ရုရှားနဲ့ချုပ်ဆိုထားတဲ့ INF ( ခေါ်) တာလတ်ပစ်နျူကလီးယားစာချုပ်က အမေရိကန် တရားဝင် နုတ်ထွက်လိုက်တဲ့အတွက် သမိုင်းဝင် ဒုံးကျည် သဘောတူညီချက် ချုပ်ငြိမ်းသွားခဲ့ပါပြီ။ ဒါဟာ ကမ္ဘာကြီးကို ဘယ်လို အချက်ပြလိုက်တာပါလဲ။ အမေရိကန်ကတော့ ရုရှားဘက်က အရင်ချိုးဖောက် တာ ဖြစ်တယ်လို့ စွပ်စွဲထားတာပါ။ အခြေအနေဟာ ရှေ့ဆက် ဘာဖြစ်လာနိုင် ပါသလဲ။ Yulia Savchenko မော်စကိုက ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာ ကပြောပြမှာပါ။
အမေရိကန်သမ္မတ Ronald Reagan နဲ့ ဆိုဗီယက်ပြည်ထောင်စု သမ္မတ Mikhail Gorbachev တို့ ၁၉၈၇ မှာ INF စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတုန်းက စစ်အေးတိုက်ပွဲ ပြီးဆုံးခြင်းရဲ့အစပဲလို့ ချီးကျူး ထောပနာ ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တွေ ကြာလာတဲ့အခါမှာတော့ ဒီသဘောတူညီချက် ချုပ်ငြိမ်းသွားပါပြီ။ ရုရှားအပါအဝင် တကမ္ဘာလုံးက စိုးရိမ်ပူပန်သံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ Sergei Ryabkov ဟာ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။
“အမေရိကန်အစိုးရက INF စာချုပ်ကိုဖျက်သိမ်းလိုက်တဲ့အတွက် ဆယ်စုနှစ်တွေနဲ့ချီ တည်ဆောက်ခဲ့ရတဲ့ လက်နက်ထိန်းချုပ်ရေး စနစ်ကို ပြင်းပြင်းထန်ထန် အထိနာသွားစေပါတယ်။ နိုင်ငံတကာလုံခြုံရေးနဲ့ အဟာဗျူဟာတည်ငြိမ်ရေး အပေါ်ဆိုးရွားတဲ့ ရိုက်ခတ်မှုတွေက ရှောင်လွှဲလု့ိမရပါဘူး။”
အမေရိကန်နဲ့ နေတိုး မဟာမိတ်တို့ကတော့ ဒီစာချုပ်ကို ရုရှားတို့ နှစ်ပေါင်းများစွာ ချိုးဖောက်လာခဲ့ပြီလို့ ပြောရင်း ၊ နုတ်ထွက်ဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရုရှားတို့ဟာ မြေပြင်က ပစ်လွှတ်နိုင်တဲ့ ခရုစ် ဒုံးကျည်တွေကို ဖြန့်ကြက် ချထားလာခြင်းဟာ ဒီသဘောတူညီချက်ကို ချိုးဖောက်ပြီး လိုက်နာဖို့ အစီအစဉ် မရှိဘူးဆိုတာ ပြသခြင်း ဖြစ်တယ်လို့ အမေရိကန်တို့က ဆိုပါတယ်။ ဒါကို ရုရှားဘက်ကတော့ ငြင်းဆန်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကတော့ လက်နက်ထိန်းချုပ်ရေး နည်းလမ်းသစ်တခု ရရှိရေး နှစ်ဖက်စလုံးကို တိုက်တွန်းနေပါတယ်။
“ နျူကလီးယားစစ်ပွဲ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတားအဆီးတခုကို ဆုံးရှုံးလိုက်ရ တာပါပဲ။ တိုက်ချင်းပစ်ဒုံးကျည် အန္တရာယ်ကိုလဲ ပိုမို ကြီးထွားလာစေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မတည်ငြိမ်မှုတွေ ဖြစ်ထွန်းစေမယ့် ကိစ္စကို ဘက်ပေါင်းစုံက ရှောင်ကျဉ်ပြီး နိုင်ငံတကာ လက်နက် ထိန်းချုပ်ရေးအတွက် ဘုံနည်းလမ်းတခု ဘဘောတူညီမှု ရရှိအောင် အမြန်ဆုံး အားထုတ်သင့်ပါတယ်။"
မော်စကိုအခြေစိုက် အကဲခတ်တွေကတော့ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ လိုအပ်တယ်လို့ ပြောနေကြပါတယ်။ Dmitry Suslov ဟာ ရုရှားနိုင်ငံ အခြေစိုက် ဥရောပနဲ့ နိုင်ငံတကာ လေ့လာရေး ပညာရှင်တဦး ဖြစ်ပါတယ်။
“ တကယ်လို့ တာလတ်ပစ်ဒုံးကျည်တွေကို အာရှအလယ်ပိုင်းနဲ့ ဥရောပမှာ ဖြန့်ချထားမယ်ဆိုရင် မဟာဗျူဟာ တည်ငြိမ်မှု ရုတ်တရက် ဆိုးရွားသွားမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ အမေရိကန်က ဒုံးကျည်ဖြန့်ချထားမယ်ဆိုရင် ရုရှားဘက်ကလည်း လက်ဦးမှုရအောင် တိုက်ခိုက်ရမယ်ဆိုတဲ့ လမ်းစဉ်ကို ကိုင်စွဲထားဖို့ လိုအပ်ပါလိမ့်မယ်။”
ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov ကတော့ အမေရိကန်တို့ စတင် မလုပ်ဆောင်သမျှ ရုရှားဘက်က ဒုံးကျည်တွေကို ဖြန့်ချထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တာလတ်ပစ် ဒုံးကျည်တွေ ဖြန့်ချထားရေးနဲ့ ပတ်သက်ပြီး ဆိုင်းငံ့သဘောတူညီချက်တရပ် လက်မှတ်ထိုးဖို့လည်း အမေရိကန်တို့ကို ဆော်သြ လိုက်ပါတယ်။ Alexander Goltz ဟာ စစ်ရေးကျွမ်းကျင်သူတဦး ဖြစ်ပါတယ်။
“ ဆိုင်းငံ့ရေးကိစ္စ လက်မှတ်ထိုးဖို့ဆိုတာ အလားအလာ သိပ်နည်းတယ်လို့ ကျနော် ထင်ပါတယ်။ ဒီကိစ္စကို လက်မှတ်ရေးထိုးကြဖို့ ကျနော်ကတော့ ထောက်ခံပါတယ်။ ဒါပေမဲ့ လက်နက် ထိန်းချုပ်ရေးကို ပုံစံတမျိုးမျိုးနဲ့ ဆက်လက်ထိန်းသိမ်းထားမယ့်ကိစ္စ ဆွေးနွေးမယ် ဆိုရင်တော့ နှစ်ဖက်စလုံးက လှိုက်လှိုက်လှဲလှဲ မရှိကြတာကို တွေ့ရပါတယ်။”
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton က အမေရိကန်ပြည်ထောင်စုဟာ ရုရှား၊ တရုတ်တို့နဲ့အတူ လက်နက်ထိန်းချုပ်ရေး သဘောတူညီမှုသစ်တရပ် ရယူဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ သမ္မတ ထရမ့်အစိုးရက သဘောတူညီမှုသစ်တရပ် ရရှိနိုင်တယ်ဆိုပြီး အကောင်းမြင်တဲ့ သဘောထားကို ပြသနေပါတယ်။ ရုရှားခေါင်းဆောင်တွေကလည်း စေ့စပ်ညှိနှိုင်းရေး တံခါးဖွင့်ထားဆဲ ဖြစ်တယ်လို့တော့ ပြောကြားနေကြကြောင်းပါ။