သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံသားဥပဒေသစ် မြန်မာနဲ့တူနေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်


အိန္ဒိယနိုင်ငံသားဥပဒေသစ်ဆန္ဒပြသူများ
အိန္ဒိယနိုင်ငံသားဥပဒေသစ်ဆန္ဒပြသူများ

(Zawgyi/Unicode)

အိမ်နီးချင်း မြန်မာနိုင်ငံမှာ နိုင်ငံသားဥပဒေ ပြဌာန်းချိန်က အပြောင်းအလဲလုပ်ခဲ့ပုံမျိုး အခု အိန္ဒိယဝန်ကြီးချုပ် မိုဒီ အစိုးရက သူနိုင်ငံတွင်း နိုင်ငံသားဥပဒေပြင်ဆင် ပြဌာန်းမှုတွေဟာ တူညီမှုတွေရှိနေတဲ့အတွက် မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေကို နမူနာယူသင့်သလားဆိုပြီး အိန္ဒိယ သတင်းမီဒီယာတွေမှာ ထောက်ပြ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေးပါတီ အာဏာရနေတဲ့အချိန်မို့ အခုလို ဥပဒေတွေ ပြဌာန်းတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေကလည်း ထောက်ပြကြပါတယ်။ အိန္ဒိယလွှတ်တော်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတည်ပြုပေးလိုက်တဲ့ ဒီ ဥပဒေသစ်ကို နိုင်ငံတဝှမ်း ဆန့်ကျင်ကန့်ကွက်ခံနေရတဲ့ အချိန်မှာဘဲ အခုလို ဝေဖန်မှုတွေ ထွက်ပေါ်လာတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ အင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မွတ်ဆလင်လူနည်းစုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က သမ္မတ Ram Nath Kovind ကအတည်ပြု ပြဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေသစ်ဟာ အစ္စလာမ်ဘာသာဝင်တွေကို ဖယ်ထုတ်ပြီး အိန္ဒိယနိုင်ငံဟာ ဟိန္ဒိူဘာသာဝင်တွေနဲ့ အခြား ကိုးကွယ်ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်လို့ ပြန်လည် ပုံဖေါ်တာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။

ဒီဥပဒေသစ်အရဆိုရင် နိုင်ငံသားဖြစ်ခွင့်မှာ အခွင့်ထူးခံ အသိုင်းအဝိုင်းနဲ့ ဘေးဖယ်ထုတ်ခံထားရတဲ့ အသိုင်းအဝိုင်းဆိုပြီး အဆင့်နှစ်ဆင့်ရှိနေမှာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ Milan Vaishnav ကပြောပါတယ်။ ဒီပုံစံမျိုးဟာ မြန်မာနိုင်ငံမှာ ၁၉၈၂ခုနှစ်က နိုင်ငံသားဥပဒေ ပြောင်းလဲပြင်ဆင်ခဲ့တဲ့ ပုံစံမျိုး သဏ္ဍန်တူညီနေတယ်လို့လည်း သူက သုံးသပ်ပါတယ်။

လွတ်လပ်ရေး ရပြီးစ မြန်မာနိုင်ငံဟာ ၁၉၈၂ နိုင်ငံသား ဥပဒေ မတိုင်မှီ အထိ နိုင်ငံသားနှင့် နိုင်ငံသား မဟုတ်သူလို့ ရှိခဲ့ပေမယ့် ၁၉၈၂ နိုင်ငံသား ဥပဒေအရ (၁) မွေးရာပါနိုင်ငံသား (၂) ဥပဒေအရ နိုင်ငံသား (၃) ဧည့်နိုင်ငံသား (၄) နိုင်ငံသား ပြုခွင့်ရသူ ဆိုပြီး (၄)မျိုး ခွဲခြားခဲ့ပါတယ်။

အိန္ဒိယနဲ့ မြန်မာ ဆက်ဆံရေး လေ့လာစောင့်ကြည့်နေသူ အမေရိကန်ပြည်ထောင်စု အခြေစိုက် ဒေါက်တာတင့်ဆွေရဲ့ သုံးသပ်ချက်ကတော့

