(Zawgyi / Unicode)
အရှေ့တောင်အာရှဒေသ (ASEAN) မှာ ပိုပြီးတော့ တက်တက်ကြွကြွလုပ်ဆောင်တဲ့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တခု ဖွဲ့စည်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုကြပါတယ်။
လက်ရှိ အာဆီယံလူ့အခွင့်အရေးကော်မရှင် (AICHR) ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ လုပ်ပိုင်ခွင့် မရှိတာကြောင့် ရယ်စရာဖြစ်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Phil Robertson က နိုဝင်ဘာလ ၂ ရက်၊ စနေနေ့က ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
ဒါ့အပြင် ဒေသတွင်း လက်ရှိဖြစ်ပျက်ထားတာတွေကို ထောက်ပြပြီးတော့လည်း အာဆီယံ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်မှတ်တမ်းကို ဝေဖန်သွားပါတယ်။
“ရိုဟင်ဂျာအရေးဖြစ်ထားတဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားမှာ ဟွန်ဆန်က အတိုက်အခံတွေကို နှိမ်နင်းတာ၊ ဖိလစ်ပိုင်မှာ သမ္မတ Rodrigo Duterte က အားပေးအားမြှောက်လုပ်တာကြောင့် မူးယစ်နှိမ်နင်းရေးမှာ ရဲတပ်ဖွဲ့က လူပေါင်း ၂၀,၀၀၀ ကျော်ကို သတ်ခဲ့တာ စတဲ့ ဖြစ်ရပ်တွေကို ကြည့်ပါ။ ဒီလို ဆိုးရွားတဲ့ဖြစ်ရပ်တွေ ထပ်ခါထပ်ခါ ဆက်ဖြစ်နေတာပါ။ ဒါကို အာဆီယံက ဘာမှ မလုပ်ပါဘူး” လို့ Phil Robertson က ပြောပါတယ်။
HRW လို နိုင်ငံတကာ အဖွဲ့အစည်းတွေက သုံးနှုန်းတဲ့ ရိုဟင်ဂျာဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီပြဿနာကို အလေးထား ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ပြောထားပါတယ်။
အဖွဲ့ဝင်နိုင်ငံအသီးသီးမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးနိုင်တဲ့ ဒေသတွင်း တကယ့်အဖွဲ့အစည်းတခုကို ဖွဲ့စည်းဖို့ လိုအပ်တယ်လို့လည်း Phil Robertson က ထောက်ပြပါတယ်။
ဘန်ကောက်မြို့တော်မှာ ဒေသတွင်းနဲ့ တခြားနိုင်ငံတွေက ထိပ်တန်းခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးတွေ ကျင်းပပြီး ဆွေးနွေးနေကြပေမယ့်လည်း ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ လူ့အခွင့်အရေးကိစ္စ မပါသလောက်ဘဲလို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
------------------------------
(Unicode)