သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Huawei အပေါ် ကန့်သတ်မှုတွေ ကန် တိုးမြင့် ချမှတ်မည်


(Zawgyi/Unicode)

တရုတ် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei Technologies Co အပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ပိုပြီး ချမှတ်သွားမယ်လို့ အမေရိကန် အစိုးရက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

အခု ကြေညာချက်ဟာ မေလတုန်း ကတည်းက Huawei ကုမ္ပဏီ အပေါ်ချမှတ်ထားတဲ့ တားမြစ်ပိတ်ပင်ချက်တွေကိုထပ်တိုးပြီး ဈေးကွက်ထဲမှာ ရှိတဲ့ ကွန်ပြူတာ chips ပြားတွေကို Huawei ကုမ္ပဏီ အလွယ်တကူ မဝယ်ယူနိုင်အောင် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အထူး လိုင်စင် မရှိဘဲ Huawei ကုမ္ပဏီကို semiconductor တွေ မရောင်းချရဘူးဖို့ ဖော်ပြထားတဲ့အချက်မှာ အမေရိကန် ကုမ္ပဏီတွေ တင်မကဘဲ နိုင်ငံရပ်ခြား ကုမ္ပဏီတွေ လည်း အကျုံးဝင်လာပြီ ဖြစ်ပါတယ်။ အမေရိကန် ဆော့ဖ်ဝဲ ဒါမှမဟုတ် အမေရိကန် နည်းပညာနဲ့ ထုတ်လုပ်တဲ့ chips ပြားတွေကို နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ Huawei ကို မရောင်းချဖို့ ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Huawei ရဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက Huawei လက်အောက်ခံ ကုမ္ပဏီလုပ်ငန်း ၃၈ ခုကိုလည်း အမေရိကန် အစိုးရရဲ့ အမည် မည်း စာရင်းထဲ ထပ် ထည့်သွင်းလိုက်တာကြောင့် မေလကစလို့ Huawei လက်အောက်ခံ ကုမ္ပဏီ စုစုပေါင်း ၁၅၂ ခုကို အမည်မည်း စာရင်းမှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။

မေလတုန်းက ချမှတ်ထားတဲ့ chips ရောင်းချမှု တားမြစ်ချက်တွေကို Huawei က တစ်ဖက်လှည့်နဲ့ ရှောင်းရှားနိုင်ပြီး ကြား ကုမ္ပဏီ ကတဆင့် ရယူနိုင်ခဲ့တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Wilbur Ross က ပြောပါတယ်။ အခု စည်းမျဉ်း အသစ် အရ အမေရိကန် ဆော့ဖ်ဝဲလ် ဒါမှမဟုတ် အမေရိကန် နည်းပညာကို အသုံးပြု ထုတ်လုပ်တဲ့ chips တွေ Huawei ကို ရောင်းချတာ ကို ပိတ်ပင်ကြောင်းနဲ့ လိုင်စင် လိုအပ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ နောက်ဆုံး ကန့်သတ်တားမြစ်ချက်အပေါ် Huawei က တစ်စုံတစ်ရာ မှတ်ချက်ပြုတာ မရှိသေးပါဘူး။

အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံ ဆက်ဆံရေး ဆယ်စုနှစ်တွေထဲ အဆိုးရွားဆုံး အဆင့်ကို ရောက်နေချိန် အမေရိကန် အစိုးရက တခြား ကမ္ဘာ့နိုင်ငံ အစိုးရတွေအပေါ်မှာလည်း Huawei ကုမ္ပဏီကို လက်မခံဖို့ တွန်းအားပေးခဲ့ပါတယ်။ သူလျှိုလုပ်နိုင် ဖို့အတွက် Huawei မှာ သိုမှီးထားတဲ့ အချက်အလက်တွေကို တရုတ်အစိုးရကို လွှဲပြောင်း ပေးနိုင်တာကြောင့် လုံခြုံရေးအရ စိတ်မရဘူးလို့ အမေရိကန်တို့က ပြောထားပါတယ်။ Huawei ကတော့ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆို ထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG