သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ခေါင်းဆောင်တွေ ကုန်သွယ်ရေး ဦးစားပေး ဆွေးနွေးဖို့ရှိ


ASEAN ထိပ်သီးအစည်းအဝေး တက်လာတဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းဒုတိယ ဝန်ကြီးချုပ် Anutin Charnvirakul က လာရောက်ကြိုဆို (ဓါတ်ပုံ-ASEAN)
ASEAN ထိပ်သီးအစည်းအဝေး တက်လာတဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းဒုတိယ ဝန်ကြီးချုပ် Anutin Charnvirakul က လာရောက်ကြိုဆို (ဓါတ်ပုံ-ASEAN)

(Zawgyi/Unicode)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးအစည်းအဝေးမှာ ကုန်သွယ်ရေးကိစ္စက အဓိကဆွေးနွေးမယ့် အကြောင်းအရာဖြစ်ပြီး ဒေသတွင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့မရှိ သလောက်ပဲလို့ ခန့်မှန်းထားတဲ့အကြောင်း သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ရိုက်တာသတင်းဌာနက ကြည့်ခွင့်ရတဲ့ ထိပ်သီးအစည်းအဝေးအဆုံးသတ် ထုတ်ပြန်ဖို့ပြင်ထားတဲ့ ကြေညာချက်မူကြမ်းထဲမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ “ကုန်သွယ်ရေးတင်းမာမှု မြင့်မားလာနေတာ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးနဲ့ တကမ္ဘာလုံး လွှမ်းခြုံဖြန့်ကျက်မှုအပေါ် ဆန့်ကျင်ပြောဆိုတာတွေ ဆက်ရှိနေတာ” တွေအပေါ် အထူးစိုးရိမ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

ကုန်သွယ်ရေးနဲ့ဆိုင်တာကို ခေါင်းဆောင်တွေ အဓိကဆွေးနွေးကြဖို့ရှိပြီး တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့အငြင်းပွားနေ တာ၊ မြန်မာနိုင်ငံကနေထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး စတဲ့ ဒေသတွင်းမှာ မပြီးပြတ်သေးတဲ့ အရေးကိစ္စတွေကို အနည်းအကျဉ်းပဲ ဆွေးနွေးကြဖို့ရှိမယ်လို့ သံတမန်တွေကပြောပါတယ်။

နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အသိအမှတ်မပြုတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီထိပ်သီးအစည်းအဝေးမှာနိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နေပါတယ်။

တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် အာဆီယံနိုင်ငံတွေမှာ ထိခိုက်မှုရှိနေပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဟာ ငါးနှစ်အတွင်း အနိမ့်ဆုံးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ အာဆီယံဒေသရဲ့ လူဦးရေစုစုပေါင်းက သန်းပေါင်း ၆၂၀ ပဲရှိတာမို့ တရုတ်လူဦးရေရဲ့ ထက်ဝက်အောက်နည်းပြီး ဒေသတွင်းမှာ တရုတ်လွှမ်းမိုးမှု တိုးလာနေတာကိုလည်း ခေါင်းဆောင်တွေ စိုးရိမ် နေကြတာပါ။

တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်တဲ့နေရာမှာ အဓိကမဟာမိတ်အဖြစ် အာဆီယံကသတ်မှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုက လည်း ဒီနှစ်အစည်းအဝေးတွေကိုတက်မယ့် ကိုယ်စားလှယ်အဆင့်အတန်းကို လျှော့ချပြီးတော့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့ကိုပဲ လွှတ်ထားပါတယ်။

ဒါကြောင့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ တခြားဆက်စပ် အစည်းအဝေးတွေဟာ တခြားနိုင်ငံတွေက သတ်မှတ်သလောက် အရေးမကြီးဘူးဆိုတာ အမေရိကန်က ပြသလိုက်တာပဲလို့ ဒေသတွင်းလေ့လာသူတွေက သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)








XS
SM
MD
LG