“အိန္ဒိယ အခုလက်ရှိတက်နေတဲ့ BJP အစိုးရဟာ ဟိန္ဒိူအစွန်းရောက် လက်ဝဲယိမ်းအစိုးရလို့ သတ်မှတ်ပါတယ်။ သူအစိုးရ တက်လာကတည်းက အရင်သက်တမ်းကတော့ သိပ်မသိသာသေးဘူး၊ ဒီ သက်တမ်းမှာတော့ ထူးခြားတာပေါ့နော် ။ ဟိုတခါ အယုဒ္ဓယမြို့ကြီးမှာ ဟိန္ဒိူနဲ့ မွတ်ဆလင် ဘာသာရေးအဆောက်အအုံ အငြင်းပွားတာမှ ဟိန္ဒိူကို အနိုင်ပေးလိုက်တဲ့ ကိစ္စ အကြီးကြီးတခါ ဖြစ်ပြီးတော့ အခုတခါ နိုင်ငံသားဖြစ်ခွင့် ဖြစ်လာပါတယ်။ တိုင်းပြည်တခုရဲ့ နိုင်ငံသားဖြစ်ခွင့် ဆိုတာက အစိုးရတွေက ပြဌာန်းတာ အစိုးရတွေအပေါ်မူတည်တာပေါ့နော်။ ဒါကြောင့်သူတို့အစိုးရက သူ့တိုင်းပြည်မှာ လုပ်ခွင့်ရှိပါတယ်။ နောက်တခါ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ဘယ်လိုဆက်စပ်မလဲဆိုတော့ အားလုံးက ရခိုင်ပြည်မြောက်ပိုင်း ကိစ္စဖြစ်မှ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေ ကိုပြောကြတယ်။ ဒီ ၈၂ ဥပဒေ က သိတဲ့အတိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကတည်းက ပြဌာန်းထားတဲ့ ဥပဒေပါ။ ဦးသိန်းစိန်အစိုးရလည်း မဟုတ်ဘူး၊ NLD အစိုးရလည်း မဟုတ်ဘူး ရခိုင်အရေးအခင်းတွေ လုံးဝမရှိခင်ကတည်းက ပြဌာန်းထားတဲ့ ဥပဒေပါ။ ဒါကြောင့် တချို့မီဒီယာတွေက လွဲပြီးတော့ ပြောတတ်ကြတာပေါ့နော်။ အဲဒီတော့ အိန္ဒိယမှာ လုပ်တာက သူတို့အစိုးရရဲ့သဘော ၊ သူတို့ထဲမှာ မကျေနပ်တဲ့ သဘောမတူတာတွေလည်းရှိမယ် ဒါကတော့ ဒီမိုကရေစီနိုင်ငံဆိုတော့ ၊ ထုတ်ဖော်ခွင့် ပြသခွင့်တွေ ရှိကြတာပေါ့နော်။

မေး။ ။ ၁၉၈၂ နိုင်ငံသားဥပဒေမှာ နိုင်ငံတကာက ပြဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖောက်တာတွေ ရှိနေတယ်၊ ဥပမာ-နိုင်ငံသားများ အကြား တန်းတူညီတူဖြစ်မှုဆိုတဲ့ အခြေခံ လူ့အခွင့်အရေး စံချိန်ကို ချိုးဖောက်နေတယ် ဆိုတာမျိုးထောက်ပြချက်တွေ ရှိတဲ့အပေါ်မှာရော ဆရာရဲ့အမြင် ဘယ်လိုရှိပါလဲ။

ဒေါက်တာတင့်ဆွေ ။ ။ အဲဒါကလည်း အိန္ဒိယမှာ ကျနော်ဖြေခဲ့သလိုပေါ့နော် ဒီ လက်ရှိတက်နေတဲ့ အစိုးရအပေါ်မှာ မူတည်တယ်။ နိုင်ငံတခုရဲ့ ပြည်တွင်းကိစ္စကို ဝေဖန်တာ ဖိအားပေးတာကတော့ မကောင်းဘူး။ သို့သော် သူတို့ သဘောတူညီမှု ၊ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒကို တင်ပြခွင့်ရှိတယ်။ မှန်မှန်ကန်ကန် ပြောဆိုဆွေးနွေးခွင့်ရှိတယ်။ သို့သော် အဆုံးအဖြတ်ကတော့ အဲဒီနိုင်ငံ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ အဲဒီနိုင်ငံ ဖွဲ့စည်းပုံနဲ့ လွှတ်တော်ပေါ်မှာ မှုတည်တယ်လို့ ကျနော်မြင်ပါတယ်။”

ဝန်ကြီးချုပ် မိုဒီအစိုးရက ပြဌာန်းလိုက်တဲ့ နိုင်ငံသားဥပဒေသစ်ဟာ ၂၀၁၅ ခုနှစ်မတိုင်ခင်က ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ အိန္ဒိယ နိုင်ငံကို ထွက်ပြေးလာကြသူတွေချင်း အတူတူ မွတ်ဆလင်တွေက လွဲပြီး ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒိူဘာသာဝင်တွေ၊ ဂျိမ်းဘာသာဝင်တွေ၊ Parsi ဘာသာဝင်တွေနဲ့ ဆစ်ခ်ဘာသာဝင်တွေပဲ နိုင်ငံသားဖြစ်ခွင့် ရကြတော့မှာဖြစ်ပါတယ်။ အဲဒီလို နိုင်ငံသားဖြစ်ခွင့်ထဲမှာ မြန်မာဘက်ကနေ အိန္ဒိယကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အကျုံးမဝင်ပါဘူး။

ဥပဒေသစ်ဟာ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးနဲ့ကင်းလွတ်တဲ့ အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ အများက ဝေဖန်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Unicode)











XS
SM
MD
LG