သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး သာမန်အဆင့် ကုသမှု​​​​​​​


မပြင်းထန်တဲ့သွေးလွန်တုပ်ကွေး သာမန်အဆင့်အတွက် ဘယ်လို ကုသနိုင်ပြီး ဘာတွေ ရှောင်ကျဉ်သင့်ပါလဲ။

မပြင်းထန်တဲ့ သာမန်အဆင့် သွေးလွန်တုပ်ကွေးရောဂါကို အိမ်မှာပဲကုသနိုင်တဲ့နည်းလမ်းတွေရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။ သွေးလွန်တုပ်ကွေး မပြင်းထန်တဲ့အဆင့်ကို အိမ်မှာကုသနိုင်တာမှာ အဖျားကျဆေးတမျိုးဖြစ်တဲ့ ပါရာစီတမောပေးပြီး ရေနဲ့ဆားဓာတ်ဖြည့်ပေးသင့်ပါတယ်။ ဒါပေမဲ့ ပါရာစီတမော (Paracetamol) ကလွဲပြီး ကျန်တဲ့ ဖျားနာအကိုက်အခဲပါပျောက်ဆေးတွေတော့ မပေးသင့်ပါဘူး။ ဒီတခြားဆေးတွေဖြစ်တဲ့ Asprin (ဘာစပရို)၊ Diclofenac ၊ Ibuprofen တွေက သွေးကိုကျဲစေပြီး သွေးကို ပိုပြီး ယိုစေနိုင်လို့ပါ။ ဒါ့အပြင် ဓာတ်ဆားထုတ်ဝယ်ပြီးဖျော်တိုက်စရာလည်း မလိုဘဲ ရေများများသောက်ပြီး အစားအသောက်မှာ ဆားပိုထည့်၊ သကြားရောပေးခြင်းအားဖြင့်ချွေးထွက်မှုကနေ အရည်ဓာတ်ဆုံးရှုံးတာအတွက် ပြန်ဖြည့်ပေးနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးမှာ လက္ခဏာမပြင်းထန်တဲ့ အခုလို သာမန်အဆင့်ကို အိမ်မှာကုသစဉ်၊ ပြင်းထန်နိုင်တဲ့အဆင့်အတွက်လည်း ကြိုသိထားသင့်ပါတယ်။ ဒီအတွက် ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းတုန်းကပြောပြခဲ့တဲ့ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ (ဖျားနာ၊ ကိုက်ခဲ၊ အော့အန်၊ အရည်ပြားအပိန့်ထွက်၊ နှာခေါင်းသွေးလျှံတာ) ကိုသိပြီး အန္တရာယ်လက္ခဏာ (ဗိုက်နာ၊ ဆက်တိုက်အန်၊ အဖျားကျချိန်မလန်းဘဲ နုံးချည့်၊ မှိန်းပြီးကယောင်ကတန်းဖြစ်တာ) စတဲ့ လက္ခဏာတွေပေါ်လာရင်တော့ ဆေးရုံပို့တာအပြင် ဒီအန္တရာယ်လက္ခဏာမရှိပေမဲ့ ဆေးရုံတင်ထားသင့်သူ (တနှစ်အောက်ကလေး၊ အဝလွန်သူ၊တခြားသွေးရောဂါရှိသူနဲ့ အမြန်ဆေးရုံတင်ဖို့အလှမ်းဝေး ခက်ခဲသူ) တွေကိုလည်း သိထားသင့်ပါတယ်။

တချို့ဒေသတွေမှာ ဖျားနာတဲ့အခါ လုပ်လေ့ရှိတတ်တဲ့လက်ထိပ်ဖောက်တာ၊ စအိုဝနားကိုဖောက်တာနဲ့ ဖန်ခွက်ကို မီးအပူပေးပြီး အရေပြားပေါ် ခြစ်တာတွေ မလုပ်သင့်ပါဘူး။ ဒါတွေကြောင့် ကလေးက နာကျင်ငိုယိုပြီး ချွေးထွက်တာကနေ ခေတ္တ အဖျားကျတာဖြစ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေက တုပ်ကွေးရောဂါပျောက်ကျင်းသွားဖို့ မထိရောက်ပါဘူး။  

သွေးလွန်တုပ်ကွေး မပြင်းထန်တဲ့ သာမန်အဆင့်အတွက် အိမ်မှာကုရာမှာ မက်ကလောင်ဖောက် (အပ်နဲ့ဖောက်/အကြွေစေ့လိုသတ္တုပြားနဲ့ခြစ်) တာမျိုးတော့ မလုပ်သင့်ပါဘူး။ တချို့ဒေသတွေမှာ ဖျားနာတဲ့အခါ လုပ်လေ့ရှိတတ်တဲ့လက်ထိပ်ဖောက်တာ၊ စအိုဝနားကိုဖောက်တာနဲ့ ဖန်ခွက်ကို မီးအပူပေးပြီး အရေပြားပေါ် ခြစ်တာတွေ မလုပ်သင့်ပါဘူး။ ဒါတွေကြောင့် ကလေးက နာကျင်ငိုယိုပြီး ချွေးထွက်တာကနေ ခေတ္တ အဖျားကျတာဖြစ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေက တုပ်ကွေးရောဂါပျောက်ကျင်းသွားဖို့ မထိရောက်ပါဘူး။ ဒါ့အပြင် အခုလို ဖောက်ခြစ်တာကြောင့် ပိုသွေးယိုတာ၊ ပိုးဝင်သွေးဆိပ်တက်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အဆင့် ရောက်တာအထိဖြစ်နိုင်ပါတယ်။

တချိန်တည်းမှာ လူအများစုဝေးနေတဲ့ စစ်ရှောင်နဲ့ ဒုက္ခသည်စခန်းတွေမှာလည်း အခုလို ကူးစက်ရောဂါတွေ ပိုကူးစက်နိုင်တာမို့ ပိုသတိထားကာကွယ်သင့်ပါတယ်။ ဒီဒေသတွေမှာ သွေးလွန်တုပ်ကွေးအပြင် သာမန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါတွေလည်း အလွယ်တကူ ကူးစက်နိုင်တာမို့ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ ဒါပေမဲ့မိုးကြီး ရေကြီးချိန်တွေမှာတော့၊ သွေးလွန်တုပ်ကွေးခြင်ဖြစ်လာမဲ့ ပိုးလောက်လန်းတွေဟာ ရေစီးနဲ့အတူမျောပါသွားတတ်တာမို့ သွေးလွန်တုပ်ကွေးဖြစ်တာ လျော့ကျသွားနိုင်ပါတယ်။

ဒီအကြောင်း ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခဒေါက်တာစောဝင်းကို ကိုဝင်းမင်းက မေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG