံပြီးနောက် စစ်ကောင်စီကထုတ်ပြန်ထားသည့် အဆိုတော်ဗျူဟာ၏ ဓါတ်ပုံ
ဖမ်းဆီးခံပြီးနောက် စစ်ကောင်စီကထုတ်ပြန်ထားသည့် အဆိုတော်ဗျူဟာ၏ ဓါတ်ပုံ

Rap အဆိုတော် ဗျူဟာ ဖမ်းဆီးခံထားရတဲ့ အခြေအနေကို မိသားစုနဲ့ အနုပညာရှင်အသိုင်းအဝိုင်းက အလွန်အမင်းစိုးရိမ်နေကြပါတယ်။ နာမည်ရင်း "မင်းအုပ်မြန်မာ"လို့ပေးထားတဲ့ အဆိုတော် ဗျူဟာ အတွက် ရှေ့နေ ငှားခွင့်မရှိကြောင်း ဇနီးဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံ ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

ဖမ်းဆီးခံထားရတဲ့ Rap အဆိုတော် ဗျူဟာကို မနေ့ တနင်္လာနေ့က မြောက်ဒဂုံ ရဲစခန်းမှာ မိသားစုက တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဇွန်လ (၉ ) ရက်နေ့အထိ အဲဒီရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ရှိတယ်လို့သိရကြောင်း ဇနီးဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။ ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေတဲ့အခြေအနေအတွက် စစ်ကောင်စီကို ဆိုရှယ်မီဒီယာကနေ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့က မေလ (၂၄)ရက်နေ့မှာ မြောက်ဒဂုံက နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က အဆိုတော် ဗျူဟာ စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းဆိုရှယ်မီဒီယာတွေမှာ ထွက်လာပြီးနောက် ငါးရက်မြောက်နေ့ မနေ့က ဗျူဟာကို မိသားစုနဲ့ တွေ့ဆုံခွင့်ပေးခဲ့တာပါ။ ဇနီးဖြစ်သူကတော့ အဆိုတော်ဗျူဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို ဗွီအိုအေကို အခုလိုပြောပါတယ်။

"အဓိကကတော့ အဲ့လိုမျိုးပေါ့နော်။ အသက်အန္တရာယ်ပဲပေါ့နော်၊ အဲ့ဒါပဲ စိုးရိမ်ရတာပေါ့ အစ်မရယ်။ ကျန်တာတော့ သိပ်ပြီးတော့ ပြဿနာ မရှိဘူး အစ်မ။ ဟုတ်ကဲ့။"

အဆိုတော်ဗျူဟာ ဘယ်လောက်အထိ အနှိပ်စက်ခံခဲ့ရသလဲဆိုတာကို အသေအချာမသိရပေမယ့် အခုတော့ အခြေအနေကောင်းတယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။ စစ်ကောင်စီပိုင်သတင်းစာတွေမှာတော့ အဆိုတော်ဗျူဟာ ကိုဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ လူမှုကွန်ရက်တွေကနေ အစိုးရယန္တယား ပျက်ပြားအောင် လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ လုပ်ခဲ့မယ်ဆိုရင်၊ ထပ်ဆင့်ဖြန့်ဝေမယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေတွေနဲ့ အရေးယူနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ ဗျူဟာကို စွဲထားတဲ့ ပုဒ်မတွေ အတိအကျ မသိရသေးပေမယ့် ပုဒ်မ ၅၀၅ တော့ ပါကြောင်း ဇနီးဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။

"ဟုတ်ကဲ့။ ပုဒ်မ ၅၀၅ နဲ့တော့ စွဲထားပါတယ်။ တခြားတော့ ညီမတို့ မသိရသေးဘူး။ "

အင်ကြင်းနိုင်။ ။ရှေ့နေကျတော့ ညီမတို့ အခု ကြိုးစား နေတုန်းလား ရှေ့ နေရပြီလားဟင်

"ရှေ့နေ့က ညီမတို့က အခုက စစ်တပ်အုပ်ချုပ်နယ်မြေဖြစ်နေတော့ ရှေ့နေခေါ်ခွင့်မရှိဘူး။"

အဆိုတော် ဗျူဟာ
အဆိုတော် ဗျူဟာ

စစ်ကောင်စီလက်ထက် ရန်ကုန်မှာ လျှပ်စစ်မီးခဏခဏပြတ်နေတဲ့ အခြေအနေကို အရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်နဲ့ နှိုင်းယှဉ်ဝေဖန်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုတော်ဗျူဟာအတွက် စိုးရိမ်မိကြောင်း ဂီတမှူး ကိုလင်းထက်က ဗွီအိုအေကိုပြောပါတယ်။ ကိုလင်းထက်ကိုယ်တိုင်လည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကို လက်မခံပဲ ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ထင်ထင်ရှားရှားပါဝင်ခဲ့တဲ့ အနုပညာရှင် တဦးဖြစ်ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသူတဦးဖြစ်ပါတယ်။

