သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fever Clinic တွေမှာ ကိုဗစ် ဓာတ်ခွဲနမူနာယူရေး ကျန်းမာရေးဌာန ချိန်ဆနေဆဲ


အခမဲ့ Fever Clinic ဆေးခန်း။ (ဓာတ်ပုံ - Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)
အခမဲ့ Fever Clinic ဆေးခန်း။ (ဓာတ်ပုံ - Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)

[Zawgyi/Unicode]

မြန်မာနိုင်ငံတွင်း Fever Clinic တွေမှာပါ ကိုဗစ်ရောဂါစစ်ဆေးရေး ဓာတ်ခွဲနမူနာယူဖို့ စဉ်းစားနေတာ ရှိပေမဲ့လည်း တကယ်တမ်း လုပ်ဆောင်နိုင်မလားဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပါမယ်။

ပြည်တွင်းပိုးတွေ့လူနာတွေ တိုးလာနေချိန် ထိရောက်တဲ့ ကာကွယ်တားဆီးမှုတွေ လုပ်နိုင်ဖို့အတွက် ကိုဗစ်ရောဂါပိုး ကူးစက်ထားသူတွေ ပိုပြီး စစ်ဆေးနိုင်ရေး Fever Clinic တွေမှာပါ ဓာတ်ခွဲနမူနာယူဖို့ စဉ်းစားနေတာရှိပေမဲ့လည်း ကျန်းမာရေးဌာနရဲ့ လူအင်အား၊ ဓာတ်ခွဲခန်းအင်အားနဲ့ တကယ်တမ်း လုပ်ဆောင်နိုင်ပါ့မလားဆိုတာက ချိန်ဆနေရဆဲ အခြေအနေမှာ ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ သန်းနိုင်စိုးက အခုလို ဗွီအိုအေကိုပြောပါတယ်။

"အဲဒီလိုမျိုး ယူမယ်ဆိုရင်ပေါ့နော်။ ဒီ လက္ခဏာတွေက ပြောလို့မရဘူးလေ။ ဘာလက္ခဏာမှ မရှိဘဲနဲ့တောင် ပိုးကရှိနေတာကိုး ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း လောက်။ အဲဒီတော့ စစ်ချင်သူကလည်း တော်တော်များမှာပဲ။ ဘာပဲ ပြောပြောသူ့မှာ လက္ခဏာ နည်းနည်းပါးပါး ရှိတယ်။ အနံအရသာ ပျောက်တယ်ပေါ့။ အနံအရသာပျောက်လာတယ်ဆိုတာပဲ ရှိတာလေ။ တကယ်ပျောက်၊ မပျောက်ဆိုတာ ကာယကံရှင်ပဲ သိမှာကို။ စစ်မယ့်သူအများကြီးဖြစ်လာနိုင်တာပေါ့။ စစ်မယ့်သူအများကြီးဖြစ်ရင် ကျနော်တို့ အခုလက်ရှိအချိန်က Capacity အရက ဒီရက်ပိုင်းမှာမှ ၃,၀၀၀ ကျော် စပြီး တက်လာတာပေါ့နော်။ ၄,၀၀၀ ကျော်အထိ မှန်းလုပ်နေတယ်။ ကွန်တက်နဲ့ ကျူဝင်သူနဲ့တင် စစ်တာနဲ့တင် တရက်ကို ၃,၀၀၀ လောက် စစ်နေရတဲ့ အနေအထားဖြစ်နေတာကိုး။ နိုင်ငံမှာသိန်းနဲ့ချီတဲ့ စစ်ဆေးရေး facility တွေ ရှိတယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်ချင်တာပေါ့နော်။ လက်ရှိအနေအထားကတော့ ပြန်သုံးသပ်နေရတဲ့ အပိုင်းရှိတယ်ပေါ့နော်။ တဘက်က စစ်တာကောင်းပေမယ့် စစ်နိုင်တဲ့ Capacity နဲ့ ဦးစားပေးရမယ့် category ပေါ့နော် အဲ့ဒါတွေကို ပြန်စဉ်းစားနေရပါတယ်။"

ဗိုလ်တထောင် Fever Clinic က တာဝန်ခံ ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာနေမင်းထက်ကတော့ Fever Clinic တွမှာ ကိုဗစ်စစ်ဆေးနိုင်ရေး လုပ်ဆောင်သွားနိုင်ဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။

