သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝ၊ ကျောက်တော် တိုက်ပွဲပြင်းထန်


(Zawgyi/Unicode)

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက် တော်၊ မင်းပြားမြို့နယ်ဘက်မှာ ဒီကနေ့နဲ့မနေ့တုန်းက တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတာပါ။ ဒီလိုစစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သား ဒဏ်ရာရရှိမှုတွေ ရှိနေ သလို ဒေသတွင်း စစ်ရှောင်တွေ လည်း တိုးလာနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ကျောက်တော် မင်းပြားမြို့နယ်ဘက်မှာ ဒီကနေ့နဲ့မနေ့ တုန်းက မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့တို့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ AAပြောခွင့်ရခိုင်သုခက ပြောပါတယ်။

“ဒီနေ့ ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့မှာ ပလက်ဝမြို့နယ်မီးချောင်းတံတားထိပ်မှာရှိတဲ့ လက်နက်ကြီး စခန်းမှာလဲ (၅)ရက်မြောက်နေ့အဖြစ် တိုက်ပွဲတွေကတော့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ပြီးတော့ရှိနေတာပေါ့။ (၉)ရက်နေ့မနက်(၁၂)ကျော်ကနေပြီးတော့ မနက်(၃)နာရီအထိပေါ့ အဲဒီမှာ ဂျက်လေယာဉ်(၂)စီးနဲ့ လာပြီးတော့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာရှိတယ်။ မနေ့က စတုတ္ထမြောက်နေ့မှာလဲဘဲ တနေ့လုံးနီးပါး နှစ်ဘက် အပြန်အလှန်ထိုးစစ်တွေကရှိနေခဲ့တာပေါ့။

မနေ့ကကျောက်တော်မြို့နယ် တင်းမရွာအနီးမှာလဲဘဲ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေကို မြန်မာစစ်တပ် ဘက်ကနေပြီးတော့ မနက်(၁၁)နာရီ(၄၅)မိနစ်ကနေ နေ့လယ်(၁၂)နာရီ(၅)မိနစ် အထိပေါ့နော်အဲဒီမှာ တကြိမ် ရဟတ်ယာဉ်နဲ့လာပစ်တာရှိတယ်။ ရဟတ်ယာဉ်(၂)စီးနဲ့။ မြန်မာ ရေတပ်စစ်သင်္ဘော (၂)စီးပေါ့နော်။ အဲဒီရေယာဉ်(၂)စီးပေါ်ကနေ လက်နက်ကြီးပစ်ကူတွေနဲ့လာပြီးတော့ပစ်ခတ်တိုက်ခိုက် ခဲ့တာရှိ တယ်။ ကုလားတန်မြစ်တွင်းထဲကနေပြီးတော့။ အဲဒီရေတပ်စစ် သင်္ဘောတွေကို ကျွန်တော်တို့ဘက်ကလဲ ရော့ကက် တွေနဲ့နေပြီးတော့ ပြန်လှန်ပစ်ခတ်မှုတွေတော့ရှိတယ်ဗျ။

နောက်တနေရာကတော့ မင်းပြားမြို့နယ်သလူချောင်းရွာအနီးမှာရှိတဲ့ ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကို မြန်မာစစ် တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီမှာရန်သူဘက်ကထိခိုက်ကျဆုံးမှုတွေတော့ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ဘက်ကလဲဘဲ ဒဏ်ရာရသူတချို့ ရှိတယ်။”

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ပလက်ဝနဲ့ ကျောက်တော် မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားကြောင်း ပြောပါတယ်။

“တိုက်ပွဲကတော့ဆက်ပြီးဖြစ်နေတာပေါ့။ မီးဝစခန်းကို လာပြီးတော့ ပစ်တဲ့အတွက်ကြောင့်မို့လို့ ပြန်ပြီးတော့ ပစ်ခတ်မှုတွေတော့ရှိတယ်။ နောက်ဆုံးဆိုတော့ သူပစ်ကိုယ်ပစ် ချနေတုန်းဖြစ်တယ်။”

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်အတွင်း ဒီနေ့မနက်ကုလားတန်မြစ်ဘက်ကနေပစ်ခတ်မှုကြောင့် မျောက် တောင်ကျေးရွာက အမျိုးသမီးတဦး အနီးနားရွာတွေဖြစ်တဲ့ တောင်ဘွေရွာသစ်က မွတ်ဆလင်ကလေးငယ်(၃)ဦး ဒါးဖြူရွာက ရွာသားတဦးစုစုပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ မျောက်တောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှစိန် ကပြောပါတယ်။

