(Zawgyi/Unicode)
(Zawgyi/Unicode)
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က မိုးမျော်တိုက်ခေါင်မိုးတွေပေါ်ကနေ ဆော်ဒီအာရေဗျနိုင်ငံ သဲကန္တာရအလယ်က Riyadh မြို့သာမက အီတလီနိုင်ငံ မီလန်မြို့က လူတွေတိုက်ခန်းတွေမှာလည်း စိမ်းစိုနေတဲ့ မြင်ကွင်းတွေကို ပိုပြီး တွေ့လာနေရပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် မွန်းကြပ်နေတဲ့ မြို့ပြတွေမှာ သစ်ပင်ပန်းမန်တွေကပေးတဲ့ အေးချမ်းမှုမျိုး လူတွေပိုပြီးတောင့်တလာနေကြတာပါ။ ကမ္ဘာ့နိုင်ငံစုံက မြို့ကြီးတွေမှာ နည်းမျိုးစုံနဲ့ အပင်တွေစိုက်ပျိုးလာတဲ့အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်ကတင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာတဲ့ ၂၁ ရာစုအစပိုင်းလောက်ကစပြီး မြို့ပြတည်ဆောက်ရေးလုပ်ငန်းတွေမှာ အပင်တွေထည့်စိုက်ဖို့ ပုံစံချလုပ်ကိုင်လာကြပါတယ်။ ကမ္ဘာ့မြို့ကြီး ၉ ခုကအထပ်မြင့်လူနေတိုက်ခန်းနံရံတွေနဲ့ ခေါင်မိုးတွေမှာ သစ်ပင်တွေစိုက်ပျိုးလာတဲ့အတွက် ပူပြင်းတဲ့နွေရာသီလိုနေ့မျိုးတွေဆိုရင် အထပ်မြင့်အဆောက်အအုံအလယ်က လမ်းတွေရဲ့အပူချိန်ဟာ ၃.၆ ဒီဂရီ ဆဲလ်စိယပ်ကနေ ၁၁.၃ ဒီဂရီ ဆဲလ်စိယပ်ထိ လျော့ကျနိုင်တယ်လို့ ပြင်သစ်နိုင်ငံက အပင်နဲ့သတ္တဝါ ပတ်ဝန်းကျင်ဆိုင်ရာဌာနက လတ်တလောအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ နယူးယောက်မြို့က Brooklyn အရပ်က တိုက်ခေါင်မိုးတွေပေါ်မှာလည်း အော်ဂဲနစ်နည်းနဲ့သီးပင်စားပင်တွေ တနှစ် ၄၅တန်ထိ တနိုင်တပိုင်စိုက်ပျိုးရောင်းချနေတာပါ။
Brooklyn Grange စိုက်ပျိုးရေးလုပ်ငန်းက Gwen Schantz, ပူးတွဲတည်ထောင်သူတဦးက အခုလိုပြောပါတယ်။
"ကျမနဲ့ ကျမရဲ့သူငယ်ချင်းတွေက စိုက်ပျိုးရေးပဲလုပ်ချင်ကြတာပါ။ ဒါပေမယ့် မြို့ထဲမှာပဲနေချင်တဲ့အတွက် ခြံနဲ့ စိုက်ပျိုးရေးလုပ်ဖို့ သိပ်မဖြစ်နိုင်ဘူးလေ။ တခြားလူတွေလိုပဲ စိုက်ပျိုးရေးခြံလည်းရှိချင်တယ်။ ရေရှည်ခံတဲ့ တနိုင်တပိုင် စီးပွါးဖြစ် စိုက်ပျိုးရေးလုပ်ငန်းမျိုးလည်းဖြစ်စေချင်တယ်။ ဒါကြောင့်ဒီလိုလုပ်ဖြစ်ခဲ့တာပါ။ သူများနဲ့မတူတာက ကျမတို့က မြို့ထဲက ခေါင်မိုးတွေပေါ်မှာ စိုက်ပျိုးရေးလုပ်တာဖြစ်ပါတယ်။ "
ပြီးခဲ့တဲ့ ၁၀နှစ်လောက်စပြီး စိုက်ပျိုးလာတဲ့ ဒီလုပ်ငန်းကြောင့် လူနေထူူထပ်တဲ့ မြို့ထဲက အပူချိန်တွေလျော့ကျလာစေတယ်လို့လည်း ပြောပါတယ်။ လေထုညစ်ညမမ်းမှုဆိုးရွားလှတဲ့ တရုတ်နိုင်ငံမှာတော့ ၂၀၁၈ခုနှစ်နောက်ပိုင်း လူနေတိုက်ခန်းဝရံတာတွေမှာသစ်ပင်မျိုးစုံ ထည့်သွင်းစိုက်ပျိုးလာကြပါတယ်။
Qiyi City Forest Garden က Yuan Ming ကလည်း သူ့ရဲ့ တောအုပ်ပန်းခြံလေးအကြောင်း အခုလိုပြောပါတယ်။
"ဒီနေရာလေးကို ကွီယီမြို့ကတောအုပ်ပန်းခြံကလေးလို့ ခေါ်ပါတယ်။ သူ့နာမည်အတိုင်းပဲ တောထဲရောက်နေတဲ့ ခံစားချက်မျိုးဒီမှာရပါတယ်။ ကျမတို့ရဲ့ကိုယ်ပိုင် ပန်းခြံကလေးပေါ့။ သက်သောင့်သက်သာ နားနေလို့လည်းရတယ်လေ။ ဒါကြောင့်လည်း ဒီနေရာလေးကိုရွေးခဲ့တာပါ။ "
တချို့ကတော့ ဝရံတာတွေမှာသူတို့နှစ်သက်တဲ့ပန်းပင်တွေ ရွေးစိုက်ကြသလို တချို့ကလည်း သီးပင် စားပင်တွေစိုက်ပျိုးကြပါတယ်။ ဒါပေမယ့်လည်း ခြင်တွေရှိတဲ့အတွက တချို့လူတွေသဘောမကျကြပါဘူး။ ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်အရေး ထည့်စဉ်းစားသလို လူတွေနေဖို့ သင့်တော်အောင်လုပ်ဖို့လည်း အကြံပြုချက်တွေရှိပါတယ်။
ဗြိတိန်နိုင်ငံ၊ Bath တက္ကသိုလ် ကျန်းမာရေးဌာနကလည်း စိမ်းစိုနေတဲ့သစ်ပင်တွေက စိတ်ဖိစီးတာ၊ စိတ်မတည်ငြိမ်တာနဲ့ စိတ်ဓာတ်ကျတာမျိုးလို စိတ်ကျန်းမာရေးအားနည်းမှု ကုစားဖို့ အထောက်အကူပြုရုံမက အာရုံစိုက်မှုကိုလည်း အားကောင်းလာစေတယ်လို့ပြောပါတယ်။
စင်္ကာပူနိုင်ငံမှာတော့ ကမ္ဘာ့တိုက်ကြီး ၅ ခုမှာပေါက်တဲ့ ထောင်နဲ့ချီတဲ့ ရှားပါးသစ်ပစ်မျိုးစိတ်တွေကို ကွန်ကရစ်နဲ့ဖန်တီးထားတဲ့သစ်ပင်ကြီးထဲမှာထည့်စိုက်ပြထားပါတယ်။ ဒီမြင်ကွင်းကတော့ မြေနေရာရှားပါးလှတဲ့စင်္ကာပူရဲ့ဂုဏ်ဆောင် လက္ခဏာတခုဖြစ်ပါတယ်။
အီတလီနိုင်ငံမီလန်မြို့က ဗိသုကာပညာရှင်တွေကလည်း လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးအတွက် အဆောက်အအုံတွေမှာ သစ်ပင်စိုက်ဖို့နေရာတွေကိုပါ ထည့်သွင်းလာပါတယ်။
သဲကန္တာရထဲမှာရှိတဲ့ ဆော်ဒီအာရေဗျမြို့တော် Riyadh မှာတော့၉ နှစ်တာကာလအတွင်း သစ်ပင် ၇ သန်းခွဲစိုက်ပျိုးဖို့ လျာထားပါတယ်။
"Green Riyadh" စီမံကိန်းက ညွှန်ကြားရေးမှူး Abdelaziz al Moqbel ကတော့
"၂၀၃၀ခုနှစ်အရောက်မှာ သစ်ပင်ပေါင်း ၇ သန်းခွဲထိစိုက်ပျိုးနိုင်မယ်လို့ မေ ျှာ်မှန်းထားပါတယ်။ ခုတော့ ပထမအဆင့်လုပ်နေပါပြီ။ ဒီအဆင့်မှာတော့ အခြေခံ ဆောက်လုပ်ရေးတွေပါဝင်ပြီး ရေသွယ်လမ်းကြောင်းတွေ၊ အပင်စစိုက်တာတွေ၊ ပုံစံတွေဆွဲတာနဲ့ သုတေသနလုပ်ငန်းတွေလည်း လုပ်သွားမှာပါ” လို့ ပြောပါတယ်။
ဒေါ်လာ ၁၁ ဘီလီယံထိ သုံးစွဲမယ့် Green Riyadh သစ်ပင်စိုက်ပျိုးရေးအစီအစဉ် မှာ ပန်းခြံပေါင်း ၃ ထောင်ထိ ဖန်တီးဖို့လည်းပါပါတယ်။ ပန်းခြံအတွက်လိုတဲ့ရေကိုတော့ စိုက်ပျိုးရေးလုပ်ငန်းက ထွက်လာတဲ့ ရေကိုပြန်သုံးဖို့ စီစဉ်ထားကြပါတယ်။ လေထုညစ်ညမ်းမှုနဲ့ အပူချိန်ကို ၁ ဒီဂရီကနေ ၂ ဒီဂရီထိလျော့ချနိုင်နိုင်ဖို့ ဆော်ဒီမှာ ခုလိုသစ်ပင်သန်းနဲ့ချီစိုက်ပျိုးနေတာလည်း ဖြစ်ပါတယ်။
...................................................................................................
(Unicode)