"တကယ်တော့ ဟိုမဖြစ်သင့်ဘဲ ဖြစ်ရတဲ့ အခြေအနေမျိုးဆိုတဲ့အခါကျတော့ စိုးရိမ်မှုတော့ တကယ်ရှိပါတယ်။ ဟို သူ့ကို ထားပါတော့ အခုဆိုလို့ ရှိရင် မိသားစုနဲ့ အဆက်ဖြတ်ထားတာဆိုတော့ ကျွန်တော် ရှေ့မှာ ကြားတယ်ပေါ့နော်။ အခုတော့ ဆက်သွယ်ရပြီလား မသိဘူးပေါ့နော် ဆိုတော့။ ကျနော်တို့ ဒီလို ဒီလောက် ပြော ရုံနဲ့ ဒီလို လုပ်ရတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်တယ်ဆိုတဲ့အခါကျတော့ ကျွန်တော် စိုးရိမ်တယ်ပေါ့နော် ဒါကတော့ ဒါပွင့်ပွင့်လင်းလင်းပြောရရင်လည်း ပြည်သူနဲ့ အနုပညာရှင်တွေဆိုတာ ဆက်စပ်နေတဲ့လူတွေဆိုတော့ ဒီလူတွေကို ဒီလို ဖမ်းဆီးတာတွေ ထောင်ချထားတယ် အဲ့လိုလုပ်မယ်ဆိုတဲ့ ဟာမျိုးတွေကို အထဲမှာ ဘာလုပ်မှန်းမသိတဲ့ အခြေအနေမျိုးတွေပေါ့နော်။ အဲ့ဒါမျိုးတွေ ဖြစ်လာမှာတော့ ကျွန်တော်တို့ အနေနဲ့ စိုးရိမ်တာပေါ့နော်။ အနုပညာသမား အချင်းချင်းတွေဆိုလဲဆိုတော့ စိုးရိမ်မှုတော့ ကျွန်တော်တို့ရှိတယ်ပေါ့နော်။"

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲဒီတော့ ဒီအဆိုတော် ဗျူဟာက ဒီမြန်မာနိုင်ငံမှာ မီးမလာလို့ပေါ့နော် ဟိုစစ်ကောင်စီကို ဒီလို ဟိုသူတို့ ပြင်းပြင်းထန်ထန် ဝေဖန်တယ်ဆိုတာတဲ့ ဖမ်းဆီးခဲ့တဲ့ အခြေအနေ စစ်ကောင်စီ လုပ်ရပ်ကို ဘယ်လို မြင်လဲရှိတယ်။

"တကယ်တမ်းတော့ဗျာ ဒါက ဒီမိုကရေစီခေတ်မှာလည်း ဝေဖန်ကြတာပဲပေါ့နော်။ ဆိုတော့ ဝေဖန် ကြတယ်နောက် တချို့ ဆိုလို့ရှိရင် ဒီဟို Page ထောင်ပြီးတော့ သရော်တဲ့ ကိစ္စမျိုးတွေတောင် ဖြစ်တယ်။ ဒါပေမယ့် ဘယ်တော့မှ အဖမ်းမခံခဲ့ရတာ NLD ခေတ်ကာလမှာတော့။ ဒါမျိုး ဖြစ်မှ မဖြစ်ခဲ့တာ။ ဒါပေမယ့် အခုလို လုပ်တယ်ဆိုတာ ဒါအာဏာရှင်တွေရဲ့ လုပ်ရပ်ပဲ အာဏာရှင်တွေသွားတဲ့ လမ်းကြောင်းပဲပေါ့နော်။ ဒါက စစ်တပ်က ဒီပုံနဲ့ တောက်လျှောက်လုပ်လာခဲ့တာဆိုတော့ ဒါက သူတို့ရဲ့ ဟိုလက်နက်ပဲလို့ ကျွန်တော် မြင်တယ်လေ။ ဆိုတော့ ဖြစ်ချင်တော့လည်း ကိုဗျူဟာကတော့ သူပြောတာက တကယ် လူထုရဲ့ တကယ်ခံစားနေရတဲ့ဟာနဲ့ တထပ်တည်းကျလဲပေါ့နော်။ ဆိုတော့ လူထုတကယ် ခံစားနေရတဲ့ဟာ သူလည်း ခံစားနေရတယ် ဆိုတဲ့ အခါကျတော့ သူလည်း ပေါက်ကွဲထွက် ပြီးတော့ဆိုတာ ပြောလာတဲ့ စကားလုံးတွေ ဖြစ်မယ်လို့ ကျွန်တော် ယူဆတယ်ပေါ့နော်။ ဆိုတော့ ဟိုတကယ်လည်း မြေပြင်မှာက တကယ် grassroots (အောက်ခြေလူတန်းစား)ရော middle class (လူလတ်တန်းစားရော) ဒုက္ခတွေအကြီးအကျယ်ရောက်နေတာ။ ဘာကြောင့်လဲဆိုတော့ မီးမပေးနိုင်လို့။ စစ်ကောင်စီလည်း ကျွန်တော်တို့ ကြားသလောက်ကတော့ သူတို့ အကျပ်အတည်းတော်တော် ဖြစ်တယ်ပေါ့နော်။ ဒီမီးပေးဖို့ကိစ္စကို သူတို့ အကျပ်အတည်း ဖြစ်နေတဲ့အခါကျတော့ သူတို့ ဒီအကျပ်တည်း၊ နိုင်ငံရေး အကျပ်အတည်း ဖြစ်နေတဲ့ အချိန်မှာ သူကလည်း ဒီလိုသွားပြီး ဝေဖန်တဲ့အခါကျတော့ သူတို့ ခုနက ပြောသလိုပေါ့ သူတို့ ထိသွားတာ ပေါ့။ "စပ်"သွားတဲ့ သဘောရှိတယ်။ ကျွန်တော် ဒီလို ယူဆပါတယ်။"

အဆိုတော်ဗျုဟာ ဟာ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမွာ ရေပမ်းစားခဲ့တဲ့ ‘ကမ္ဘာမကြေဘူး’ သီချင်းကို ရေးစပ်ခဲ့တဲ့ တေးရေး နိုင်မြန်မာရဲ့ သားလည်း ဖြစ်ပါတယ်။

XS
SM
MD
LG