“မနက်(၄)နာရီလောက်ကတကြိမ် ကျွန်တော်တို့ရွာဘက်ကိုနေပြီးပစ်တယ်။ ကျွန်တော်တို့ ကုလားတန်မြစ်ထဲလေ။ ကျောက်တော်ကတက်လာတယ်။ တက်လာပြီးတော့ ကျွန်တော်တို့ရွာထဲကို ရွယ်ပြီး ပစ်တယ်။ အဲတာမနက်(၁၀) နာရီလောက်ကပြန်ဆင်းလာတယ်။ ပြန်ဆင်းလာ ပြီးတော့ကျွန်တော်တို့ရွာထိပ်ပေါက်ကို စေတီရှိတဲ့နေရာ။ အဲဒီ နေရာဘက်ကိုလဲပစ်တယ်။ ကလေးမတယောက်ဒီ။ ဒဏ်ရာကတော့အိမ်မှာပေါ့။ တိုင်မှာလက်နက်ကြီးကျည်ထိပြီး တော့ အစပွင့်တာ။ အဲဒီကလေးမလေးကအိမ်အောက်မှာ။ အိမ်မှာပေါက်ပြီး ကျလာတာ။ အခုဆေးရုံကိုပို့သွား တယ်ခင်ဗျာ အခု။ ကျောက်တော်ဆေးရုံမှာခင်ဗျ။ ဒါးဖြူရွာမှာက ဒီလူနာကတော့တယောက်ဘဲ ကျတယ်ဗျ။ ဒီအဖိုးကြီး ဒဏ်ရာတော့သိပ်မပြင်းဘူး။ တောင်ဘွေကျေးရွာသစ်လို့ခေါ်တယ်။ ကျွန်တော်တို့ရွာနဲ့ တောင်ဘွေနဲ့ တဘက်တကမ်း။ ဒီထဲမှာတခေါက်ပစ်တယ်။ မွတ်ဆလင်(၃) ယောက် နေ့လယ်ပိုင်းက ကျောက်တော် ဆင်းသွားတယ်။ တယောက်တော့သေမှာ။ အဲတာလဲတောင်ဘွေ အုပ်စုထဲမှာပါ။ မွတ်ဆလင်တွေ။ စုစုပေါင်းဆိုရင် (၅)ယောက်။ မျောက်တောင်တယောက်။ ဒါးဖြူတယောက်။ အဲဒီမူဆလင်ရွာ(၃)ယောက်။ တိုက်ပွဲတော့ဖြစ် တယ် လို့မကြားလိုက်ဘူး။ ဘယ်လိုဆိုပြီး ပစ်တာလဲတော့ ကျွန်တော်လဲမသိဘူး။”

မျောက်တောင်ရွာရဲ့တဘက်ကမ်းတောင်ဘွေရွာသစ်ထဲ ဒီမနက်ပိုင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲ တာမှာ အသက်(၁၅)နှစ်အောက်မူဆလင်ကလေး(၃)ဦးထိခိုက်ဒဏ်ရာရသွားသလို တဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။

ဒေသခံတွေကတော့ တိုက်ပွဲမရှိဘဲ တပ်မတော်ရေတပ်က ပစ်ခတ်နေတယ်လို့ပြောဆိုနေသလို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ကုလားတန်မြစ်ကြောင်း တလျှောက် တိုက်ပွဲဖြစ်နေတယ်လို့ပြောပါတယ်။

“အဲဒီဘက်မှာလဲတိုက်ပွဲတော့ဖြစ်နေတာရှိတယ်။ ကျန်တာ ဒဏ်ရာ မှန်တာထိတာကိုတော့ ကျွန်တော်တော့ မကြား မိဘူး။ အဲဒီကုလားတန်မြစ်ကြောင်းတလျှောက်မှာ တိုက်ပွဲဖြစ်နေတာ မှန်တယ်။ ဒါဘဲပြောလို့ရတယ်။”

ဒီရက်ပိုင်းအတွင်းရသေ့တောင်မြို့နယ်ထဲမှာ ပစ်ခတ်မှုတွေကြောင့် ရွာပေါင်း(၂၀)က ရွာသားဦးရေ (၂၀၀၀)ခန့် ဟာ ဘူးသီးတောင်ြမို့နယ် သေကန်ခွဆုံရွာဘက်ကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ခွဆုံရွာ လူမှုကူညီရေး အဖွဲ့ဝင် မခင်စောအေးကပြောပါတယ်။

“ဟုတ် အခုတော်တော်များရောက်နေပါတယ်။ လက်နက်ကြီးသိပ်ပြီးပစ်တယ်။ ကြောက်ကြတယ်။ ရသေ့တောင် နယ် အုန်းချောင်း သမီးလှ ရက်ခုန်းတိုင် အိုးဖောက် ဇေယျာမြိုင် အခု(၂၀၀၀)ကျော်လို့ပြောတယ်။ အတိအကျ တော့မသိသေးဘူး။ ခန့်မှန်းခြေ (၂၀၀၀)ကျော်လောက်ရှိမယ်ထင်တယ်။ ဆွေမျိုးရှိတဲ့သူကရွာထဲမှာနေတယ်။ ဆွေမျိုးမရှိတဲ့သူက ဘုန်းကြီးကျောင်းမှာ နေတယ်။ အစားသောက်တွေက ရွာထဲက လူတွေ အကူညီပေးတယ်။”

ရသေ့တောင်မြို့နယ်ဘက်မှာ ဒီလဆန်းကစပြီး မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ တိုက်ပွဲပြင်း ထန်လာတာကြောင့် ခွဆုံရွာအပြင် ရသေ့တောင်မြို့ပေါ်နဲ့စေတီပြင် ကျေးရွာဘက်ကို စစ်ရှောင်အများအပြား ရောက်ရှိနေပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAတို့တနှစ်တာတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ရှောင်ဦးရေ (၁၀၆၀၀၀)ကျော် တိုးပွားလာနေပြီးဖြစ်ပါတယ်။


....

တိုက်ရိုက် လင့်ခ်


..........................


(Unicode)

















XS
SM
MD
LG