"swab ယူခွင့် permission ပေးတော့မှာပါ။ ကျနော်တို့ Fever Clinic တွေကိုပေါ့လေ။ မှန်ပါတယ် အဲသတင်း၊ အင်းစိန်ကနေ pilot project စမယ်။ အင်းစိန်ကပြီးရင် ကျန်တာတွေလည်း လာတော့မှာပါ။ ရှေ့တပတ်တော့ အကုန်ရမယ်ထင်တယ်။ လတ်တလောက ကျနော်ဗိုလ်တထောင်အနေနဲ့က ဂန္ဒီဆေးရုံနဲ့ ပေါင်းလိုက်တာလေ။ ပေါင်းတော့ ဗိုလ်တထောင်ရယ်၊ အင်းစိန်ရယ်က နဂိုကတည်းက ရပြီးသားပေါ့။ ဒါပေမဲ့ အင်းစိန်က ဆေးရုံပြင်ပမှာ သတ်သတ်ထွက်တယ်။ ခုတော့ အင်းစိန်ကိုပါ swab ကို ယူလို့ရပြီပေါ့။ pilot project အနေနဲ့ လုပ်တာပေါ့။ ကျန်တဲ့ Fever Clinic ၁၉ ခု ပေါ့ ... အားလုံးပေါင်း ရတော့မယ်ပေါ့နော်။ ၁၉ ခုမှာ ဗိုလ်တထောင်အနေနဲ့ ရပြီးသားပေါ့။ စိန်ခေါ်မှုကတော့ ထွေထွေထူးထူး ဘာမှမရှိပါဘူး။ လူနာများတော့ ပင်ပန်းတာပေါ့နော်။ တိုင်းကျန်းမာရေး ပူးပေါင်းပါဝင်မှုလည်း နောက်ပိုင်းပိုရလာပါပြီ။ အစကမြို့နယ်တိုင်းက ပူးပေါင်းပါဝင်မှု အားနည်းတယ်။ နောက်ပိုင်းပိုရလာတော့ ပိုအဆင်ပြေလာပါတယ်။"

ကူးစက်မှု တိုးလာတာကြောင့် ကာကွယ်တားဆီးရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်မှု ရှိလာပြီး ကျန်းမာရေးကာကွယ်မှုပိုင်း ပြိုလဲမှာကိုစိတ်ပူနေကြသလို၊ ကုသတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေပေးနိုင်ဖို့ တတ်နိုင်သမျှလူ့စွမ်းအား မပြုန်းအောင် လုပ်ဆောင်နိုင်ဖို့ ဝန်ကြီးဌာနဘက်က ချမှတ်ထားတဲ့စည်းကမ်းသတ်မှတ်ချက်တွေကို ပြောင်းလဲပြင်ဆင်ဖို့လုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ သန်းနိုင်စိုးက အခုလို ဗွီအိုအေ ကိုပြောပါတယ်။

"ကျန်းမာရေးဝန်ထမ်းတွေအတွက်ကတော့ လူ့အင်အားမပြုန်းတီးဖို့ပေါ့နော်။ ဘယ်လိုလုပ်မလဲ ဆွေးနွေးနေပါတယ်။ မကြာခင် ထွက်လာနိုင်မှာပါ။ အဲဒါကတော့ကြိုပြောလို့ မရသေးပါဘူး၊ တတ်နိုင်သမျှလူ့စွမ်းအားမပြုန်းအောင် လုပ်နေပါတယ်။ တတ်နိုင်သမျှ လုံခြုံမှု ဖြစ်အောင်လုပ်ဖို့ လုပ်နေပါတယ်။ အလုပ်ခွင်မှာပဲနေပြီး အိမ်မပြန်ဖို့ မတော်တဆ ကူးရင်လည်း ကူးတဲ့ ဟာမှာ အမြန်ဆုံး နေကောင်းအောင်လုပ်ဖို့ ခိုင်မာတဲ့ စိတ်ချရတဲ့ အခြေအနေဖြစ်လာရင် အလုပ်ပြန်ဝင်နိုင်ဖို့ ဒီကိစ္စကို အလေးအနက်ထား လုပ်ဆောင်နေပါတယ်။"

လက်ရှိ စက်တင်ဘာ ၁၁ရက်နေ့အထိမြန်မာနိုင်ငံမှာ အခုချိန်ထိ ကူးစက်သူ စုစုပေါင်း ၂,၂၆၅ ဦး ရှိခဲ့တာမှာ ကြာသပတေးနေ့ညအထိ ကုသမှုခံယူပြီး ဆေးရုံက ဆင်းခွင့်ရရှိသူ ၆၂၅ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁၄ ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာ နေ့စဉ်မြင့်တက်နေတဲ့ ကိုဗစ်ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ဆိုရင် လူထုက အလေးအနက်ထားပြီး ပူးပေါင်းလုပ်ဆောင်မှရမယ်လို့ တာဝန်ရှိသူတွေကရော ကျန်းမာရေးပညာရှင်တွေကပါ ပြောထားကြပါတယ်။

Fever Clinic တွေမှာ ကိုဗစ် ဓာတ်ခွဲနမူနာယူရေး ကျန်းမာရေးဌာန ချိန်ဆနေဆဲ
please wait

No media source currently available

0:00 0:04:02 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG