သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာ ဘောလုံးပွဲတွေ ဖျက်ရဖွယ်ရှိ


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ Gianni Infantino
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ Gianni Infantino

(Zawgyi/Unicode)

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံတကာအဆင့် ဘောလုံးပွဲတွေကို လိုအပ်ရင် ရွှေ့ဆိုင်းမယ့်အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ FIFA ရုံးချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံမှာ အစိုးရက လူပေါင်း ၁၀၀၀ ကျော်တဲ့ အခမ်းအနားတွေ မကျင်းပဖို့ တားမြစ်လိုက်တဲ့အတွက် ဒီသီတင်းပတ်ကုန် ကစားမယ့် ပွဲစဉ်တွေလည်း သောကြာနေ့မှာပဲ ရွှေ့လိုက်ရတာပါ။

တရုတ်နိုင်ငံ ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ကြုံနေရတဲ့ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံက ဘောလုံးသင်းတွေ အပါအဝင် အီတလီနိုင်ငံမှာ ဒီသီတင်းပတ် အစောပိုင်း ကစားမယ့် စီးရီးအေ ကစားပွဲတွေကိုလည်း ဖျက်ခဲ့ရပါတယ်။ နိုင်ငံတကာ ဘောလုံးအသင်း ဘုတ်အဖွဲ့ အစည်းအဝေးအတွက် Belfast မြို့ကို သောကြာနေ့က ရောက်လာတဲ့ FIFA ဥက္ကဋ္ဌ Gianni Infantino ကတော့ ဘောလုံးပွဲတွေထက် လူတွေရဲ့ ကျန်းမာရေးက ပိုအရေးကြီးတဲ့အတွက် အခြေအနေကို စောင့်ကြည့်နေကြောင်းနဲ့ လိုအပ်ရပ် ပွဲစဉ်တွေကို ရွှေ့တာမျိုး၊ ပရိတ်သတ်မပါပဲ ကစားတာမျိုးတွေ လုပ်ကောင်းလုပ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ လျော့မသွားဘဲ တိုးလာနေတဲ့အတွက် ကမ္ဘာတဝှမ်းမှာ တားမြစ်ကန့်သတ်ချက်တွေ ရှိလာနိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ပရိတ်သတ်တွေကို ခွင့်မပြုဘဲ တံခါးပိတ်ကစားတဲ့ ပွဲစဉ်မျိုးတွေ များများစားစား မရှိနိုင်တဲ့ သဘောမျိုးလည်း ပြောဆိုခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဘောလုံးပွဲစဉ်တွေသာမက တခြားအားကစားပွဲတွေလည်း ရွှေ့ဆိုင်းရတာတွေ ရှိခဲ့ပါတယ်။ ရှန်ဟိုင်းမြို့မှာ ဧပြီလ ၁၉ ရက်ကျင်းပမယ့် တရုတ် Formula One Grand Prix ကားပြိုင်ပွဲ၊ နန်ကျင်းမြို့မှာ ရှေ့လ ကျင်းပမယ့် World Indoor Championships အားကစားပွဲတွေကိုလည်း နောက်နှစ်ထဲအထိ ရွှေ့ဆိုင်းထားရတာပါ။ ဇွန်လထဲ ကျင်းပမယ့် ယူရို ၂၀၂၀ ဘောလုံးပွဲနဲ့ ဇူလိုင်လထဲ ကျင်းပမယ့် တိုကျိုအိုလံပစ် အားကစားပွဲတွေလည်း မရေမရာအခြေအနေ ကြုံနေရပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)





XS
SM
MD
LG