သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်- ချီဖွေကားလမ်းပေါ် တိုက်ပွဲပြင်းထန်


 ယခင်မှတ်တမ်းရုပ်ပုံ | ဆဒုံးမြို့အနီးက စစ်ကောင်စီရဲ့တပ်စခန်းတချို့သိမ်းပိုက်ခဲ့ကြောင်း KIA ထုတ်ပြန် (ဇွန် ၁၁၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ဆဒုံးမြို့အနီးက စစ်ကောင်စီရဲ့တပ်စခန်းတချို့သိမ်းပိုက်ခဲ့ကြောင်း KIA ထုတ်ပြန် (ဇွန် ၁၁၊ ၂၀၂၄)

ကချင်ပြည်နယ်မှာ စီးပွားရေးအရအရေးပါတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် တပ်စခန်း ၄ ခုကို ၂ ရက်အတွင်း သိမ်းယူခဲ့တယ်လို့ KIA ကပြောပါတယ်။ တပ်စခန်းတွေကနေ စစ်တပ်တွေ ဆုတ်ခွာနေပေမဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

အခုရက်ပိုင်းတွေအတွင်း KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ တရုတ်နဲ့ကုန်သွယ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်- ချီဖွေကားလမ်းဘက်အထိ ရောက်နေပါတယ်။ အဝေးပြေးကားလမ်းတကြောမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်သိမ်းယူနိုင်တာမှာ ဇွန်လ ၁၃ နဲ့ ၁၄ ရက်၊ ၂ ရက်အတွင်း စစ်တပ်စခန်း ၄ ခုကို ထပ်မံ သိမ်းယူခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“အခုလောလောဆည်ကတော့ ဝိုင်းမော်ကနေ ချီဖွေလမ်းဘက်မှာ တိုက်ပွဲတွေ ရှိပါတယ်။ ရှငေါ်တို့၊ ဘန်ဒေါင်တို့ဘက်မှာ တိုက်ပွဲတွေ ရှိပါတယ်။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူး။ ကျနော်တို့ KIA အဖွဲ့တွေ သွားတိုက်ဖို့ ရောက်လာတဲ့အခါမှာ ပြည်သူ့စစ်တို့၊ BGF တို့ အဖွဲ့တွေက သူတို့ဖာသာ သူတို့ ဆုတ်ပေးလို့ စခန်းတွေကတော့ ကျနော်တို့ သိမ်းလို့ ရပါပြီ။ ဒီနေ့ သိမ်းတာ စခန်း ၂ ခုရှိတယ်။ မနေ့က သိမ်းတာ ၂ ခုရှိတယ်။ အခု အားလုံးကတော့ ၄ ခု ပြန် သိမ်းလိုက်ရပါပြီ။”

သိမ်းယူလိုက်တဲ့စခန်းတွေဟာ ဆနီခူးရွာက စခန်း ၂ ခု၊ ရှငေါ်နဲ့ ဘန်ဒေါင်က စခန်းတခုစီဖြစ်ကြောင်း ပြောပါတယ်။ ဆနီခူးစခန်းတွေကတော့ ဝိုင်းမော်-ချီဖွေလမ်းကို အဓိက ထိန်းချုပ်ထားတဲ့ စခန်းတွေဖြစ်ပါတယ်။

မနေ့ ကြာသပတေးနေ့ ကတော့ ဝိုင်းမော်မြို့ အရှေ့ဘက် ဝူယန်ကျေးရွာရှိ ခလရ (၅၈) ကာကင်းစခန်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ချိန် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က လေကြောင်းကပါ တုံပြန်တိုက်ခိုက်ခဲ့ကြောင်းနဲ့ မံစီမြို့နယ်မှာလည်း (၃) ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ ခလရ ၅၈ ရဲ့ ကာကင်းစခန်းတွေဖြစ်ပါတယ်။ အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပါတယ်။ အဲဒါ လေကြောင်းတောင်မှ လာပြီးတော့မှ ပစ်ကူတယ်ဆိုတဲ့ သတင်းတွေ ရပါတယ်။ မံစီဘက်မှာကတော့ ၃ ရက်လောက်ရှိပါပြီ ဆက်တိုက်ဆိုသလို တိုက်ပွဲကြီးပါတယ်။ မံစီနဲ့ ဗန်းမော်ကြားက ကောင်ဂျာဆိုတဲ့ ရွာနားမှာ တိုက်ပွဲပြင်းထန် နေတယ်။ မနေ့ကတော့ စကစရဲ့ သံချပ်ကာ၊ တင့်ကားပေါ့။ တင့်ကားတစီး ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းကတော့ ရပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေကိုတော့ မေးမြန်းဖို့ အခက်အခဲတွေရှိလို့ လောလောဆည် အသေးစိတ်ကတော့ မသိဘူး။ ”

ဇွန်လ ၁၁ ရက်နေ့က ဆိုရင်လည်း ဝိုင်းမော်မြို့နယ် ကန်ပိုက်တီကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့သလို အဲဒီနေ့မှာပဲ ဆဒုံးဗျူဟာတပ်စခန်းအပါအဝင် စခန်းကြီး ၄ ခုလောက်နဲ့ စခန်းငယ် ၆ ခုလောက်ကို သိမ်းယူခဲ့ပါတယ်။ အခုလို ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ခြင်းမရှိသေးပါဘူး။

မိုးမောက်နဲ့ မံစီဘက်မှာတော့ ပြီးခဲ့တဲ့လဆန်းကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ လောလောဆည်မှာတော့ တိုက်ပွဲတွေဟာ ရပ်နားလိုက်ပြန်တိုက်လိုက်နဲ့ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ ဝိုင်းမော်ဒေသခံတဦးကတော့ ဝိုင်းမော်မြို့နယ် ဝူယန်ရွာမှာဖြစ်တဲ့ မနေ့က တိုက်ပွဲဟာ ပြည်သူ့စစ်စခန်းမှာ ဖြစ်တာမဟုတ်ဘဲ ဝူယန်နဲ့ လမြန်ရွာအတွင်းဘက်မှာဖြစ်ပွားကြောင်းနဲ့ ဒေသခံရွာသားတွေကတော့ တိမ်းရှောင်နေတာကြာပြီဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ ဝူယန်မှာကတော့ မနေ့ည ၆နာရီ။ ၆နာရီခွဲဝန်းကျင်မှာ ဝူယန် - လမြန်ရွာအတွင်းဘက်မှာပေါ့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တယ်။ ပြီးရင် နောက်ပိုင်းမှာမှ သူက လေယာဉ်နဲ့ ပြန်ပြီးမှ လာပစ်တယ်။ စခန်းသိမ်းတာတော့ မကြားဘူး။ ဝူယန်မှာ စခန်းတခုတော့ ရှိတယ်။ ပြည်သူ့စစ်စခန်း ဒါပေမဲ့ အဲဒီမှာ ဖြစ်တာတော့ မဟုတ်ဘူး။ ဝူယန် - လမြန်ရွာသူရွာသားတွေကတော့ တိမ်းရှောင်တာတော့ ကြာပြီ။ နှစ်လ၊ သုံးလလောက်နီးပါးရှိတယ် သူတို့တိမ်းရှောင်တာ။”

ဝိုင်းမော်မြို့နယ် ဝူယန်ရွာ တိုက်ပွဲမှာ အရပ်သား ထိခိုက်မှုသတင်းမကြားသိရပေမဲ့ မံစီတိုက်ပွဲမှာတော့ ဗန်းမော်မြို့နယ်အတွင်းက ကမ္ဘနီရွာမှာ လက်နက်ကြီးကျည်ကျတာကြောင့် အနည်းဆုံး ဒေသခံ ၉ ဦး ထိခိုက်ပြီး နေအိမ်၂လုံး မီးလောင်ခဲ့ကြောင်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ မံစီဒေသခံတွေကို ဗွီအိုအေက ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကချင်ပြည်နယ်မှာ မတ်လ ၇ရက်နေ့က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ၃ လကျော်ကာလအတွင်း မြို့အနည်းဆုံး ၅ မြို့လောက်နဲ့ စခန်းပေါင်း ၁၂၀ကျော်သိမ်းပိုက်ထားကြောင်း KIA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲသတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG